DVB Logo
Home
Lead Story
ဗန်းမော်ညိုနွဲ့ ၁၁ နှစ်မြောက် ကဗျာများ
DVB
·
November 23, 2020
ဗန်းမော်ညိုနွဲ့ ၁၁ နှစ်မြောက် ကဗျာများ
1 / 7
Donate to DVB

ဗန်းမော်ညိုနွဲ့၊ ထွက်သွားခဲ့တာ

နှစ်မှာ ၁၁ ၊  ကြာပြီဖြစ်လည်း

မေ့နိုင်ပဲလေ ၊ တမ်းတနေကြ

သတိရဆဲ မဟုတ်လော။

လက်ဖက်ရည်ကြမ်းဝိုင်း ၊ မြင်နေတိုင်းမှာ

အတိုင်းမသိ ၊ သူ၏ကဗျာ

ဆုံးမစာများ၊ ပညာယူမြဲ

ခေတ်မှီဆဲပင် မဟုတ်လော။ ။ 

မောင်တူး  

အထက်တန်းသင်ရိုးပါ ပြဋ္ဌာန်းကဗျာ လက်ဖက်ရည်ကြမ်းဝိုင်းရဲ့ ပိုင်ရှင် ဗန်းမော်ညိုနွဲ့၊ စာပေဗိမာန်စာပေဆုရ စာရေးဆရာ ကဗျာဆရာ ဗန်းမော်ညိုနွဲ့၊ ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့သူ ဆရာကြီးဗန်မော်ညိုနွဲ့ ကျွန်တော်တို့ကို ခွဲခွာသွားတာ ၁၁ နှစ်ရှိပါပြီ။ 

ကွယ်လွန်ချိန်မှာ ဆရာကြီး ဗန်းမော်ညိုနွဲ့ဟာ အသက် ၈၈ နှစ် ရှိပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာပဲ သူနေထိုင်ရာ (မွေးဖွားခဲ့ ရာ) ဗန်းမော်မြို့မှာ ကွယ်လွန်ခဲ့တာပါ။  သူ့ကို ၁၉၂၂ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဦးစုနဲ့ ဒေါ်ရင်တို့က ဗန်းမော်မြို့မှာ မွေးခဲ့ပြီး မွေးချင်း ၅ ဦးအနက် အငယ်ဆုံးသား ဖြစ်ပါတယ်။ 

သူဟာ ၁၉၃၉ မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်း ဆရာအတတ်သင်ကို တက်ရောက်ခဲ့ပြီး ၁၉၄၀ မှာ ဇာတိဗန်းမော်မြို့မှာ ကျောင်းဆရာအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ မြို့ခံတွေကြားမှာ ဆရာဦးပုထွေးလို့ လူသိများခဲ့ပါတယ်။ သူရဲ့ လက်ဖက်ရည်ကြမ်းဝိုင်းကဗျာကို ကျောင်းသုံး ကဗျာသင်ရိုးမှာ ထည့်သွင်း ပြဋ္ဌားန်းထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပထမဆုံး ကဗျာကတော့ “မြို့ဗန်းမော်” ကဗျာ ဖြစ်ပါတယ်။

“မြို့ဗန်းမော်”

ညို့ညို့မှိုင်း ၊ တောင်တိုင်းရယ်တဲ့ မှုန်ပြာရီ။

မြို့ဗန်းမော် တနယ်ကျေးကို ၊ ဆေးကမမှီ ။

အညာဆီ ၊ နာမည်ကွဲ့ ကျော်ကြား။

ရေဇလာ ဧရာကမ်းမှာ -

လွမ်းဖို့ထွေပြား ။ ။

မောင်ပုထွေး ၊ အဋ္ဌမတန်း ၊ အေဘီအမ် ကချင်ဟိုက်စကူး ဗန်းမော် အမည်ဖြင့် ၁၉၃၀ ခု ဒဂုန်မဂ္ဂဇင်း၌ ပထမဆုံး စတင်ရေးသော ကဗျာ။ ရေးနေ့ - ဖေဖော်ဝါရီ ၂၇ ရက် (ငယ်မူလက်ရာ)

“ကွယ်လွန်သူတို့ကို ကျွန်ုပ်တို့ မမေ့သေးသမျှ

သူတို့ဟာ ကွယ်လွန်သည် မဟုတ်သေးပေ။”

(ဂျော့အဲလီးယော့) 

သေဆုံးပြီး နှစ်ပေါင်းများစွာ ကြာတောင် မေ့မရသူတွေ အများအပြားပါ။ ဒီအထဲမှာ ဗန်းမော်ညိုနွဲ့ကိုတော့ ကျောင်းဆရာတဦးအနေနဲ့ တပည့်တွေက သတိရသလို စာရေးဆရာ ကဗျာဆရာတဦးအနေနဲ့ ကျွန်တော်တို့ သတိရကြပါတယ်။ အဓိက က ကဗျာဆရာကြီး အဖြစ်နဲ့ အောက်မေ့ တသနေမိတာပါ။ အထူးသဖြင့် ၁၀ တန်းမှာ သင်ခဲ့ရပြီး အလွတ်ကျက် သဘောကျခဲ့ရတဲ့ “လက်ဖက်ရည်ကြမ်းဝိုင်း” ကဗျာ ဖြစ်ပါတယ်။

“လက်ဖက်ရည်ကြမ်းဝိုင်း”

လရောင်ဆမ်း၍

ရွာလမ်းမြေမာ၊ ဝင်းဝင်းဝါ၏။

အုန်းထန်းပေလက်၊ တမာရွက်တို့

ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။

တရံတခါ ၊ လေအလာတွင်

ရွာလယ်ပေါင်းကူး ၊ တံတားဦးမှ

ဆိတ်ဖလူးနံ့ ၊ ရွာလုံးပျံ့၏။

သူကြီးအိမ်မြောက် ၊ ရွာသားဆောက်သည့်

ကွန်းထောက်ခိုရာ ၊ ကွပ်ပျစ်သာတွင်

ရွာမှသက်ကျား ၊ ရွယ်အိုများတို့

စကားဆိုမြည် ၊ ဝိုင်းကြီးစည်၏။

ဝိုင်းလယ်ခေါင်ဗွေ ၊ ကရွတ်ခွေတွင်

မြေကရားအိုး ၊ နှုတ်သီးကျိုးနှင့်။

ညှိတက်ဟောင်းနွမ်း ၊ သံလင်ပန်းဝယ်

အကြမ်းပန်းကန် ၊ နှုတ်သီးလန်နှင့်။

ဆေးသားမပီ ၊ ယွန်းဗျပ်နီ၌

ရှမ်းပြည်မြေပဲ ၊ ထန်းလျက်ခဲနှင့်။

ဤနေရာသည်

ရွာ၏အရေး ၊ ရှေ့နောက်တွေးလျက်

ဆွေးနွေးကြရာ ၊ ဘုံရိပ်သာတည့်။

ဤနေရာသည်

သူငါတို့စမ်း ၊ ဟာသခန်းဖြင့်

ကျွမ်းဝင်ကြရာ ၊ ဘုံရိပ်သာတည့်။

ဤနေရာသည်

ပညာစောကြော၊ တုံ့လှယ်ပြော၍

နှီးနှောကြရာ ၊ ဘုံရိပ်သာတည့်။

လက်ဖက်ရည်ကြမ်း ၊ တလင်ပန်းဖြင့်

စိတ်ဝမ်းလက်ညီ ၊ ရွာသစ်တည်ကာ

ကျီသစ်ပုံသွင်း ၊ အားနှင့်ရင်း၍

ဖန်းဆင်းခဲ့ကြဘူးလေပြီ။   

(ဗန်းမော်ညိုနွဲ့)



 

 

သူဟာ ၁၉၆၃ ခုနှစ်မှာ “အရုဏ်ဦး ကလေးကဗျာများ” စာအုပ်နဲ့ စာ‌ပေဗိမာန် အနုပညာ စာပေဆိုင်ရာ ကလေးသူငယ်စာပေ ပထမဆုကို ရရှိခဲ့တယ်။ စစ်ကြိုခေတ်၊ စစ်တွင်းကာလ၊ စစ်ပြီးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်အဆက်ဆက်ကနေ နိုင်ငံရေးမှာ ကွယ်လွန်ချိန်တိုင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူပါ။ 

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ပြီး ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ဗန်မော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အရွေးခံ အနိုင်ရရှိခဲ့သူပါ။ ဒါကြောင့် သူ့ကို စစ်အစိုးရက ကဗျာရေးခွင့် တသက်လုံး ပိတ်ထားခဲ့ပါတယ်။

 

“ခွင့်တူညီမျှ”

သူ ဆည်းကပ်ရာ သူ့ဘာသာကို

သူ့မှာစော်ကား၊ မထိပါးနှင့်။

သူတတ်မြောက်ရာ၊ သူ့ပညာကို

သူ့မှာ စော်ကား၊ မထိပါးနှင့်။

သူမြတ်နိုးရာ၊ သူ့မြေတာကို

သူ့မှာစော်ကား၊ မထိပါးနှင့်

ကိုယ်နှင့် နှိုင်းယှဉ်၊ သူ့ကိုခင်၍

ကျွမ်းဝင် လေးမြတ်၊ နူးအညွတ်သည်

ခွင့်လွှတ်တတ်စေ၊ ချစ်တတ်စေ။ ။

(ဗန်းမော်ညိုနွဲ့) 

စိတ်ကူးချိုချိုက ထုတ်ဝေတဲ့ သူ၏ “အရုဏ်ဦး ကလေးကဗျာများ” စာအုပ်မှ

သူဟာ ၂၀၀၇ သံဃာတော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးမှာလည်း NLD အဖွဲ့ချုပ်ဝင်တွေနဲ့အတူ သံဃာတော်တွေကို ထောက်ခံ ပံ့ပိုးခဲ့တာကြောင့် စစ်အစိုးရရဲ့ ဖမ်းဆီးတာကို အသက် ၈၅ နှစ်အရွယ် ဘဝမှာတောင် ခံခဲ့ရသူပါ။ 

ကွယ်လွန်ချိန်အထိ ဗန်းမော်ညိုနွဲ့ ကလောင်နဲ့ စာရေးခွင့် ပိတ်ထားခံခဲ့ရပေမယ့် အသံလွှင့်ဌာနတွေကတဆင့် မကွယ်လွန်ခင် ကာလတခုအထိ ကဗျာတွေရွတ် လှုံ့ဆော်ခဲ့သူပါဗျာ။ အခုအခါ ဗန်းမော်မြို့မှာ သူ့ရဲ့ ရုပ်တုကို ထုလုပ်ထားရှိပြီးပါပြီ။ သူဟာ စာပေမိခင်ကြီး လူထုဒေါ်အမာအတွက် ကဗျာတပုဒ်ကို ပိတ်ပင်ထားခံရချိန်တွင်းမှာ ရေးစပ်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီကဗျာဟာ ပုံနှိပ် ဖော်ပြမခံခဲ့ရပါဘူး။

"အမေ့ဘဝ ငွေလမင်း"

သည်လောကသည်

တက်ချီကျချည် ၊ စက်ဝန်းလည်မြဲ

သည်စက်ဝန်းသွား ၊ မောင်းလက်ကြား၌

ဓားသွားမငြိ ၊ အထိမခံ

အမှန်ဖက်နေ ၊ ရှာဖွေအမှန်တရား

ရုန်းသွားတိုးဝေ့ ၊တရွေ့ရွေ့သော

အမေ့ဘဝ ၊ အရိပ်မြ၌

ယုယပိုက်ဖြား ၊ စုစည်းအားဖြင့်

သားတို့ဝန်းလှည့် ရှိပါကြောင်း။ ။

(ဗန်းမော်ညိုနွဲ့)

(မောင်စွမ်းရည် ညွှန်းပေးသည်)

(၈၁ နှစ်မြောက် အမေ လူထုဒေါ်အမာမွေးနေ့)

၂၉ အောက်တိုဘာ ၁၉၉၆



 

သူဟာ ဗန်းမော်မြို့ အ.ထ.က (၁) အထက်တန်းပြ ဆရာကနေ ၁၉၈၂ နှစ် ပင်စင်ယူခဲ့ပါတယ်။ မြန်မာမှု၊ မြန်မာ့စရိုက်၊ မြန်မာ့ဓလေ့၊ ဇာတိမာန်စာပေနဲ့ မြန်မာ့ကျေးလက်ရိုးရာ ယဉ်ကျေးမှု အခြေခံကဗျာ ပုဒ်ရေ  ၁၀၀၀ ကျော်၊ ဆောင်းပါး  ၃၀ ကျော်၊ ဝတ္ထုတို ၂၀ ကျော် ရေးသားခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်တွင် “အရုဏ်ဦး ကလေးကဗျာများ” စာအုပ်နဲ့ စာပေဗိမာန် အနုပညာဆိုင်ရာ ကလေးသူငယ် စာပေ ပထမဆု ရရှိခဲ့သူပါ။

 

“တို့ဗိုလ်ချုပ်”

ဗိုလ်ချုပ် ဗိုလ်ချုပ်

တို့ဗိုလ်ချုပ်

ဗိုလ်ချုပ်ကွေးလေး ဘယ်ကမွေး

နတ်မောက်မြို့တဲ့လေး။

 ဗိုလ်ချုပ် ဗိုလ်ချုပ်

တို့ဗိုလ်ချုပ်

ဗိုလ်ချုပ်စစ်သွေး ဘယ်ကမွေး

ဗိုလ်လရောင်တို့မြေး

ဗိုလ်လရောင်မြေး ရှေ့ကပြေး

မောင်ဒွေးမောင်ငယ်လိုက်ပါ့မယ်

နှမသယ် ရွှေတလေး

သူလည်းပါရဲ့လေး။

ဗန်းမော်ညိုနွဲ့ 

စိတ်ကူးချိုချိုက ထုတ်ဝေတဲ့ သူ၏ “အရုဏ်ဦး ကလေးကဗျာများ” စာအုပ်မှ

၈၈၈၈ က စခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ အခု ၃၂ နှစ်တိုင်ကြာတဲ့အထိ စာပေပညာရှင်တွေ အများကြီး ပါဝင် အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီအထဲမှာ ကဗျာဆရာတွေ ဖြစ်ကတဲ့ တင်မိုး၊ မင်းသုဝဏ်၊ မောင်သော်က၊ ဗန်းမော်ညိုနွဲ့ စသဖြင့် အခု အမည်မဖော်ပြနိုင်တဲ့ ကဗျာဆရာတွေလည်း ပါဝင်ခဲ့ကြတာပါ။ 

ဆရာကြီး ဗန်းမော်ညိုနွဲ့ဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က ဗန်းမော်မြို့ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အခုဆို ၁၁ နှစ် ပြည့်ပါပြီ။ နေမင်းကြီးကား ကွယ်သွားခဲ့တာ ဆယ့်တနှစ်ကြာပေမဲ့ ရောင်ဝါရှိန်ထွန်းလင်းဆဲလို့ ဆိုရပါလိမ့်မည်။ ကွယ်လွန်ပြီး ၁၁ နှစ်ကြာပေမဲ့ “လက်ဖက်ရည်ကြမ်းဝိုင်း” ကဗျာ၊ “အရုဏ်ဦးကလေးကဗျာများ” အပါအဝင် ဗန်းမော်ညိုနွဲ့ ကဗျာတေးတွေကတော့ မြန်မာ့တခွင်မက ကမ္ဘာ့တခွင်တိုင် လွင့်ပျံနေဆဲပါ၊ အဆုံးသတ်ကိုတော့ ဆရာ့ကဗျာလေးတပုဒ် ဖတ်ကြည်ကြပေရော့ဗျာ။ ။

“သူ့အမြင်”

မရှိဘဲလျင်၊ ရှိယောင်ဆင်ကာ

မခင်ဘဲလျက်၊ ကြင်ဟန်စွက်၍

မျက်နှာချိုချို၊ အမူပိုနှင့်

ပင်ကိုမပါ၊ အထက်လွှာသို့

မာယာလုပ်ပြ၊ ဟန်ဆောင်ရသည်

ဒုက္ခပင်ပန်းလှချေ၏။ ။ 

(ဗန်းမော်ညိုနွဲ့)

ကဗျာနောက်ဆုံးပိုဒ် ဖြစ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013