DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေဥပဒေ ဆိုင်းငံ့ထားပေးရန် ကေအန်ယူပြော
DVB
·
August 13, 2013
လယ်ယာမြေဥပဒေ ဆိုင်းငံ့ထားပေးရန် ကေအန်ယူပြော
Donate to DVB

၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေကို ငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလ၊ နိုင်ငံရေးအရ ဖြေရှင်းမှု မလုပ်နိုင်သေးခင်မှာ အသုံးမပြုဘဲ ဆိုင်းငံ့ထားသင့်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မနှစ်မတ်လကုန်ပိုင်းမှာ ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာမြေဥပဒေကြောင့် အပစ်အခတ်ရပ်စဲထားတဲ့ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေထဲကို အစိုးရက လုပ်ပိုင်ခွင့်ပေးလိုက်တဲ့ ကုမ္ပဏီတွေက စိုက်ပျိုးရေးနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်လာတဲ့အတွက် ဒေသခံ ကရင်တိုင်းရင်းသားတွေရဲ့ မြေတွေ ဆုံးရှုံးကုန်ပါတယ်။

တဖက်ကလည်း ပြည်ထောင်စုအစိုးရက ပြဋ္ဌာန်းတဲ့ဥပဒေ၊ တဖက်ဒေသခံတွေကလည်း နှစ်ပေါင်း ၆၀ လက်နက်ကိုင်တော်လှန်ရေး ကာလတလျှောက်ကိုင်စွဲခဲ့တဲ့ ဓလေ့ထုံးတမ်းဥပဒေအရ ပိုင်ဆိုင်မှုရယ်လို့ အငြင်းပွားနေကြတာပါ။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေထဲမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အရင်က ၀င်ရောက်ခွင့်မရခဲ့တဲ့ ကုမ္ပဏီတွေ လယ်ယာမြေဥပဒေအရ ၀င်ရောက်လုပ်ကိုင်နေကြလို့ နယ်မြေခံတွေရဲ့ ပိုင်ဆိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့အတွက် ကေအန်ယူ တာဝန်ရှိသူတွေကို တိုင်နေကြတာ ဖြစ်ပါတယ်။

မြေယာဥပဒေဟာ ငြိမ်းချမ်းရေးတည်ဆောက်ချိန်မှာ စိမ်ခေါ်မှုဖြစ်နေပြီး ဒီဥပဒေကို ဆိုင်ငံ့ထားဖို့ ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလမှာ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ အပစ်အခတ်ရပ်စဲရေးပေါ်မှာ ယုံကြည်မှုက သိပ်ပြီးတော့ အဓိကကျတယ်လို့ ထင်တယ်။ ဒီတော့ ကျနော်တို့က ခိုင်မာမှု မရှိသေးခင်၊ နိုင်ငံရေးအရ ဖြေရှင်းမှု မလုပ်နိုင်သေးခင်မှာ ဒီမြေယာပြဿနာ ပေါ်လာလို့ရှိရင် လူထုက ကျနော်တို့အပေါ်မှာရော၊ အစိုးရအပေါ်မှာပါ ယုံကြည်မှု နည်းပါးသွားပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အခက်အခဲတွေ ရှိနိုင်တဲ့အတွက် ဒါက တစ်ချက်၊ နောက်တခါ ဒီမြေယာဥပဒေကို သေသေချာချာပြန်ကြည့်မယ်ဆိုလို့ရှိရင် တကယ့် စီးပွားရေး ကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေကို အခွင့်အရေး ပိုပေးထားတဲ့အနေအထားမှာ ရှိတယ်လို့ ကျနော်တို့မြင်တဲ့အပေါ်မှာ ဒီပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့ကာလမှာ ဒီဥပဒေကို မကျင့်သုံးသေးဖို့ ကျနော်တို့ အဲလို ပြောတာတော့ ရှိတယ်ပေါ့နော်။”

ကရင်အမျိုးသားအစည်းအရုံး စိုက်ပျိုးရေးဌာနတာဝန်ခံ ပဒို စောဒေါလေးမူကလည်း ကုမ္ပဏီတွေကို ချပေးတဲ့ မြေတွေဟာ နိုင်ငံတွင်း ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ မြေတွေပါသလို အစဉ်အဆက် အကြီးအကဲတွေ ပိုင်ဆိုင်လုပ်ကိုင်ခဲ့တဲ့မြေတွေပါဝင်ပြီး သူတို့တတွေဟာ အစိုးရက ကျင့်သုံးတဲ့  ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ပဒိုစောဒေါ လေးမူက “အခုဟာက လူကြီးတွေက မြေယာတွေကို ပြန်ပြီး မကြည့်နိုင်သေးတဲ့ကာလ။ နောက်ပြီးတော့ ပြန်ပြီးတော့ ပြန်လည်ခြေချနေထိုင်လို့ မရသေးတဲ့ကာလမှာ အခုလို ကုမ္ပဏီကြီးတွေက ၀င်လာတဲ့အခါကျတော့ တချို့မြေတွေက ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်နေသူတွေ လုပ်ကိုင်ခဲ့တဲ့မြေယာတွေပဲဖြစ်တယ်လေ။ အဲဒါကြောင့်မို့ ကျနော်တို့လူထုက အခက်အခဲ ဖြစ်နေတယ်လေ။ အဲဒါကြောင့်မို့လို့ အစိုးရချမှတ်တဲ့ မြေယာဥပဒေပေါ်မှာတော့ ကျနော်တို့ဘက်မှာတော့ ကိုက်ညီမှုမရှိဘူးပေါ့။ အဲဒါကြောင့်မို့လို့  အစိုးရအနေနဲ့ ပြန်ပြီးတော့ ပြင်ဆင်သင့်တယ်လေ” လို့ ပြောပါတယ်။

နယ်မြေအသီးသီးက တိုင်ကြားမှုတွေ ရှိနေတာဖြစ်ကြောင်းနဲ့ ဆုံးရှုံးတဲ့မြေကိုလည်း စာရင်းအင်း တိတိကျကျနဲ့  စာရင်းကောက်ယူမှတ်တမ်းတင် တင်ပြဖို့ မြို့နယ်နဲ့ ခရိုင်တွေကိုတော့ ညွှန်ကြားထားကြောင်း သူက ပြောပါတယ်။

မြေယာဥပဒေကြောင့် ကုမ္ပဏီတွေ ၀င်ရောက်ကြရာက တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်မြေတွေ ထိခိုက်မှုတွေဖြစ်လာခဲ့တာလို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးက ပြောဆိုခဲ့ပြီး ဒီကိစ္စကို အစိုးရဘက်နဲ့တွေ့တဲ့အခါ တင်ပြဆွေးနွေးမယ်လို့ ပြောပါတယ်။

ပဒိုကွယ်ထူးဝင်းက “အစိုးရကလည်း နေပြည်တော်ကနေပြီးတော့ လုပ်ခွင့်ပြုတာတွေ ရှိနေတဲ့အပေါ်မှာ တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်တဲ့မြေ၊ ကျနော်တို့ရိုးရာအရ ပိုင်ဆိုင်တဲ့မြေပေါ့လေ။ ဒီပ်ါမှာ သူတို့ ၀င်ရောက် စီးပွားရေးလုပ်တဲ့အပေါ်မှာ ထိခိုက်မှုတွေတော့ ရှိမယ်။

“ဘာဖြစ်လို့လည်းဆို ကျနော်တို့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့အချိန်မှာ သဘောတူညီချက်တွေရှိတာကိုး။ ကျနော်တို့ရဲ့ ကေအန်ယူက ထုတ်ပေးထားတဲ့နေရာ။ ခွင့်ပြုချက်တွေကိုလည်း သူတို့က အသိအမှတ်ပြုမယ်၊ ကျနော်တို့ရဲ့ ဓလေ့ထုံးတမ်းဥပဒေတွေ၊ မြေယာဥပဒေတွေ ကိုလည်း အသိအမှတ်ပြုမယ်ဆိုတော့ ဒါကို ကျနော်တို့က တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ တင်ပြဆွေးနွေးသွားဖို့ ရည်မှန်းချက်ရှိတယ်။ ကျန်နေရာဒေသအသီးသီးမှာလည်း အလားတူဖြစ်နေတဲ့ ဒီမြေယာပြဿနာကို   ၀ိုင်းဝန်းဖြေရှင်းသွားကြရမယ်" လို့ သူက ပြောပါတယ်၊

လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်ပြီး နိုင်ငံတော်ဟာ မြေယာအားလုံးရဲ့ ပိုင်ရှင်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

လယ်ယာမြေတွေထဲမှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်မြေတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013