DVB Logo
Home
မြန်မာသတင်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဗိုလ်ချုပ်လက်ရေးမူစာအုပ် ပြန်ပေးမည်
DVB
·
August 14, 2013
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဗိုလ်ချုပ်လက်ရေးမူစာအုပ် ပြန်ပေးမည်
Donate to DVB

အမျိုးသားလွှတ်တော်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မကွေးတိုင်း ရေနံချောင်းမြို့ အမှတ် (၁) အထက်တန်းကျောင်းကနေ ယူဆောင်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူစာအုပ်ကို ရက်ပိုင်းအတွင်း ပြန်လည်ပေးအပ်တော့မှာဖြစ်ပါတယ်။

ဦးခင်အောင်မြင့်ဟာ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့က ရေနံချောင်းအထက (၁) ကို မြို့ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရောက်ရှိလာပြီး ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀က ရေးသားခဲ့တဲ့ လက်ရေးမူစာအုပ်ကို နိုင်ငံတော်က ထိန်းသိမ်းမယ်ဆိုပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူထွန်းထံကနေ ယူဆောင်သွားတာပါ။

ပညာရေးဝန်ထမ်းတွေက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို မလွန်ဆန်ရဲလို့ ပေးအပ်လိုက်ကြပေမယ့် နိုင်ငံပိုင် သတင်းစာတွေမှာ ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမကြီးတို့က လှူဒါန်းလိုက်တယ် ဆိုတဲ့ သတင်းပါရှိခဲ့ပါတယ်။ ဒီနောက် စာအုပ်ပြန်လည်ရရှိရေးအတွက် မြို့ပေါ်က မြို့မိမြို့ဖတွေနဲ့ အဖွဲ့အစည်းအသီးသီးကို ကိုယ်စားပြု ၂၁ ဦးကော်မတီဖွဲ့စည်းပြီး တောင်းဆိုခဲ့ကြတာပါ။
ဦးခင်အောင်မြင့်က ရေနံချောင်းမြို့

နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ငြိမ်းကနေတဆင့် စာအုပ်ပြန်လည်ပေးအပ်မယ်ဆိုတာအကြောင်းကြားလာတယ်လို့ လက်ရေးမူစာအုပ်ပြန်ရရေး ၂၁ ဦး ကော်မတီရဲ့ဥက္ကဋ္ဌ ဦးသာချိုက ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ သန်ဘက်ခါ ၁၆ ရက်နေ့ကို ကျနော်တို့ ဒီက ၅ ယောက်သွားမယ်လေ။ သွားပြီးတော့ နေ့လယ် ၁၂ နာရီမှာ အမျိုးသားလွတ်တော် ထမင်းစားနားချိန်မှာ ကျနော်တို့ကို ခေါ်ပေးမယ်။ ဦးခင်အောင်မြင့်ကနေပြီးတော့၊ အဲဒီမှာ စာအုပ်ကိုယူပြီးတော့ ပြန်လာတဲ့အချိန်မှာ ရေနံချောင်းကနေ ခမ်းခမ်းနားနား ကြိုဆိုကြမယ်။ ဆရာတော် ဦးဆန္ဒာဓိက ဦးဆောင်ပြီးတော့ ကြိုမှာပါခင်ဗျ။”

စာအုပ်ကို ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတော်ဆောင်တွေနဲ့ မြို့မိမြို့ဖတွေကို အပ်နှံပေးမှာဖြစ်ပြီး သူတို့က ဆက်လက်ပြီး ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မယ်ဆိုတာ ဆုံးဖြတ်ကြလိမ့်မယ်လို့ ဆက်ပြောပါတယ်။

ဒီစာအုပ်စတင်ယူသွားစဉ်က ရေနံချောင်းဇာတိဖြစ်တဲ့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ကလည်း ဒီသမိုင်းဝင်စာအုပ်ကို အထက (၁) ကျောင်းမှာပဲ ဆက်လက်ထားရှိစေလိုတယ်လို့ မိန့်ကြားခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို ဇူလိုင် ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို သွားရောက်တွေ့ဆုံခဲ့ပြီးတဲ့နောက် ဒီစာအုပ်ကို   တန်ဖိုးထားသူတွေချင်း နားလည်မှု မလွဲကြဖို့ မီဒီယာကနေတဆင့် ပြောဆိုခဲ့ပါတယ်။

ဒီစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူ စစ်မစစ် မသေချာဘူးလို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဦးသာချိုက သူတို့အနေနဲ့ လက်ရေးမူအစစ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ဒေါ်စုဆီရှိတဲ့လက်ရေးက လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က လက်ရေးဆိုတဲ့အခါကျတော့ လက်ရေး ပြောင်းသွားနိုင်တယ်ပေါ့လေ။ ဒီစာအုပ်က ကျနော်တို့ ရေနံချောင်းသူ၊ ရေနံချောင်းသားတွေအားလုံးက သိထားတာကတော့ ဒီစာအုပ်က ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာအုပ်အစစ်ပါ” လို့ ပြောပါတယ်။

ဒီစာအုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းနေတုန်းက သူငယ်ချင်း ဦးဖိုးခက်ကို သူ့မှာ ပေးစရာလက်ဆောင် ရွှေငွေ မရှိကြောင်းနဲ့ လက်ဆောင်အဖြစ် ၁၉၉၃ ခုနှစ်က ရန်ကုန်တက္ကသိုလ်တက်ရောက်စဉ် ပါဠိဘာသာ အတန်းတက်စဉ်မှာ အင်္ဂလိပ်ဘာသာနဲ့ လိုက်မှတ်ထားတဲ့ လက်ရေးမူရင်းနဲ့ စာအုပ်ကို လက်ဆောင်ပေးခဲ့တယ်လို့ အဲဒီစာအုပ်ကို ထိန်းသိမ်းတဲ့ ရေနံချောင်းအထက (၁) ကျောင်းက အကျိုးတော်ဆောင် ဦးကျော်ဆန်းဦးက ပြောပြပါတယ်။

အဲဒီစာအုပ်ကို ဦးဖိုးခက်က ရေနံချောင်းမြို့က စာရေးဆရာ သတင်းထောက် ဦးဘဖေကို သင့်တော်တဲ့နေရာကို လှူပေးဖို့ အပ်နှံပါတယ်။ ဦးဘဖေက ဒီစာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်း နေခဲ့တဲ့ အမျိုးသားအထက်တန်းကျောင်း (ယခု မူလတန်းကျောင်း) ကို လှူဒါန်းဖို့ ဖြစ်ပေမယ့် ကျောင်းက သေးငယ်တဲ့အတွက် အစိုးရအထက်တန်းကျောင်း အမှတ် (၁) ကို အပ်နှံခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013