
ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၃ ဦးတိုးလာတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အတည်ပြုလူနာ ၅၃ ဦးထဲမှာ နိုဝင်လာ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ၁ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ပိုးတွေ့ခဲ့တဲ့ မဲရုံအဖွဲ့ဝင် ဆရာမဟာ ရွေးကောက်ပွဲကာလ ကန်ကြီးထောင်မြို့နယ် အထကခွဲ သောင်ကြီးမှာ မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ပုသိမ်မြို့ကို ပြန်ရောက်ပြီး ၂ ရက်ကြာ အနံ့မရတာကြောင့် သာသနာ့ဗိမာန်ရှိ fever clinic မှာ လာရောက်ပြသလို့ စစ်ဆေးချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့တာပါ။
ကျန်တဲ့ ပိုးတွေ့လူနာတွေကတော့ ဖျာပုံမြို့မှာ ၁၄ ဦး၊ မြန်အောင်နဲ့ မအူပင်မြို့တို့မှာ ၈ ဦးစီ၊ ရေကြည်မြို့မှာ ၆ ဦး၊ ကြံခင်းမှာ ၅ ဦး၊ ဘိုကလေးနဲ့ ဟင်္သာတမှာ ၅ ဦးစီ၊ ပုသိမ်နဲ့ ညောင်တုန်းမှာ ၂ ဦးစီနဲ့ ကျိုက်လတ်နဲ့ အင်္ဂပူမြို့တို့မှာ ၁ ဦးစီ တွေ့ရှိခဲ့ပါတယ်။
ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၃၂၄ ဦးထိရှိပြီး ဆင်းရုံဆင်းခွင့်ရရှိသူ ၁၆၃၉ ဦးရှိကာ သေဆုံးလူနာ ၈ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)










