
မြန်မာရုပ်ရှင်ကား ၂ ကားဖြစ်တဲ့ “မီ” နဲ့ “သူစိမ်းအိမ်”ရုပ်ရှင်တွေကို လာအိုနိုင်ငံမှာ ကျင်းပမယ့် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ လွမ်ပရာဗန်ရုပ်ရှင်ပွဲတော် Luang Prabang Film Festival မှာ ပြသဖို့ ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး သူစိမ်းအိမ်ရုပ်ရှင်ရဲ့ ဖန်တီးရှင် လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် နိုဝင်ဘာ ၂၁ ရက်က ခုလို ရေးသားမျှဝေထားခဲ့တာ ဖြစ်ပါတယ်။
“ပျော်စရာ သတင်းကောင်းတခု ဝေမျှချင်ပါတယ်။ ကျနော် ရိုက်ကူးတဲ့ ‘သူစိမ်းအိမ်’ ရုပ်ရှင်ဇာတ်ကားနဲ့ ကိုဏကြီး ရိုက်ကူးတဲ့ ‘မီ’ ရုပ်ရှင်ဇာတ်ကားတို့ဟာ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် လွမ်ပရာဗန်ရုပ်ရှင်ပွဲတော် Luang Prabang Film Festival မှာ ပါဝင်ပြသဖို့ ရွေးချယ်ခံရပါတယ်”
အဆိုပါ ရုပ်ရှင်ပွဲတော်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေက ရုပ်ရှင်ဇာတ်ကား ၂၄ ကား ပါဝင်မှာဖြစ်ပြီး အခုနှစ်ကတော့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် အွန်လိုင်း ရုပ်ရှင်ပွဲတော် အနေနဲ့ ကျင်းပသွားမယ်လို့ ဆိုပါတယ်။
“မီ”ရုပ်ရှင်ကားကတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူး ထားတာဖြစ်ပြီး Victoria Film Production က တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည်ရခက်တဲ့ မီ ဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောကျ်ားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့စိတ် တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသားတယောက်အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီခေတ်ကလို အပြင်အဆင်တွေ၊ အထူးပြုလုပ်မှုတွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီ နေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
“မီ” ရုပ်ရှင်ကားဟာ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ပေမယ့် အာဆီယံ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်နဲ့ ထူးချွန်ဆု (Asean International Film Festival & Awards–AIFFA) ဆန်ခါတင်စာရင်းမှာ အကောင်းဆုံးဇာတ်ကားဆု၊ ဓာတ်ပုံဆုနဲ့ အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုတွေအတွက် ဆု ၃ ဆုနဲ့ ဆန်ခါတင်စာရင်း ပါဝင်ခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
သိပ်မကြာခင်ကလည်း မီရုပ်ရှင်ဟာ ယူကေနိုင်ငံ၊ ဝေးလ်စ်မှာ ကျင်းပမယ့် Cardiff International Film Festival နဲ့ စပိန်နိုင်ငံ၊ Lleida မြို့မှာ ကျင်းပမယ့် Lleida Visual Art ရုပ်ရှင်ပွဲတော် ၂ ခုမှာ Official Selection အနေနဲ့ ပြသဖို့ ရွေးချယ်ခံခဲ့ရပါသေးတယ်။
Good Old Days ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ခမ်းမွန်ရဲ့ ဇာတ်ညွှန်းကို လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးပုံဖော်ခဲ့တဲ့ ‘သူစိမ်းအိမ်’ကတော့ သာမန် မြင်တွေ့နေကျမဟုတ်တဲ့ အလှည့်အပြောင်း ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ပရိသတ်တွေ အားပေးမှု ရရှိခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်းတွေနဲ့ ဘာတွေများ ဆက်ဖြစ်လာမလဲရယ်လို့ ရင်တထိတ်ထိတ်နဲ့ ပုံဖော်ထားခဲ့တဲ့ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသမီး ဖွေးဖွေး၊ လူမင်း၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်တို့နဲ့အတူ လူငယ်သရုပ်ဆောင်သစ် တွေဖြစ်ကြတဲ့ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီကားဟာ အာရှဒေသတွင်း အနုပညာထူးချွန်ဆုပေးပွဲတခုဖြစ်တဲ့ Asian Academy Creative Awards ရဲ့ နိုင်ငံအလိုက် National Winners ဆုရ ဆန်ခါတင်စာရင်းမှာ အကောင်းဆုံးဇာတ်ကား၊ ဒါရိုက်တာနဲ့ ဇာတ်ပို့အမျိုးသမီးသရုပ်ဆောင်ဆု ၃ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ‘မီ’ နဲ့ ‘သူစိမ်းအိမ်’ ရုပ်ရှင်တွေ ပါဝင်တဲ့ လွမ်ပရာဗန်ရုပ်ရှင်ပွဲတော် Luang Prabang Film Festival ကို လာအိုနိုင်ငံမှာ လာမယ့် ဒီဇင်ဘာ ၄ ရက်က နေ ၁၀ ရက်နေ့အတွင်း ကျင်းပတော့မှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေကို အွန်လိုင်းမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။










