DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်ပဋိပက္ခကြောင့် အရပ်သားသေဆုံးမှု ယမန်နှစ်ကထက် ၇၀ ရာခိုင်နှုန်းမြင့်တက်
DVB
·
November 23, 2020
လက်နက်ကိုင်ပဋိပက္ခကြောင့် အရပ်သားသေဆုံးမှု ယမန်နှစ်ကထက် ၇၀ ရာခိုင်နှုန်းမြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုဟာ ၂၀၂၀ ပြည့်နှစ်မှာ အရင်နှစ်ကထက် ၇၀ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုကနေ သိရပါတယ်။ 

၂၀၂၀ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူ အရပ်သား အနည်းဆုံး ၂၇၆ ဦးနဲ့ ဒဏ်ရာရရှိသူအရပ်သား အနည်းဆုံး ၅၈၄ ဦး ရှိခဲ့တယ်လို့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံးဖြစ်ခဲ့တာကတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာဖြစ်ပါတယ်။

အခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေကို လေ့လာကြည့်ရင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်သေဆုံးတာတွေရှိသလို၊ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်တာ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တွေကြောင့်လည်း အရပ်သား အများအပြား ထိခိုက်နစ်နာရတယ်လို့ ဆိုပါတယ်။

အငြိမ်းစား တပ်မတော် အရာရှိတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ လက်နက်ကိုင်ပဋိပက္ခတွေမှာ အရပ်သားသေဆုံးတဲ့နှုန်း မြင့်တက်လာတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေက အရပ်သားတွေအကြားမှာ  ပြောက်ကျားစနစ်ကို သုံးပြီး တပ်မတော်ကို ရင်ဆိုင်တာကြောင့်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

MIPS ရဲ့ သုတေသနတွေအရ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေများပြားခဲ့ပြီး နှစ်လယ်ပိုင်းမှာ ထိတွေ့မှုလျော့နည်းခဲ့တယ်လို့သိရပါတယ်။

ရွေးကောက်ပွဲ အကြိုကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ တိုက်ပွဲဖြစ်ပွားတဲ့နှုန်း ပြန်မြင့်လာတာတွေ့ရပြီး  ရွေးကောက်ပွဲကာလမှာတော့ တိုက်ပွဲတွေ လုံးဝ ရပ်ဆိုင်းခဲ့တာတွေ့ရတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013