DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်း မြင့်တက်
DVB
·
August 14, 2013
ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်း မြင့်တက်
Donate to DVB

ပြည်ပနှင့်ပြည်တွင်းဈေးကွက်မှာ ၈၀ ရာခိုင်နှုန်းကျော် တင်ပို့မှုနှင့်စားသုံးမှုရှိနေတဲ့ ဧည့်မထဆန်ကြမ်းဈေးနှုန်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တအိတ်ကို ကျပ် ၁၀၀၀ နီးပါး မြင့်တက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ဆည်ရေနှင့်မိုးရေ ရရိမှု နည်းခဲ့တာကြောင့် စပါးထွက်ရှိမှုနည်းပြီး ဆန်ကြမ်းအထွက်က ကျဆင်းခဲ့တာကြောင့် အဲ့ဒီဒေသမှာ စားသုံးဖို့အတွက် ဆန်ကြမ်းအ၀ယ်ရှိနေလို့ ဆန်ဈေးနှုန်း မြင့်တက်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆန်ဈေးနှုန်းတက်တာက ယခင်နှစ် ဇူလိုင် ဩဂုတ်လဆိုရင် စစ်ကိုင်းတိုင်းဘက်က ဆန်ကြမ်းတွေ ပေါ်လို့ရှိရင် အဲဒီဆန်ကြမ်းဈေးကွက်က မြန်မာပြည် အလယ်ပိုင်း တော်တော်ပြန့်ပြန့်နှံ့နှံ့ရောက်တယ်။ ဒီနှစ်ကျတော့ စစ်ကိုင်းတိုင်းမှာ မိုးစပါး၊ နွေစပါးရော ဆည်ရေတွေ နည်းတာရယ်၊ မိုးရေရတာ နည်းတာကြောင့် စစ်ကိုင်းတိုင်းအလယ်ပိုင်းက ခါတိုင်းပေါ်နေတဲ့ ဇူလိုင် ဩဂုတ်လမှာ အရင်နှစ်ကထက် ဒီနှစ်လျော့သွားတယ်။ သူတို့ဘက်က ဖြစ်တဲ့ မိုးစပါး ရွှေဘို၊ ပေါ်ဆန်တို့က ဆန်တွေက ဈေးကောင်းတော့ အဲဒီဆန်တွေကို ထုတ်ရောင်းပြီးတော့ သူတို့က ဆန်ကြမ်းကို အောက်မြန်မာပြည်ဖြစ်တဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့က အရင်နှစ်က သူတို့ဆန် အောက်ပြန်ဆင်းတာ၊ အခုနှစ်က သူတို့ဆီက ဆန်ကြမ်း ပြန်ဝယ်စားရတယ်၊ ပြန်ဝယ်စားတဲ့ အတွက်လည်း အဲဒီဘက်ကဆန်ကြမ်းဟာ ၀ယ်လိုအား နည်းနည်း တက်တယ်။”

ဒါ့အပြင် ပြည်ပဈေးကွက်သို့ ဧည့်မထဆန်ကြမ်း ၂၅ မတ်ဆန် တင်ပို့မှုက ပြီးခဲ့နှစ်မှာဆိုရင် ဆန်တန်ချိန် ၁ ဒဿမ ၄ သန်းတင်ပို့မှုရှိခဲ့တာကြောင့် ပြည်တွင်းမှာ ဆန်ကြမ်းလက်ကျန်က အရင်နှစ်တွေထက် စာရင် လျော့ကျခဲ့တဲ့အတွက် ဆန်ကြမ်းဈေးနှုန်းက အခုလို မြင့်တက်ခဲ့ရတာလို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာ ဆန်လက်ကျန်က အရင်နှစ်တွေကလို မများဘူးဆိုပေမယ့် ပြည်တွင်းစားသုံးမှုအတွက် ဖူလုံမှုရှိတာကြောင့် စိုးရိမ်ပူပန်စရာမလိုဘူးလို့ ပြောပါတယ်။

ဆန်ကြမ်းဝယ်လိုအား မြင့်တက်ခဲ့ရတဲ့ အခြေအနေကို  ဦးအောင်သန်းဦးက “လက်ကျန်မများဘူးဆိုတာက စားလို့မလောက်တဲ့ အတိုင်းအတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာ ဈေးကွက်ရယ်၊ စားသုံးသူရယ် နှစ်မျိုးရှိတယ်။ စားဖို့သောက်ဖို့က ဆန်က အများကြီးရှိပါတယ်။ လက်ကျန်နည်းတဲ့ အခါကျတော့ တချို့ ဆန်လက်ဝယ် ရှိသူတွေက  သူတို့ပိုင်တဲ့ ဆန်တွေကို လက်ကျန်နည်းသွားတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး ဈေးတွေ ဆွဲတင်တာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က ဆန်ဈေးတွေ ဒီထက် တက်မသွားဖို့ ဆန်တင်ပို့သူတွေရယ်၊ ဆန်စပါး ကုန်သည်အသင်းနဲ့ ပေါင်းပြီး ညှိပြီးတော့ ဆန်တင်ပို့သူတွေမှာ ရှိနေတဲ့ ဈေးကွက်ထဲမှာ ၀ယ်လိုအားမြင့်လာတဲ့ ဆန်တွေကို ၀ိုင်ပြီးတော့ ချုပ်ထိန်းပေးတဲ့ သဘောပါ။

“ဒီလထဲမှာ ထူးခြားတာက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း ရေကြီးတာရယ်၊ ဒီပြင် နေရာမှာလည်း ပျက်စီးတဲ့ ကိန်းကဏန်းတွေဟာ တိတိကျကျ မသိတဲ့အခါကျတော့ တချို့ကလည်း အများကြီး ပျက်တယ်ဆိုပြီးတော့ စားသုံးသူဘက်ကလည်း စိုးရိမ်ပြီး ၀ယ်တာ ရှိတယ်။ နေ့စဉ်ဝယ်စားတဲ့လူကလည်း ဆန်ဈေးများ တက်မလားဆိုပြီးတော့ တလစာ နှစ်လစာ ကြိုဝယ်တာတွေရှိတယ်။ ရှိတဲ့အတွက်လည်း ပုံမှန်ဝယ်လိုအားထက် ရုတ်တရက် ၀ယ်လိုအားမြင့်သွားတာပေါ့။”

ပြည်တွင်းဈေးကွက်မှာ ဆန်ကြမ်ဈေးနှုန်းမြင့်တက်လာမှုကို ထိန်းသိမ်းရန်အတွက်လည်း ဆန်စပါးလုပ်ငန်းအသင်းအဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်နေပါတယ်။
ဈေးကွက်အတွင်းမှာ ၀ယ်လိုအားရှိနေတဲ့ ဧည့်မထဆန်ကြမ်း ၂၅ မတ်ဆန်တွေကို အသင်းအဖွဲ့က ဦးဆောင်ပြီး ဆန်အိတ်ရေ ၁ သိန်းလောက်နဲ့ နိုင်ငံတော်အရန်ဆန် ဆန်အိတ်ရေ ၄ သိန်းလောက်ကို ထုတ်ရောင်းပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခုလက်ရှိ ဈေးကွက်ထဲ နေ့စဉ် ဆန်အိတ်ရေ ၅၀၀၀ နဲ့ ၆၀၀၀ ကြား ရောင်းချပေးနေတဲ့အတွက် ဈေးနှုန်းက တအိတ်ကို ကျပ် ၂၀၀ လောက် ပြန်ကျလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်ဆန် ရောင်းဝယ်ရေး ဈေးကွက်အတွင်း ဆန်စီးဆင်းမှုက လက်ရှိ တနေ့ကို ဆန်အိတ်ရေ ၆ သောင်းလောက် ၀င်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်ဆန်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှာ ဧည့်မထဆန်ကြမ်း ၂၅ မတ်ဆန် တအိတ်ကို ကျပ် ၁၅၈၀၀ ကျပ် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013