DVB Logo
Home
မြန်မာသတင်း
သဘောထားကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းသွားမည်ဟု ပြန်ကြားရေးဝန်ကြီး ပြော
DVB
·
August 12, 2013
သဘောထားကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းသွားမည်ဟု ပြန်ကြားရေးဝန်ကြီး ပြော
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့အကြား သဘောထားကွဲလွဲနေတဲ့ သတင်းမီဒီယာဥပဒေကြမ်း  ပြဿနာကို ပြေလည်အောင် စေ့စပ်ညှိနှိုင်း ဆွေးနွေးတဲ့နည်းနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ၀န်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီကို ရေးဆွဲစေခဲ့လို့ ရေးဆွဲတင်ပြခဲ့တဲ့  မီဒီယာဥပဒေကြမ်းပါ အချက် ၁၇ ချက်နဲ့ ပတ်သက်ပြီး နှစ်ဘက်သဘောထားကွဲလွဲရာကနေ ညှိနှိုင်းလို့မရ ဖြစ်နေခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ စာနယ်ဇင်းကောင်စီ (ယာယီ) က ဥက္ကဋ္ဌ ဦးခင်မောင်အေး ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က နှစ်ဘက်သဘောထားကွဲလွဲမှုတွေကို စေ့စပ်ညှိနှိုင်းပြီး ပြေလည်အောင်ဖြေရှင်း သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့မှာ မတူကွဲပြားတဲ့ သဘောထားလေးတွေ ရှိပါတယ်။ ဒါဟာ အလွန်ကောင်းမွန်တဲ့၊ တန်ဖိုးရှိတဲ့ အယူအဆသစ်တွေ ပေါ်ထွန်းလာစေတဲ့ ပိုမိုပြီးတော့ တန်ဖိုးရှိတဲ့ ရလဒ် ပေါ်ပေါက်လာစေဖို့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစမှာ ဒီလို မတူကွဲပြားမှုတွေကို ကျနော်တို့ တန်ဖိုးထားရမယ်၊ အခုကျနော်တို့ ပြန်ဆွေးနွေးတာ မတူကွဲပြား ခြားနားမှု အားလုံးကို ပြန်လည်ပြီးတော့ ပေါင်းစုမယ်၊ ပေါင်းစုပြီးတော့ ပြန်ဆွေးနွေးကြမယ်၊ ပြန်စဉ်းစားကြမယ်၊ သူ့ဘက်က အလျှော့ပေးစရာရှိရင်လည်း အလျှော့ပေးမယ်၊ ကိုယ့်ဘက်က အလျှော့ပေးစရာရှိရင်လည်း အလျှော့ပေးမယ်။ ”

သတင်းစာဆရာဖိုးသောကြာ (ခေတ်+မိုး) ကလည်း ဒီကနေ့ တွေ့ဆုံပွဲဟာ အားရကျေနပ်မှုရှိပြီး မတူတာတွေကို ညှိနှိုင်းဆွေးနွေးဖို့ ပြန်ကြားရေးဝန်ကြီးကို အချိန်တခု သက်မှတ်ပြီး တောင်းဆိုထားတယ်လို့ ပြောပါတယ်။

“တလအတွင်း အပြီးဆွေးနွေးရမယ်လို့ အဘတို့က တောင်းဆိုပြီးပြီ။ ကောင်းပါတယ်။ အတိုက်အခံရှိမှ တိုးတက်တယ်။ မီဒီယာရဲ့ သဘောထားမှာ ဝေဖန်ခြင်းဟာ အကြံပေးခြင်းပဲ။ ပြန်ကြားရေးက ကန့်ကွကထားတဲ့ ၁၇ ချက်ပဲ။ အဲဒီ ၁၇ ချက်ကို အဘတို့ ပြေလည်အောင် ရှင်းမှာပေါ့။ ဒါက တထိုင်တည်းနဲ့ ပြောလို့ မရဘူးလေ။ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာန အလွတ်သဘော ဆွေးနွေးပွဲတွေ ထပ်လုပ်ရဦးမှာပေါ့။”

မီဒီယာဥပဒေမူကြမ်းပါ နှစ်ဘက်အငြင်းပွားနေတဲ့ အချက်တွေထဲမှာ သတင်းမီဒီယာ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲ ပါတဲ့ အီလက်ထရောနစ်မီဒီယာနဲ့ အင်တာနက်မီဒီယာ အသုံးအနှုန်းကိစ္စ၊ စာပေစိစစ်ခြင်းနဲ့ ဆိုင်တဲ့ပုဒ်မမှာပါတဲ့ စာနယ်ဇင်းပါအကြောင်းအရာတွေကို  ပုံမနှိပ်ခင်ဖြစ်စေ၊ ပုံနှိပ်ပြီးမှဖြစ်စေ ဖြတ်တောက် တားမြစ်ပိတ်ပင်ခြင်းနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက် စတဲ့အချက် ၁၇ ချက်ပါဝင်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာတော့ ဒီကိစ္စတွေအပါအ၀င် မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပြီး မြန်မာ့မီဒီယာကို လူမှုတာဝန်သိတဲ့ မီဒီယာပုံစံ တည်ဆောက်ဖို့ မျှော်မှန်းထားတယ်လို့ ၀န်ကြီး ဦးအောင်ကြည်က ပြောကြောင်း  နှစ်ဖက်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးသားဖ်ာပြထားပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013