DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံတွင် ရေကြီး၊ လူ ၁ ဦး ပျောက်ဆုံး
DVB
·
August 12, 2013
ကျိုင်းတုံတွင် ရေကြီး၊ လူ ၁ ဦး ပျောက်ဆုံး
1 / 3
Donate to DVB

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ ခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ လျှံတဲ့အတွက် လူ ၁ ဦး ရေထဲမျှောပါသွားပြီး လယ်ယာမြေနဲ့ အိမ်ခြေတွေ ပျက်စီးခဲ့ပါတယ်။

ကျိုင်းတုံမြို့နယ်ထဲက နမ့်လပ်၊ နမ့်ခွန်၊ နမ့်ဖူး စတဲ့ ချောင်းတွေ ရေလျှံကျပြီး အနီးနား ပတ်ဝန်းကျင်တ၀ိုက်က  ကတ်ထိုက်၊ ၀မ်ဆောင်းကျေးရွာအုပ်စု ၂ ခုနဲ့ လယ်ယာစိုက်ပျိုးခင်းတွေပါ ရေ၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၉-၁၀ ရက်နေ့တွေမှာ ရေ၀င်ရောက်လာတာကြောင့် အိမ်ခြေ ၂၀၀ က မိသားစုဝင်တွေ ဘေးလွတ်ရာကို ခေတ္တရှောင်တိမ်းခဲ့ရပြီး  ဌာနဆိုင်ရာက ထမင်းထုပ်နဲ့ သောက်ရေသန့်တွေ ဝေပေးခဲ့တယ်လို့ ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးသိန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“နှစ်ရွာ သုံးရွာလောက်ပါ။ ရေက ဒီလိုပါ တောင်ကျချောင်းရေ တွေရှိတယ်။ အိမ်ထဲကို ရေ၀င်လာတဲ့ သဘောပါ။ အခုတော့ တချို့ ပြန်ကျသွားပါပြီ။ တချို့အိမ်တွေတော့ ပျက်စီးမှုတွေ ရှိပါတယ်။ သဲနုန်းဖုံးတာကတော့ လယ်ဧက ၇၀ လောက် ရှိတယ်။ ရေ၀င်သွားပြီး ပြန်ကျသွားချိန်မှာ သဲနုန်းတွေ ဖုံးသွားတော့ ပြန်စိုက်လို့မရဘူး။ အဲဒီလို အခက်အခဲတွေရှိတယ်။ တင်ပြထားပါတယ်။ အိမ်ကတော့ ကတ်ထိုက်အုပ်စု ကတ်ဝုန်ရွာက အိမ် ၇ လုံးလောက် သဲနုန်းဖို့ပြီးတော့ နည်းနည်း ပျက်စီးသွားတာ ရှိတာပေါ့။ လိုအပ်တဲ့ ထောက်ပံကူညီမှုတွေတော့ လုပ်နေပါတယ်။”

ရေကြီးမှုကြောင့် အသက် ၃၀ အရွယ် ကိုကျော်ရဲအောင်  ဩဂုတ် ၁၀ ရက်နေ့ ညကတည်းက နမ့်ဖူးချောင်းရေနဲ့အတူ မျှောပါသွားပြီး ဒီနေ့ခင်းပိုင်းထိ  ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။

ကျိုင်းတုံက လူမှုအခြေပြုအဖွဲ့အစည်း မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် နန်းဝိုးဖတ်က ရေကြီးမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။

“ဩဂုတ် ၁၁ ရက်နေ့မနက်မှာ ကျမတို့အဖွဲ့ဝင်တွေက ရွာသားတွေကို ပစ္စည်း သွားရွှေ့ကူပါတယ်။ အရေးကြီးတဲ့ပစ္စည်းတွေ အိမ်ပေါ် အမြင့်ကို ရွှေ့ပြောင်းကြတယ်။ ၁၀ ရက်နေ့ကညက ရေအားလျှပ်စစ်ရုံးက ၀န်ထမ်း ၁ ဦး ရေထဲမျှောသွားတယ်လို့ ရွာသားတွေ ပြောတယ်။ ကတ်ပုန့်ရွာက အဖိုးကြီးတယောက် ပြောတာ ရေနဲ့အတူ သဲတွေရောပါလာတာ သူ့လည်ပင်းထိ ရောက်တယ်တဲ့။ သစ်တုံးတခုနဲ့ တိုက်မိလို့ နံရိုးထိသွားတယ်။ အခု သူ ဆေးရုံတက်နေရတယ်။”

ကျိုင်းတုံမြို့ နောင်ကုန်း၊ မြို့သစ်၊ ကတ်ဝုန်၊ ၀တ်ကုန်၊ ၀တ်ကန်၊ ဆီဖုန်း၊ လွယ်ခိုက်၊ ယန်းယောက်၊ သဲဆိုင်း၊ ၀မ်ကျန်၊ ၀မ်ဟိုင်း စတဲ့ ရွာတွေနဲ့ ရာနဲ့ချီတဲ့ စပါးခင်းတွေထဲကို ရေ၀င်လာခဲ့ကြောင်း၊ ရွာသား ၁၀၀ ကျော်  ကတ်ပုန့်ဘုန်းကြီးကျောင်းမှာ ခဏသွားရှောင်နေတယ် လို့ နန်းဝိုးဖတ်က ဆိုပါတယ်။

ကျိုင်းတုံမြို့ တောင်ဘက် မိုင်းဖြတ်နဲ့ မိုင်းဆတ်အသွား ကားလမ်းမှာလည်း  ဩဂုတ်လ ၁၀ ရက်နေ့က တောင်ပြိုမှု၊ ရေလျှံမှုတွေကြောင့် ၀မ်ပုံတံတားပျက်စီးပြီး အသွားအလာ ခဏပြတ် တောက်ခဲ့ပြီး အခု တံတားပြန်ပြင်ပြီးပြီလို့ မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးရုံး ၀န်ထမ်းတဦးက ပြောပါတယ်။

ကျိုင်းတုံအရှေ့ဘက် ထိုင်းနယ်စပ်၊ တာချီလိတ်မြို့မှာလည်း ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့ကစပြီး မယ်ဆိုင်ချောင်းရေလျှံတဲ့အတွက် ပုန်းထုန်၊ တာလော့နဲ့ ၀မ်ကောင်း စတဲ့ ရပ်ကွက်တွေ ရေကြီးခဲ့ပြိး တာလော့ဈေးကို  ၂ ရက်ပိတ်ထားရကြောင်း၊ ဒီနေ့တော့ အခြေအနေ ပုံမှန်ပြန်ဖြစ်ပြီလို့ တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးခင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013