DVB Logo
Home
မေးမြန်းခန်း
တရားမ၀င် ကုန်စည် စီးဆင်းမှုအခြေအနေ မေးမြန်းချက်
DVB
·
August 13, 2013
တရားမ၀င် ကုန်စည် စီးဆင်းမှုအခြေအနေ မေးမြန်းချက်
Donate to DVB

အခွန်ရှောင်တိမ်းလိုတာကြောင့် တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကနေတဆင့် မြန်မာနိုင်ငံအတွင်း ကုန်စည်တွေ ၀င်ရောက်မှုရှိနေပါတယ်။ ဒီကုန်သွယ်မှုကနေ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေလည်း ဆုံးရှုံးမှုရှိနေတာပါ။

တရားဝင်လမ်းကြောင်းတွေကမဟုတ်ဘဲ ရှောင်ကွင်းလမ်းတွေကတဆင့် မြန်မာနိုင်ငံအတွင်းထဲ ကုန်စည်တွေ ၀င်ရောက်မှုရှိနေပါတယ်။

ဒါကြောင့် တရားမ၀င် ကုန်သွယ်မှုတားဆီးရေး ဗဟိုကော်မတီအနေနဲ့ တရားမ၀င်ကုန် စီးဆင်းမှု ကျဆင်းစေဖို့အတွက် စီမံချက်ကာလစတင်ပြီးနောက် ၉ လတာကာလအတွင်းမှာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး မြင့်တက်မှုရှိခဲ့သလို အကောက်ခွန်မဲ့တန်ဖိုး ကျပ် ၆ ဒဿမ ၃၂ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး တရားမ၀င် ကုန်သွယ်မှုတားဆီးရေး ဗဟိုကော်မတီက ရုံးအဖွဲ့မှုး ဦးညွန့်အောင်နှင့် ဆက်သွယ်မေးမြန်းထားပါတယ်။

တရားမ၀င် ကုန်စီးဆင်းမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ ရသင့်တဲ့ အခွန်ဘဏ္ဍာဆုံးရှုံးမှုတွေ တနှစ်မှာ ဘယ်လောက်ရှိလဲ။

“အဲဒါကျတော့ ခန့်မှန်းရခက်တယ်။ များတာတော့ များတယ်။ ငွေတွေများတဲ့ အခါကျတော့ ပြောရတာ ခက်တယ်။ နယ်စပ်လမ်းကြောင်းကို ၆ လလောက် လုပ်ကြည့်လိုက်တဲ့အချိန်မှာ နယ်စပ်ကုန်သွယ်မှုဟာ ဒေါ်လာ သန်း ၄၀၀ နီးပါ တက်သွားတယ်။ ဖမ်းဆီးရမိမှုဟာ ၆.၃ ဘီလီယံလောက် ရှိတယ်။ မြန်မာကျပ်ငွေပေါ့နော်။ အမှုပေါင်းကတော့ ၁၈၀၅ မှုလောက်ရှိတယ်။ နောက် လမ်းကြောင်း ၂ ခုနဲ့ နီးစပ်ရာ လုပ်တာ ရှိသေးတယ်။ ဟန်ချက်ညီမယ်ဆိုရင်တော့ အများကြီး ကျန်မှာပေါ့နော်။ ဟန်ချက်ဆိုတာ ဥပမာ မူဆယ်-မန္တလေး လမ်းကြောင်းဆိုရင် လွယ်ဂျယ်ကနေ ဗန်းမော်သွားတဲ့ လမ်းကြောင်းရှိတယ်။ ဗန်းမော်ရောက်ပြီး ဗန်းမော်ကနေမှ စက်လှေနဲ့ မန္တလေးကို ဧရာဝတီမြစ်ကြောင်းအတိုင်း သွားတာ ရှိသေးတယ်။ အဲဒါကို ကိုယ်တွေက မပိတ်နိုင်သေးဘူး။ အမှန်တော့ အဲဒီလမ်းကြောင်း ပိတ်ရမှာပေါ့။ တမူးဘက်ကတော့ ပိတ်တာ တော်တော်လေး ထိရောက်တယ်။ နောက် ရခိုင်ပြည်နယ်ဘက်ကတော့ ကုန်တွေ စီးဆင်းတာ သိပ်မရှိဘူး၊ ရှိတော့ ရှိမှာပေါ့။ ဒီလောက်ကြီး ငွေ (အမောက်) မများဘူး။ များတာက မူဆယ်၊ မန္တလေးများတယ်။ မြ၀တီ-ရန်ကုန် လမ်းကြောင်း များတယ်။ ပင်လယ်ရေကြောင်းများတယ်။ ကိုယ်တို့ အခု စက်တင်ဘာ ဒုတိယ အပတ်မှာ မြ၀တီ ပင်လယ်ရေကြောင်းပေါ့နော်၊ လောလောဆယ် ဒီနေ့ကပြီး ပင်လယ် ကမ်းရိုးတန် ဆိပ်ကမ်းတွေ စလုပ်ပါပြီ။”

ပြောတဲ့အထဲမှာ ၆လ ဆိုတာက။

“၂၀၁၂ နိုဝင်ဘာ ၁ ရက် ၂ ရက်နေ့ကနေ စတာ။ အဲဒီမှာ စလုပ်လိုက်တော့ နယ်စပ် ကုန်သွယ်မှုဟာ တအားတက်သွားတယ်။ အရင်က မြ၀တီနယ်စပ်ကုန်သွယ်ရေး စခန်းက တလ၊ တလ ၁၅ သန်း၊ ၁၆ သန်းပဲ ရှိတယ်။ အခုဆိုရင် ပုံမှန်က ၂၅ သန်းနဲ့ သန်း ၃၀ ကြားလောက် တက်သွားပြီ ပုံမှန် တောက်လျှောက်။ အရင် လွန်ခဲ့တဲ့ ၁၅ နှစ်၊ ၁၆ နှစ်လောက်ထိက တနှစ်လုံးမှာ နည်းနည်းလေးပဲ။ ကုန်သွယ်မှုဟာ တခါမှ အဲလောက် မတက်ဘူး။ mobile team (ကုန်သွယ်မှု စောင်ကြည့်စစ်ဆေးရေး) လုပ်လိုက်တဲ့အချိန်မှာ နည်းနည်းလေး ထိရောက်သွားတော့ ကုန်သွယ်မှု နည်းနည်း တက်သွားတယ်။ ကျန်တဲ့ဟာတွေလည်း ဒီအတိုင်းပဲ၊ အဓိက ပိတ်ဆို့နိုင်မယ်ဆိုရင်တော့ တရားဝင် လမ်းကြောင်းပေါ် တော်တော်များများ တက်လာမယ်။”

ဘယ်လိုကုန်ပစ္စည်းတွေကို တရားမ၀င် လမ်းကြောင်းကနေ တင်သွင်းတာ များလဲ။

“တရားမ၀င် တင်သွင်းတာတွေကတော့ အများကြီးပဲ။ မြ၀တီလမ်းကြောင်းမှာဆိုရင် စက်သုံးဆီများတယ်။ နောက်တခု LPG ဂက်စ်များတယ်။ နောက်ကန့်သတ်ကုန်ပစ္စည်း စီးကရက်၊ အရက်၊ ဘီယာ၊ တရားမ၀င် မော်တော်ယာဉ်။”

တရားဝင် ကုန်စီးဆင်းခွင့်ပြုတဲ့နေရာမှာ ကုန်သည်တွေ ဘာအတွက်ကြောင့် အခွန်ရှောင်ပြီးတော့ လုပ်တာလဲ။

“နံပါတ် ၁ အချက်က အခွန်ရှောင်ရင် လိုင်စင်လည်း မလိုဘူး၊ လိုင်စင် မလုပ်ရတဲ့ အတွက်ကြောင့်မို့ လိုင်စင်လုပ်ရန် ကြာမယ့်အချိန်၊ လိုင်စင်တစောင် နိုင်ငံတော်ကို ပေးရမယ့် အခကြေးငွေ အဲဒါတွေ သက်သာသွားတယ်။ နောက်တခုက အခွန်ရှောင်တဲ့ လူနဲ့ အခွန်ဆောင်တဲ့လူက ဈေးကွက်အတွင်းကျတော့ အများကြီး ကွာသွားတယ်။ ဥပမာ ၁၀၀ တန်တဲ့ ပစ္စည်းကို တရားဝင် အခွန်ဆောင်တဲ့လူက အမြတ်တင်မယ်ဆိုရင် ၁၁၀ မှ ရောင်းလို့ရမယ်။ အခွန်မဆောင်တဲ့လူကျတော့ ၉၀ နဲ့ ဖြတ်ရောင်းလိုက်ရင် ၁၁၀ သမားက ကြွတာပေါ့။ ၉၀ ရောင်းလည်း သူက မြတ်နေသေးတယ်။ တရားဝင်လမ်းကြောင်းပေါ်မှာရှိတဲ့လူက ကြာတော့ ဒဏ်မခံနိုင်တော့ တရားမ၀င်လမ်းကြောင်းကို ပြန်ရောက်သွားတယ်။ တရားမ၀င် လမ်းကြောင်းပေါ် လူတွေ တအားများနေတော့ ကိုယ်တို့က တရားဝင် လမ်းကြောင်းပေါ်ကို ပြန်တင်ပေးတာပါ။ မိသွားတယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းမယ်။ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူမယ် ဆိုရင် သူတို့ တော်တော်လေးကို ထိရောက်မှာပေါ့။ အဲဒီလိုဖြစ်သွားမယ်ဆိုရင်တော့ သူတို့ တရားဝင် အခွန်ဆောင်ပြီးတော့ သွားမှာပေါ့။ တရားဝင် အခွန်ဆောင်ပြီး သွားတဲ့အထဲမှာလည်း အခုဘာတွေ ထပ်တွေ့လာသလဲဆိုတော့ အခွန်ဆောင်ထားတာက ၃၀ ရာခိုင်နှုန်း၊ အခွန်ရှောင်တာက ၇၀ ရာခိုင်နှုန်း၊ ရောနှောပြီ သယ်တာလည်း ရှိတယ်။ အဲဒါတွေလည်း ကိုယ်တို့ တားဆီးပြီးတော့ အရေးယူမှာပေါ့။ အခွန် ၂၀၀ ဖိုး ဆောင်လာရင် အဲဒီ ၂၀၀ ဖိုးနဲ့ ညီမျှတဲ့ ကုန်ပစ္စည်းတွေကို လွှတ်ပေးမယ်။ အခွန်မဆောင်တဲ့ ပစ္စည်းတွေ အားလုံးကိုတော့ ပြည်သူ့ဘဏ္ဍာ သိမ်းရမှာပဲ။”

ကျနော်မေးတဲ့အထဲမှာ အရေးကြီးတဲ့အချက် ဘာတွေ ကျန်လဲ၊ ပြောစရာတွေ ရှိသေးလား။

“ဖမ်းတာ ဆီးတာ ရှင်းရှင်းပြောရရင်တော့ တဒင်္ဂပါပဲ။ အစ်ကိုတို့အနေနဲ့ အဓိကတော့ အရေးလည်း မယူချင်ဘူး၊ ဒီဟာတွေက လုပ်ထုံးလုပ်နည်း သိပြီးသား လူတွေချည်းပဲ။ သူတို့အနေနဲ့ တကယ်တမ်း တရားဝင် အခွန်အခပေးပြီးတော့မှပဲ တရားဝင် လမ်းကြောင်းကနေ လာစေချင်တာပေါ့။ တရားဝင်လမ်းကြောင်းကနေ သူတို့အနေနဲ့ ဘာအခက်အခဲရှိလဲ တရားဝင်လမ်းကြောင်းပေါ်တက်ရင် သူတို့အနေနဲ့ ပြောချင်တဲ့ စကားတော့ ရှိမှာပဲလေ။ တရားဝင် သူတို့ သွားခဲ့တုန်းက သူတို့ဘာအခက်အခဲတွေရှိလဲ၊ အဲဒါတွေကတော့ ဘာတွေဘာတွေပါ ကိုယ်တို့ကို ပွင့်ပွင့်လင်းလင်းပြောပါ။ ပွင့်ပွင့်လင်းလင်းပြောတယ်ဆိုလို့ရှိရင် ကိုယ်တို့လည်း ဗဟိုကော်မတီမှာ တင်ပြမှာပေါ့နော်။ အဲဒါတွေကို ကိုယ်တွေက စနစ်တကျ မှတ်သားပြီးလို့ရှိရင် လူကြီးတွေဆီတင်ပြ၊ တင်ပြပြီးလို့ရှိရင် မဖြစ်မနေ ဖြေလျှော့ပေးရမယ် ကိစ္စတွေဆိုရင်၊ လမ်းကြောင်းပေါ်ကို တက်လို့ရှိရင် တွေ့ကြုံရတဲ့ အခက်အခဲတွေ အဲဒါတွေလည်း ကိုယ်တို့ သိချင်တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013