DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာနိုင်ငံသားများ ၁ လကြာသည့်တိုင် အလုပ်မရသဖြင့် အခက်ကြုံ
DVB
·
August 13, 2013
ထိုင်းရောက် မြန်မာနိုင်ငံသားများ  ၁ လကြာသည့်တိုင် အလုပ်မရသဖြင့် အခက်ကြုံ
Donate to DVB

မြ၀တီနယ်စပ်ကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို  အလုပ်ဝင်လုပ်ဖို့ နိုင်ငံကူးလက်မှတ်နဲ့ ရောက်လာကြတဲ့ အလုပ်သမားအယောက် ၂၀ ဟာ ၁ လကြာသည့်တိုင်အောင် အလုပ်မရသေးဘဲ လာပို့ပေးတဲ့ ပွဲစားနဲ့လည်း အဆက်အသွယ်မရတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တဦးကို ကျပ်ငွေ  ၂ သိန်း ၂ သောင်းစီနဲ့ Swann Royal ကုမ္ပဏီဆီမှာ ယာယီနိုင်ငံကူးလက်မှတ်လုပြီး ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင်က Sea Treasure ကုမ္ပဏီမှာ ဆောက်လုပ်ရေးလုပ်ငန်း ၀င်လုပ်ဖို့ သဘောတူစာချုပ်ထားခဲ့ပေမယ့် ဒီနေ့ထိ အလုပ်မရသေးတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမား ကိုဝင်းကြိုင်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_41412" align="alignright" width="300" caption="ချင်းမိုင်တွင် အလုပ်သမားအချို့ လုပ်ငန်းခွင်သွားရောက်ရန် စောင့်နေကြစဉ်"][/caption]

“စာချုပ်ချုပ်ချိန်က ကုမ္ပဏီနာမည်ရယ်၊ ကျနော်တို့ ဖုန်းနံပါတ်တွေကို ပေးထားပါတယ်။ ပေးထားပေမယ့် ကျနော်တို့ဘက်က ဆက်သွယ်တော့လည်း မရဘူး။ ရတဲ့နေရာတွေကို ဆက်သွယ်တော့လည်း ရုံးတွေက ပြောလိုက်ပါမယ်ပဲ ပြန်ပြောတယ်။ ဘာမှ ကျနော်တို့ကို အကြောင်းပြန်မလားဘူး။ အခုအချိန်အထိ ကျနော်တို့ဆီကို တယောက်မှ ရောက်မလာဘူး။ ကျနော်တို့ပါလာတဲ့ ငွေတွေလည်း ကုန်ပြီ။”

နေဖို့အတွက် ကုမ္ပဏီအလုပ်သမားတန်းလျားမှာ ခွင့်ပြုထားပေမယ့် စားဖို့အတွက် အလုပ်သမားတန်းလျားဈေးဆိုင်မှာ မတန်တဆဈေးနှုန်းနဲ့ အကြွေးဝယ်စားနေပြီး ၁ ဦးကို ဘတ် ၂ ထောင်လောက် အကြွေးတင်နေတယ်လို့ ကိုဝင်းကြိုင်က ဆိုပါတယ်။

ထိုင်းဆောက်လုပ်ရေးကုမ္ပဏီက သူတို့ရဲ့ ပတ်စပို့တွေ သိမ်းထားပြီး အလုပ်ရှင်နဲ့ တိုက်ရိုက်စကားမပြောရဘဲ သူတို့အလုပ်ရရေး ဆောင်ရွက်နေကြောင်း ကြားလူနဲ့ ပြောခိုင်း တယ်လို့ ဆိုပါတယ်။

အဲဒီမှာ အလုပ်ရဖို့ စောင့်ဆိုင်းနေတဲ့သူ အယောက် ၂၀ ရှိပြီး ပဲခူးတိုင်း တောင်ငူမြို့နယ်ကနေ ရောက်လာကာ  Swann Royal ကုမ္ပဏီနဲ့ ထိုင်းဘက်ခြမ်းကို ဇူလိုင်လ ၉ ရက်နေ့က တပြိုင်တည်း ၀င်ရောက်လာကြောင်း၊ ဒီမတိုင်ခင် ပတ်စပို့ရရေးအတွက်  မြ၀တီမှာ ၂ လလောက် စောင့်ဆိုင်းခဲ့ရသေးတယ်လို့ ကိုဝင်းကြိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံး အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင်က “တချို့တွေက အေးဂျင့်ခေါ်လာတဲ့အချိန်မှာ ဒီဘက်က အလုပ်ရှင်က မရှိတဲ့အချိန်တို့၊ ဖြစ်သွားမယ်ဆိုရင် ပြန်လာတာကို စောင့်ရတာတို့၊ နောက်ဒီဘက်က နာမည်တွေ ပြန်ပြောင်းတာတွေ ဘာတွေရှိတော့ တလလောက် စောင့်ရတဲ့ လုပ်ငန်းတွေတော့ ရှိတယ်။ ဒါပေမယ့် တချို့တွက တိုက်ရိုက်ရတာလည်း ရှိပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ အဓိက ဆောက်လုပ်ရေးလုပ်ငန်းတွေက ခေါ်တာ ကုမ္ပဏီနာမည်တွေနဲ့ပဲ ခေါ်တာလေ။ ဘယ်နေရာမှာ လုပ်ရမယ်လို့ မရှိတဲ့အခါကျတော့ ဥပမာ ဘန်ကောက်မှာ ခေါ်ထားပြီး ပထုံဌာနီမှာ သွားလုပ်ရတာမျိုးကျရင် ပထုံဌာနီကျအောင်လည်း ကျနော်တို့ပြန်ချိန်းရတယ်။ ပြန်ချိန်းပြီးတဲ့အခါကျမှ ကျနော်တို့က (work permit) ပြန်လျှောက်ပေးရတာမျိုးရှိတယ်။ အဲဒါမျိုးကျတော့ နည်းနည်းကြာတာပေါ့” လို့ ပြောပါတယ်။

အလုပ်မရခင် စားရေးသောက်ရေးကိစ္စကို အကျိုးဆောင်ကုမ္ပဏီက ခေတ္တစိုက်ထားပေးရ မှာဖြစ်ပြီး သူတို့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့လည်း တာဝန်ရှိတယ်လို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ သဘောတူစာချွန်လွှာအရ မြန်မာပြည်က အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲ တိုက်ရိုက်စေလွှတ်ရာမှာ နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာမှာ ကြန့်ကြာတာ၊  အလုပ်ရပြီလို့ ပြောပေမယ့် ထိုင်းနိုင်ငံထဲ ရောက်သွားတော့ အလုပ်မရှိသေးတာ၊ အလုပ်ရပေမယ့်လည်း စာချုပ်ထဲက ပါတဲ့အတိုင်း မဟုတ်ဘဲ အလုပ်အမျိုးအစားနဲ့ မြို့နယ်တွေ   ပြောင်းလဲသွားတာ၊ လုပ်ငန်းခွင်မှာ လုပ်အားခ အပြည့်မရတာ စတဲ့ ပြဿနာတွေ ကြုံတွေ့ရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်သောင်းက ပြောပါတယ်။

နိုင်ငံကူးလက်မှတ်နဲ့ အလုပ်ရှာဖွေရေးကုမ္ပဏီတချို့ဟာ အလုပ်သမားတွေအပေါ် တာဝန်ယူမှုနဲ့ အကာအကွယ်ပေးမှု လျော့နည်းကြောင်း၊ တိုင်ကြားချက်တွေ ရရှိတဲ့အတွက် သက်ဆိုင်ရာကုမ္ပဏီ ၁၂ ခုကို ပြန်လည်စစ်ဆေးဖို့ ပြည်ထောင်စုအစိုးရ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနက ဧပြီ ၂၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013