DVB Logo
Home
မြန်မာသတင်း
မွတ်စလင် ဒုက္ခသည်များကို ကုလကိုယ်စားလှယ် တွေ့ဆုံ
DVB
·
August 13, 2013
မွတ်စလင် ဒုက္ခသည်များကို ကုလကိုယ်စားလှယ် တွေ့ဆုံ
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေကိုရောက်ရှိနေတဲ့  ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဟာ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ရွှေကျောင်းဆရာတော်၊ တာဝန်ရှိသူတွေနဲ့ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_20624" align="alignright" width="300" caption="မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား"][/caption]

မစ္စတာကင်တားနားဟာ ရခိုင်ပြည်နယ် ခရီးစဉ် ဒုတိယနေ့ ဩဂုတ် ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြတာလို့ ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။ ဒါပေမယ့် ဒီတွေ့ဆုံပွဲမှာ ဘာတွေ ဆွေးနွေးသလဲဆိုတာကိုတော့ သူကပြောဆိုခြင်းမရှိပါဘူး။

လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တာနားဟာ စစ်တွေမြို့ပေါ်က မွတ်စလင်တွေနေထိုင်တဲ့ နေရာတွေ၊ မီးလောင်တဲ့ နေရာတွေနဲ့ ဗလီတွေကိုလည်း  ဒီကနေ့ သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်တွေမြို့ခံ မွတ်စလင်တဦးက ပြောပါတယ်။

“တခြား ထွေထွေထူးထူးတော့ ဘာမှကို မပြောဘူး။ ကျနော်တို့ အောင်မင်္ဂလာရွာထဲက ဗလီမှာတော့ ၃ မိနစ်လောက် ၀င်ထိုင်သွားတယ်။ နောက် အောင်မင်္ဂလာရွာထိပ်မှာ ဗလီတလုံးရှိတယ်။ အဲဒီဗလီကျတော့ နှစ်မိနစ်လောက် ၀င်တယ်။ ၀င်ပြီးတော့ ဘာမှမပြောဘူး၊ လူကြီးတွေနဲ့ လက်တွဲနှုတ်ဆက်တယ်။ ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်းပဲလာဆိုပြီးတော့ ဒီအတိုင်းပဲ နှုတ်ဆက်သွားတယ်။”

ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်ကတော့ ရခိုင်တိုင်းရင်းသား ကိုယ်စားပြုပါတီနဲ့  အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ခြင်း မရှိခဲ့တဲ့အတွက် ကင်တားနားရဲ့ ခရီးစဉ်ဟာ တဖက်သတ်ဆန်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“သူဟာ ဟိုဘက်အုပ်စုရဲ့ lobby အလုပ်ခံရတဲ့ပုံသဏ္ဌာန်မျိုးပဲ။ ဘာဖြစ်လို့လဲဆိုတော့ လာတဲ့အချိန်တိုင်းကို အဖြစ်အပျက် နှစ်ခုဖြစ်တဲ့အပိုင်းမှာ အဖြစ်အပျက်တခုကိုပဲ ဘက်လိုက်ပြီးရင် သူက အမြဲတမ်း အခု  ၇ ကြိမ်ရှိသွားပြီ။ အဖြစ်အပျက် တခုပဲ သူကလုပ်တယ်။ တခြားအဖွဲ့အတွက် သူက လုံးဝ လှည့်မကြည့်တဲ့၊ လုံးဝ စုံစမ်းမေးမြန်းမှု မလုပ်တဲ့ အပိုင်းဆိုတော့ အဲဒါတွေကို လေ့လာကြည့်ခြင်းအားဖြင့် ဟိုဘက်အဖွဲ့အတွက် သူက အဓိက lobby လုပ်နေတဲ့ လူတယောက်လို့ပဲ ကျနော်တို့ အနေနဲ့ သုံးသပ်မိတာပေါ့။ တခါတခါပြောရမယ်ဆိုရင် ကုလသမဂ္ဂက လွှတ်လိုက်တဲ့လူမှ ဟုတ်ရဲ့လား၊ အိုအိုင်စီ (အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေး) အဖွဲ့ဝင်တွေက လွှတ်လိုက်တဲ့ လူများလားဆိုပြီး ဒီမှာ မေးခွန်းထုတ်ရတဲ့ အဆင့်အထိ ဖြစ်သွားတယ်၊ သူရဲ့ လုပ်ဆောင်မှု အပိုင်းတွေမှာ။”

မစ္စတာ ကင်တားနား စစ်တွေမြို့ကို မနေ့က ရောက်ရှိလာစဉ်မှာ  မြို့ခံ ရခိုင်တိုင်း၇င်းသားတွေက ဆန္ဒပြခဲ့သလို သူသွားတဲ့နေရာတွေမှာလည်း ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မစ္စတာ ကင်တာနားဟာ စစ်တွေကနေ မွန်းလွဲပိုင်းမှာ ရန်ကုန်ကို ပြန်လည်ထွက်ခွာလာပြီးတော့ ရန်ကုန်မှာတော့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ လူမှုရေး အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ကင်တာနားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ဩဂုတ် ၁၁ ရက်ကနေ ၂၁ ရက်နေ့ အထိ ၁၁ ရက်ကြာမြင့်မှာဖြစ်ပြီး ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်နဲ့ မိတ္ထီလာတို့ကို သွားရောက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013