DVB Logo
Home
ကျန်းမာရေး
ကိုရိုနာဗိုင်းရပ်စ်များအကြောင်း
DVB
·
November 21, 2020
ကိုရိုနာဗိုင်းရပ်စ်များအကြောင်း
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်တွေထဲက မျိုးနွယ်စုတစ်ခုပါပဲ။ သူ့ရဲ့ မျက်နှာပြင်မှာ ဆူးချွန်လေးတွေ ရှိပြီး သရဖူ crownလေးတွေနဲ့ တူတာကြောင့် coronaလို့ ခေါ်တာပဲ ဖြစ်ပါတယ်။ လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်တွေကို ၁၉၆၀ နှစ်လယ်ပိုင်းလောက်မှာ စပြီးတွေ့ရှိခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲများ
ကိုရိုနာဗိုင်းရပ်စ်မှာ အယ်ဖာ၊ ဘီတာ၊ ဂါမာဆိုပြီး မျိုးစိတ်၃ခုရှိပါတယ်။ ဒီကနေမှ မျိုးကွဲတွေ အများကြီး ဖြစ်လာပါတယ်။ လူကိုကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကတော့ ၇ ခုရှိပါတယ်။

. 229E (alpha coronavirus)
. NL63 (alpha coronavirus)
. OC43 (beta coronavirus)
. HKU1 (beta coronavirus)
. MERS-CoV
. SARS-CoV
. SARS-CoV-2 စတာတွေပဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ဖြစ်စေတဲ့ ရောဂါများ

ဒီကိုရိုနာဗိုင်းရပ်စ်၇မျိုးမှာ ပထမ၄ မျိုးက အတွေ့ရများတဲ့ အမျိုးအစားတွေပါ။ အတွေ့ရများပြီး လူကို ကူးစက်နိုင်ပေမယ့် လက္ခဏာမပြင်းပါဘူး။ သာမန် ဖျားနာ၊ နှာစေး၊ ချောင်းဆိုးလောက်နဲ့ ပြီးသွားပါတယ်။ အအေးမိသလောက်ပဲ ရှိပါတယ်။ တချို့ဆို ခုခံအားက တိုက်ထုတ်လိုက်လို့ လက္ခဏာပြချိန်တောင် မရလိုက်ပါဘူး။

တချို့ကိုရိုနာဗိုင်းရပ်စ်တွေက တိရစ္ဆာန်တွေမှာ တွေ့ရပေမယ့် မျိုးဗီဇပြောင်းလဲလာတာကြောင့် လူကိုကူးစက်ပြီး ဗိုင်းရပ်စ်အသစ်ဖြစ်လာပါတယ်။ ဒါကတော့ ခုဆက်ပြောမယ့် MERS-CoV၊ SARS-CoVနဲ့ SARS-CoV-2ပဲ ဖြစ်ပါတယ်။

MERS-CoV

Middle East Respiratory Syndrome (MERS)ရောဂါကို ဖြစ်စေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ စပြီးသတိထားမိတာကတော့ ၂၀၁၂ စက်တင်ဘာလမှာ ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပါတယ်။ တကယ်စဖြစ်တာကတော့ ဂျော်ဒန်နိုင်ငံမှာ ၂၀၁၂ ဧပြီတည်းကလို့ ဆိုပါတယ်။ ဒီကနေမှ တခြားနိုင်ငံတွေကို ပြန့်သွားပြီး လူပေါင်းများစွာကို သေဆုံးစေခဲ့ပါတယ်။

ကူးစက်နည်းကတော့ နှာချေ၊ ချောင်းဆိုးလို့ထွက်လာတဲ့ အမှုန်အမွှားတွေကနေ ကူးစက်နိုင်သလို လူနာကို အနီးကပ်ပြုစုရာကလည်း ကူးစက်နိုင်ပါတယ်။ ရောဂါကူးစက်ခံရပြီး ၅ရက်၊ ၆ရက်လောက်နေရင် လက္ခဏာတွေ ပြတတ်ပါတယ်။

လက္ခဏာတွေကတော့ အသက်ရှူလမ်းကြောင်း လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ မောတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ ဝမ်းလျှောတာ၊ ပျို့အန်တာမျိုး တွေ့ရတတ်ပါတယ်။ တချို့တွေမှာ လက္ခဏာမပြင်းထန်တာ ဒါမှမဟုတ် လက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။

ကူးစက်ခံရသူတွေက နောက်ဆက်တွဲအနေနဲ့ နမိုးနီးယားတို့၊ ကျောက်ကပ်ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ်။ ကူးစက်ခံရသူ ၁၀ယောက်မှာ ၃ယောက်ကနေ ၄ယောက်အထိ သေဆုံးခဲ့ပါတယ်။ အများစုကတော့ ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားမကောင်းသူတွေပဲ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မားလ်စ်ရောဂါအတွက် တိကျတဲ့ကုသမှု မရှိသေးပါဘူး။ ထောက်ပံ့ကုသမှု (supportive treatment) ပဲ လုပ်လို့ရပါတယ်။

ကာကွယ်နည်းတွေကတော့

. စက္ကန့် ၂၀ကြာအောင် ရေနဲ့ ဆပ်ပြာ သုံးပြီး လက်ဆေးတာ
. နှာချေ၊ ချောင်းဆိုးတဲ့အခါ အုပ်ဆိုးတာ
. မျက်နှာကို လက်နဲ့ မထိတာ
. အသုံးအဆောင်ပစ္စည်းတွေကို ပိုးသတ်တာ
. ရောဂါပိုးရှိသူနဲ့ ပစ္စည်းတွေ မျှဝေသုံးတာ၊ အနီးကပ်နေထိုင်တာကို ရှောင်ကြဉ်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူထုကြားမှာ မားစ်ရောဂါက မရှိသလောက် နည်းသွားပါပြီ။

SARS-CoV

Severe Acute Respiratory Syndrome (SARS)ရောဂါကို ဖြစ်စေပါတယ်။ ၂၀၀၃ခုနှစ် အာရှမှာ စတွေ့ပြီးနောက် ကမ္ဘာ့နိုင်ငံတော်တော်များများကို ပြန့်သွားပါတယ်။ WHOအဆိုအရ လူပေါင်း ၈၀၉၈ ကူးစက်ခံရပြီး ၇၇၄ယောက် သေဆုံးခဲ့ပါတယ်။

လက္ခဏာတွေကတော့ အဖျားကြီးပါတယ်။ အဖျား ၁၀၀ဒီဂရီကျော်ပါတယ်။ ချောင်းခြောက်ဆိုးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ အားနည်းတာလည်း ဖြစ်ပါတယ်။ ၁၀ကနေ ၂၀ရာခိုင်နှုန်းလောက်က ဝမ်းလျှောပါတယ်။ နောက်ဆက်တွဲအနေနဲ့ နမိုးနီးယားဖြစ်တတ်ပါတယ်။

ကူးစက်နည်းကတော့ ရောဂါရှိသူနဲ့ နီးနီးစပ်စပ်နေထိုင်ရာကနေပဲ ဖြစ်ပါတယ်။ နီးနီးစပ်စပ်နေထိုင်တယ်ဆိုတာက လူနာနဲ့ အတူနေထိုင်တာ၊ လူနာရဲ့ အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အရည်တွေ၊ အမှုန်အမွှားတွေကို ထိတွေ့တာ၊ ပွေ့ဖက်နမ်းရှုံ့တာ၊ အစားအစာအတူစားတာ၊ ၃ပေအတွင်း စကားပြောတာ၊ လူနာကို ထိတွေ့တာ စတာတွေပဲ ဖြစ်ပါတယ်။ ဘေးကဖြတ်လျှောက်သွားရုံ၊ ခဏလောက် ဘေးမှာထိုင်ရုံနဲ့တော့ မကူးပါဘူး။

ဒါ့ပြင် လူနာဆီက ထွက်တဲ့ အမှုန်အမွှားတွေက ပစ္စည်းတွေမှာ ပေနေမယ်။ ဒါကို နောက်လူကကိုင်ပြီး လက်မဆေးဘဲ မျက်နှာကို ထိတွေ့မယ်ဆိုရင်လည်း ကူးနိုင်ပါတယ်။ လေကနေတဆင့်လည်း ကူးနိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။

ကုသနည်းရယ်လို တိတိကျကျ မရှိတဲ့အတွက် ဝေဒနာသက်သာအောင်ပဲ လုပ်ပေးလို့ရပါတယ်။ခုခံအားနဲ့ပဲ ရောဂါကို ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ကာကွယ်နည်းကတော့

. မကြာခဏလက်ဆေးတာ
. လူနာဆီက ထွက်တဲ့ အရည်တွေ၊ အညစ်အကြေးတွေ ကိုင်တွယ်မယ်ဆိုရင် တစ်ခါသုံး လက်အိတ်သုံးတာ
. လူနာနဲ့ အတူရှိနေတဲ့အခါ နှာခေါင်းစည်းတပ်တာ
. အသုံးအဆောင် ပစ္စည်းတွေကို ပိုးသတ်တာ
. ရောဂါရှိသူသုံးထာတဲ့ ပန်းကန်ခွက်ယောက်တွေ၊ အဝတ်အစားတွေကို သေချာဆေးကြောလျှော်ဖွပ်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူထုကြားမှာ ဆားစ်ရောဂါက မရှိသလောက် နည်းသွားပါပြီ။

SARS-CoV-2

လက်ရှိမှာ လူသားအားလုံးကို ခြောက်လန့်နေပြီး ကပ်ရောဂါအဖြစ်ကြေညာထားရတဲ့ COVID-19ရောဂါကို ဖြစ်စေတာပဲ ဖြစ်ပါတယ်။ လူပေါင်း သန်း၅၀ကျော်ကို ကူးစက်ပြီး လူပေါင်း တစ်သန်းကျော် သေဆုံးပြီး ဖြစ်ပေမယ့် မရပ်သေးပါဘူး။

၂၀၁၉ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတွေ့ခဲ့တာဖြစ်ပြီး သိပ်မကြာသေးခင်မှာဘဲ ကမ္ဘာ့နိုင်ငံတော်တော်များများကို ပျံ့နှံ့သွားပါတယ်။ နှာချေ၊ ချောင်းဆိုးရာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရင် ဖြစ်ဖြစ်။ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းတွေကို ထိပြီး မျက်နှာကို ကိုင်မိရင်ဖြစ်ဖြစ် ကူးစက်တတ်ပါတယ်။ လေကနေ တဆင့်လည်း ကူးစက်နိုင်တယ်လို့လည်း ဆိုကြပါတယ်။

လက္ခဏာတွေက ကူးစက်ခံရပြီး ၂ရက်ကနေ ၁၄ရက်နေရင် ပြတတ်ပါတယ်။ အသက်ရှူလမ်းကြောင်း လက္ခဏာတွေ ဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ မောတာ အဓိကဖြစ်ပါတယ်။ အနံ့အရသာပျောက်တာ၊ ဝမ်းလျှောတာ၊ အန်တဲ့ လူနာလည်းရှိပါတယ်။ ဘာလက္ခဏာမှ မပြတဲ့ လူနာတွေလည်း ရှိပါတယ်။

အများစုကတော့ အလိုလို ပြန်ကောင်းသွားကြပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေဆိုရင်တော့ ပိုပြီးဂရုစိုက်ရပါတယ်။

ကုသနည်းကတော့ အတိအကျမရှိပါဘူး။ ဗိုင်းရပ်စ်သတ်ဆေးတွေ၊ စတီးရွိုက်တွေ၊ သွေးရည်ကြည်ကုထုံးတွေ သုံးနေပေမယ့် လူနာတိုင်းအတွက် အဆင်မပြေသေးပါဘူး။ ကာကွယ်ဆေးကတော့ တီထွင်ဆဲပဲ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ကာကွယ်နည်းတွေ ဖြစ်တဲ့

. မကြာခဏ လက်ဆေ; တာ
. လူစုလူဝေးရှောင်တာ၊ ခပ်ခွာခွာနေတာ
. အပြင်သွားတိုင်း နှာခေါင်းစည်းတပ် တာ
. အသုံးအဆောင် ပစ္စည်းတွေကို ပိုးသတ်တာ စတာတွေလုပ်ဆောင်ရပါမယ်။

Takeaways

ကိုရိုနာဗိုင်းရပ်စ်တွေဟာ မျိုးကွဲတွေ အများကြီးရှိပြီး လူကို ကူးစက်နိုင်တာ ၇မျိုးပါ။ နောက်ဆုံး၃မျိုးက ပြင်းထန်တဲ့အမျိုးအစားဖြစ်ပြီး ကုသစရာ ဆေးလည်း မရှိသေးတာကြောင့် ကာကွယ်နည်းတွေကို လိုက်နာဖို့ လိုပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013