DVB Logo
Home
အာရှဒေသ
အိန္ဒိယနိုင်ငံ ဘိုပဲလ်ဓာတ်ငွေ့ သားကောင်များ၊ တရားမျှတမှုမရှိ၊ မဲဆန္ဒ မရှိ
DVB
·
August 13, 2013
အိန္ဒိယနိုင်ငံ ဘိုပဲလ်ဓာတ်ငွေ့ သားကောင်များ၊ တရားမျှတမှုမရှိ၊ မဲဆန္ဒ မရှိ
Donate to DVB

၁၉၈၄ ခုနှစ် ဘိုပဲလ် ဓာတ်ငွေ့ကြေကွဲစရာ အဖြစ်အတွက် “တရားမျှတမှု မရှိ၊ မဲဆန္ဒ မရှိ” လို့
ခေါ်တဲ့ လူထုစုဝေး စုစည်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေခဲ့ပါတယ်။ စီမံချက်က ဓာတ်ငွေ့ကြောင့် ခံစားခဲ့ရတဲ့ သားကောင်တွေအတွက် ဒီနှစ်ရွေးကောက်ပွဲ မတိုင်ခင် လျော်ကြေးပေးဖို့ တောင်းဆိုမှုတွေအပေါ် နိုင်ငံရေးပါတီတွေရဲ့ သိမြင်နားလည်မှုကို မြှင့် တင်ပေးဖို့ ကျင်းပနေတာ ဖြစ်ပါတယ်။

ဘိုပဲလ်ဓာတ်ငွေ့ ကြေကွဲစရာအဖြစ်မှာ အသက်ရှင်ကျန်နေခဲ့တဲ့သူ ၁၀၀ ကျော် က “လျော်ကြေး ပထမ၊ နောက်မှ  မဲဆန္ဒ” လို့ ရေးသားထားတဲ့ နဖူးစည်း စာတန်းတွေကို ကိုင်ဆောင်လာကြပါတယ်။ ဓာတ်ငွေ့ယိုစိမ့်မှုဒဏ် ခံခဲ့ရတဲ့ နေရာတွေက အိမ်တွေရဲ့ နံရံတွေပေါ်မှာ  အဲဒီကြွေးကြော်သံအတိုင်းပဲ ရေးသားထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခု နီးပါးလောက်က သူတို့တွေရဲ့ အိမ်တွေနားမှာ အမေရိကန်ပိုင် စက်ရုံတခုက ဓာတ်ငွေ့ယိုစိမ့်မှု စဖြစ်လာခဲ့ပါတယ်။ အဲဒီအဖြစ်က လူတွေ ထောင်နဲ့ချီပြီး သေဆုံးခဲ့ရသလို ဒေသတွင်း  ရေဖြန့်ဖြူးမှုကို ညစ်ညမ်းမှု ဖြစ်လာစေခဲ့ပါတယ်။

အသက် ၅၅ ရှိပြီဖြစ်တဲ့ န၀ပ်ခန်က သူဟာ အသက်ရှူမွန်းကြပ်မှုကို ဆက်ပြီး ခံနေရဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူတွေက ကင်ဆာ အပါအ၀င် ရောဂါဘယ အမျိုးမျိုးကို ခံစားနေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရကတော့ ကျနော်တို့ကို သားကောင်တွေအဖြစ် လက်ခံဖို့ အဆင်သင့် မဖြစ်သေးဘူးဗျ။ အဲဒီလူတွေက ပုဂ္ဂလိက ဆေးရုံတွေကို သွားနေကြရပြီး ကုသခံယူနိုင်ဖို့ ငွေတွေ အများကြီး ပေးနေကြရပါတယ်။ အစိုးရကတော့ ကျနော်တို့ကို နေစရာနဲ့ လျော်ကြေးပေးဖို့ကျတော့ ငြင်းဆန်နေတယ်လေ။”

အဲဒီအဖြစ်ကို ကမ္ဘာ့အကြီးဆုံး စက်မှုကပ်ဘေးတခုအဖြစ် သဘောထား လက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် အသက်ရှင်ကျန်နေသူတွေကတော့ သူတို့ကို ခုထိ ဒဏ်ရာ အနာတရတွေအတွက်နဲ့ အဆိပ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေအတွက် သင့်လျော်တဲ့ လျော်ကြေး မပေးသေးဘူးလို့ ပြောကြပါတယ်။

အခု စုဝေးချီတက်ပွဲက မေလမှာ စီမံချက် စတင်ကတည်းက သူတို့ရဲ့ ၇ ကြိမ်မြောက် စုဝေးချီတက်မှု ဖြစ်ပါတယ်။

ဘာလ်ခရစ်ရှ်နာ တယ်နမ်ဒီယိုက ဘိုပဲလ်ဓာတ်ငွေ့ယိုစိမ့်မှုခံရသူ ပင်စင်စားများတပ်ဦး လို့ ခေါ်တဲ့ အသက်ရှင်ကျန်သူတွေရဲ့ အုပ်စုတခုက ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့  “တရားမျှတမှု မရှိ၊ မဲဆန္ဒ မရှိ” စီမံချက်က ဓာတ်ငွေ့ယိုစိမ့်မှုဒဏ်ခံ သားကောင်တွေအတွက် တိုက်ပွဲဝင်နေတာပါ။ ကျနော်တို့က မှားယွင်ပြီး လျော်ကြေးငြင်းဆန်ခံခဲ့ရတဲ့ အသက်ရှင်ကျန်ရစ်သူ ၅ သန်းကျော်အတွက် အစိုးရက လျော်ကြေး ပေးစေချင်ပါတယ်။ ကျနော်တို့က ဓာတ်ငွေ့ယိုစိမ့်မှုခံ သားကောင်တွေအတွက် တိုက်ခိုက်ပေးဖို့ အဆင်သင့် ဖြစ်နေတဲ့ သူတွေကိုပဲ ထောက်ခံလိမ့်မယ်ဆိုတာကို နိုင်ငံရေးပါတီတွေအားလုံးကို ပြသချင်တာပါပဲဗျာ။ ကျနော်တို့က ပထမဆုံး တရားမျှတမှု လိုချင်တယ်။ နောက်တော့ ကျနော်တို့က ခင်ဗျားတို့အတွက် မဲထည့်ပေးမှာပဲပေါ့။”

အသက်ရှင်ကျန်ရစ်သူအုပ်စု  အတော်များများကတော့ သူတို့ရဲ့ စီမံချက်အတွက် ကူညီ ထောက်ခံမှု ရရှိဖို့ နိုင်ငံရေးပါတီတွေဆီကို စာတွေ ရေးသားပေးပို့ခဲ့ပါတယ်။

အာဏာရကွန်ဂရက်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပန်ခါ့ဂ်ျ ချတ်တူ အာဝဒီက “ကျနော်တို့က ဘိုပဲလ် ဓာတ်ငွေ့ယိုစိမ့်မှုခံ သားကောင်တွေရဲ့ ဒုက္ခခံစားရမှုတွေဟာ မဆုံးနိုင်ဘူးဆိုတာကို သိပါတယ်။ ကျနော်တို့ သူတို့ရဲ့ ပြဿနာတွေကို နားလည်ပါတယ်။ တကယ်လို့များ အဖွဲ့အစည်းတခုခုက ဓာတ်ငွေ့ယိုစိမ့်မှုခံ သားကောင်တွေနဲ့ ဆက်စပ်တဲ့ သီးသီးခြားခြား ကိစ္စတခုခုကို ကျနော်တို့ကို အသိပေးလာမယ်ဆိုရင် ဖြစ်နိုင်သမျှ နည်းလမ်းနဲ့ ကျနော်တို့က အကူအညီပေးဖို့ အဆင်သင့်ပါပဲ” လို့ ပြောပါတယ်။

ဒါပေမယ့် မနှစ်က ယူနီယံ ကာဘိုက် ကုမ္ပဏီကို တရားစွဲဆိုလာမှုတခုကို နယူးယောက် ပြည်ထောင်စု တရားရုံးတခုက ပယ်ချခဲ့ပါတယ်။ တရားမျှတမှုအတွက် ကြိုးစားနေတဲ့ စီမံချက် ဆောင်ရွက်သူတွေအတွက်ကတောာ့ အဓိက အနှောင့်အယှက် အဟန့်အတား ဖြစ်ခဲ့ပါတယ်။ အဲဒါက ယူနီယံကာဘိုက်ကုမ္ပဏီရော၊ သူ့ရဲ့ အမှုဆောင်အရာရှိချုပ်ပါ ဥပဒေကြောင်းအရ တာဝန်မရှိဘူး လို့ ပြောခဲ့တာပါပဲ။ အဲဒီ အဆုံးအဖြတ်က လျှော်ကြေး တောင်းနေကြတဲ့၊ အဲဒီနေရာကို အမြဲတမ်း သန့်စင်နေတဲ့နေရာ ဖြစ်အောင်လုပ်ပေးဖို့ တောင်းဆိုနေကြတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်လာစေခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့လကတော့ ဘိုပဲလ် ခရိုင်တရားရုံးက အသက်ရှင်ကျန်ရစ်သူတွေအတွက် မျှော်လင့်ချက်အသစ်တခု ရှိလာစေပြန်ပါတယ်။ တရားရုံးက အာဏာပိုင်တွေကို အမေရိကန်အခြေစိုက် ဒေါင်း ဓာတုဗေဒ ပစ္စည်းကုမ္ပဏီကို ဘိုပဲလ် ဓာတ်ငွေ့ကြေကွဲစရာ အဖြစ်အတွက် စွပ်စွဲဖို့ ဆင့်ခေါ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကတော့ အဲဒါကို အရေးကြီးတဲ့ ခြေလှမ်းတခုအဖြစ် ကြိုဆိုခဲ့ပါတယ်။

ဘာလ်ခရစ်ရှ်နာ တယ်နမ်ဒီယိုကတော့ အဲဒီအတွက် အသက်ရှင်ကျန်ရစ်သူတွေ ပျော်နေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ဒေါင်းကုမ္ပဏီဟာ သူ့ရဲ့ တာဝန်ရှိမှုကနေ ရှောင်ဖို့ မလွယ်လှဘူးလို့ ထင်ပါတယ်။ အဲဒီ ယူနီယံကာဘိုက်ကုမ္ပဏီက အဲဒီနှစ်ကာလတွေအတွင်း လုပ်လာခဲ့သလို ခရိုင်တရားရုံးရဲ့ အမိန့်တွေကို ဂရုမစိုက်ဘဲ နေဖို့ကတော့ မတတ်နိုင်တော့ပါဘူး။”

ဒါပေမယ့် စွန့်ပစ်လိုက်တဲ့ အဆိပ်ရှိစွန့်ပစ်ပစ္စည်းတွေ နဲ့ ယူနီယံ ကာဘိုက်စက်ရုံက ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေကတော့ အဲဒီပြည်သူလူထုတွေရဲ့ အိမ်နောက်ဖေးတွေမှာ တည် ရှိနေဆဲဖြစ်ပါတယ်။

နယူးဒေလီ အခြေစိုက်သိပ္ပံနဲ့ သဘာ၀၀န်းကျင် ဗဟိုဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ချန်ဒရာ ဘုရှန်က ခုလို ပြောပါတယ်။

“နှစ်ပေါင်းများစွာ ဒီစွန့်ပစ်ပစ္စည်းတွေဟာ မြေဆီလွှာနဲ့ မြေအောက်ရေတွေ ညစ်ညမ်းမှု စဉ်ဆက်မပြတ်  ဖြစ်နေအောင်လုပ်နေတဲ့ အရာပဲပေါ့ဗျာ။ ဒါကြောင့်ပဲ အဲဒီပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့သူတွေအတွက် စိုးရိမ်ရတဲ့ ကျန်းမာရေး အခြေအနေ ဖြစ်နေရတာပါပဲ။ စက်ရုံ ၀န်းကျင်က နေရာတွေမှာရှိနေတဲ့  ဒီမြေအောာက်ရေတွေက ကာစီနိုဂျင်လို့ခေါ်တဲ့ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ ဓာတ်သတ္တုတွေနဲ့ ညစ်ညမ်းနေတယ်လို့ ပြောရမှာပေါ့။”

အသက်မသေဘဲ ရှင်ကျန်နေသူတွေကတော့ ဒီနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွေ ကျင်းပချိန်အထိ သူတို့ရဲ့ စီမံချက်ကို ဆက်လုပ်သွားမယ်လို့ ကတိပြုထားကြပါတယ်။ နောက် သူတို့က သူတို့အတွက် လျော်ကြေးငွေ ရဖို့နဲ့ မတရားမှုတွေကို နိဂုံးချုပ်ပေးမယ်လို့ ယုံကြည်ရတဲ့ နိုင်ငံရေးသမားတွေကိုပဲ မဲပေးကြမယ်လို့ အခိုင်အမာ ပြောနေကြပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရှူရီယား နီယာဇီ (Shuriah Niazi) က ဘိုပဲလ်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013