DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၂ ဦးကို ပဉ္စမအကြိမ် ရန်ကုန်စေလွှတ်
DVB
·
November 20, 2020
ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၂ ဦးကို ပဉ္စမအကြိမ် ရန်ကုန်စေလွှတ်
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေတဲ့ ရန်ကုန်မြို့မှာ အားဖြည့်ကူညီဖို့ ကယား ပြည်နယ်က ကျန်းမာရေးဝန်ထမ်း ၂၂ ယောက်ကို  ပဉ္စမအကြိမ်အနေနဲ့ နိုဝင်ဘာ ၂၀  ရက်နေ့က ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ ဗဟိုချက်မလိုဖြစ်နေတဲ့အတွက် ရောဂါတွေ ပြန့်ပွားနေပါက တခြားပြည်နယ်နဲ့တိုင်းတွေကိုပါ ကူးစက်လာနိုင်တဲ့အတွက် ကယားပြည်နယ်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထပ်မံစေလွှတ်ရတာလို့ ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

“ကျနော်တို့က ရန်ကုန်ကို အဓိက သွားကူတယ်ဆိုတာက ကျနော်တို့ဆီမှာ ပစ်ထားပြီး သွားလုပ်ရတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်းသည် အခုချိန်မှာ ကိုဗစ်-၁၉ ရဲ့ ဖြစ်ပွားမှုက ဗဟိုချက်မ လိုဖြစ်နေတယ်။ ဖြစ်နေတဲ့အခါမှာ ဟိုမှာရှိတဲ့လူနာတွေကို မနိုင်မနင်းနဲ့ကုပြီး‌တော့ လူနာတွေက စနစ်တကျ မကုနိုင်ရင် ရန်ကုန်တိုင်းမှာ ရောဂါတွေများပြားပြီးတော့ ပြန့်ပွားလာမယ်ဆိုရင် တနိုင်ငံလုံးကို ပြန့်မှာဖြစ်တယ်။ ဒါကြောင့် ရန်ကုန်တိုင်းမှာ သွားထိန်းထားခြင်းအားဖြင့်၊ သွားပြီးတော့ ကုသတဲ့နေရာမှာ ကူညီပံ့ပိုးခြင်းအားဖြင့် ရန်ကုန်တိုင်းမှာတင် ရောဂါတွေထိန်းထားနိုင်မယ်၊ ပျောက်ကင်းအောင်ကုသနိုင်မယ်ဆိုရင် တခြားပြည်နယ်နဲ့တိုင်းတွေကို မပျံ့နှံ့မှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ရန်ကုန်တိုင်းကို သွားကူခြင်းကလည်း ကျန်တဲ့ပြည်နယ်၊ တိုင်းကို ရောဂါသည်တွေ မပျံ့နှံ့အောင် ကာကွယ်ခြင်းနဲ့ အတူတူပါပဲ။”

ကယားပြည်နယ်က ကျန်းမာရေး စေတနာ့ဝန်ထမ်း ၂၂ ဦးကို ရန်ကုန်မြို့ ကိုဗစ်-၁၉ ရောဂါကုသရေး စင်တာတွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းနဲ့ ဧရာဝတီစင်တာတွေမှာ သွားရောက် ကူညီဆောင်ရွက်ပေးဖို့ စေလွှတ်တာဖြစ်ပါတယ်။

စေလွှတ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲက ပထမနဲ့ ဒုတိယ အသုတ်ကတော့ ပြည်နယ်ကို ပြန်လည်ရောက်ရှိပြီး ကျန်းမာရေးဆေးမှုတွေခံယူပြီး ဖြစ်ပါတယ်။

ဒါ့အပြင် တတိယအသုတ် စေလွှတ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းအယောက် ၂၀ ကို ရန်ကုန်ကနေ ဒီနေ့ ပြန်ခေါ်လာမယ်လို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။

ကယားပြည်နယ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦးတွေ့ရှိခဲ့ပြီး လက်ရှိဆေးရုံမှာ ၇ ဦး ဆေးကုသမှုခံယူနေပါတယ်။ ပိုးတွေ့သူအများစုဟာ ကုန်စည်ပို့ဆောင်နေတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်ကနေ အလုပ်လုပ်ပြီး ပြန်လာသူတွေဖြစ်ပါတယ်။

လတ်တလော ပြည်နယ်အတွင်း ပိုးတွေ့လူနာတွေရှိနေပေမယ့် အရေးပေါ်ကုသရမယ့် လူနာမျိုး မရှိသေးတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေကို ရန်ကုန်ကို စေလွှတ်တာလို့လည်း ဒေါက်တာဌေးလွင်က ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်ည ၈ နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၇၄,၈၈၂ ယောက်၊ သေဆုံးသူ ၁,၆၇၆ ယောက်နဲ့ ဆေးရုံက ဆင်း ခွင့်ရသူစုစုပေါင်း ၅၅,၆၃၃ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013