DVB Logo
Home
မြန်မာသတင်း
မီဒီယာဥပဒေမူကြမ်းကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး
DVB
·
August 13, 2013
မီဒီယာဥပဒေမူကြမ်းကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး
Donate to DVB

လွှတ်တော်ကိုတင်သွင်းမယ့်  သတင်းမီဒီယာဥပဒေကြမ်းကို  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်အမတ်တွေဆီက ထောက်ခံမှုရရှိအောင် ကြိုးစားတဲ့အနေနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) က ဒီနေ့ မွန်းလွဲပိုင်းမှာ  အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုလို တွေ့ဆုံရာမှာ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေမူကြမ်းကို  လွှတ်တော်ထဲမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်တွေက ပါဝင်ဆွေးနွေးထောက်ခံပေးဖို့ အဓိကထား ရှင်းပြခဲ့တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့  အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

“စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တယ်။ နောက်တခါ ပြန်ကြားရေးနဲ့ ကျနော်တို့ ဖြစ်ခဲ့တဲ့ အယူအဆ အခြေအနေလေးတွေ အားလုံး ရှင်းပြတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကို နောက်တင်မယ့် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး တတ်နိုင်သလောက် သူတို့ဘက်ကလည်း ဆေးနွေးပေးမယ်ဆိုတာမျိုးတော့ ပြောပါတယ်။ ကျနော်တို့ နောက်ထပ်တင်မယ့် မီဒီယာ ဥပဒေ ပေါ့နော် လွှတ်တော်ထဲ ရောက်တဲ့အခါမှာ အမျိုးသားလွှတ်တော်ပဲ ဖြစ်ဖြစ်၊ ပြည်သူ့လွှတ်တော်မှာပဲ ဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ဆွေးနွေးပေးဖို့အတွက် ကျနော်တို့က တွေ့တာပေါ့။ ကျနော်တို့ကို လာတွေ့တဲ့ လူတွေအားလုံးကလည်း ကျေနပ်အားရပါတယ်။ ဥပဒေအတွက်လည်း ကျနော်တို့ တော်တော် များများ ယုံကြည်မှုရှိပါတယ်။”

အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း  အသစ်တင်သွင်းမယ့် သတင်းမီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်တဲ့အခြေအနေ၊ စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့  ပြန်ကြားရေ၀န်ကြီးဌာနတို့အကြား လက်ရှိဖြစ်နေတဲ့ သဘောထားကွဲလွဲမှုတွေကို မေးမြန်းခဲ့တယ်လို့သိရပါတယ်။

စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တွေဟာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ရေးရာကော်မတီ တာဝန်ရှိသူတွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက “နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ့် ကိစ္စတွေဆိုရင် ကျနော်တို့ အားလုံး ၀ိုင်းပြီး ဆောင်ရွက်ပေးမယ်ဆိုပြီး လွှတ်တော် ဥက္ကဋ္ဌကြီးကလည်းပဲ အဲဒီအတိုင်းပဲ ပြောပါတယ်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးပေါ့။ သူတို့အနေနဲ့လည်း သူတို့ လိုလားတဲ့ အချက်တင်ပြတာပေါ့။ ကျနော်တို့ လွှတ်တော် အပိုင်းနဲ့ကတော့ သူရ ဦးအေးမြင့်တို ကော်မတီကနေပြီးတော့ သူတို့မတည်ပြီး ဆွေးနွေးပါလိမ့်မယ်။ သူတို့လည်း နိုင်ငံနဲ့ ပြည်သူအတွက်ကို စေတနာရှိပါတယ်လို့ ကျနော်ယူဆပါတယ်။ သူတို့ရဲ့ အခြေအနေလေးတွေ သူတို့လာရှင်းတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကတော့ သတင်းမီဒီယာ ဥပဒေကြမ်းဟာ လွှတ်တော်ထဲမှာ  အခြေအတင် ဆွေးနွေးရဖွယ်ရှိတယ်လို့ ပြောပါတယ်။

“အခုဘယ်သူက ဘယ်လို အဆိုတင်မလဲ၊ လွှတ်တော် ကိုယ်စားလှယ်တယောက်ကို ချဉ်းကပ်ပြီး ဒီအဆိုကို တင်သွင်းခိုင်း ရမယ်လေ။ ကျနော်ဘာသာ ကျနော် လေ့လာထားတာကတော့ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူးဆိုတာတွေ ကျနော် မြင်ပါတယ်။ အဲဒါတွေကို လွှတ်တော်ထဲမှာ debate (အချေအတင်ဆွေးနွေး) တဲ့အခါ ဘယ်ဟာကောင်းတယ်၊ မကောင်းဘူးဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေက မညံ့ကြပါဘူးဗျာ။ ဒီဟာကို ဆွေးနွေးကြမှာပါ။ ”

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ စာနယ်ဇင်းကောင်စီက ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပေဒေမူကြမ်းပါ အချက် ၁၇ ချက်နဲ့ ပက်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ကြားမှာ  သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတာပါ။

ဒီပြဿနာတွေကြောင့် ဥပဒေကြမ်းဟာ အခုထိ တရားဝင် လွှတ်တော်ကို တင်သွင်းနိုင် ခြင်းမရှိသေးပဲ အချို့သော အမတ်တွေကသာ  ဒီဥပဒေကြမ်းကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

ဩဂုတ် ၁၂ ရက်နေ့ကလည်း စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေး ၀န်ကြီးဌာနတို့ ဒိကိစ္စဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရဘဲ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အတွက်ပဲ သဘောတူညီမှု ရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013