DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု လက်တွေ့အကောင်အထည်ဖော်ရန် KSPP အကြောင်းပြန်
DVB
·
November 19, 2020
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု လက်တွေ့အကောင်အထည်ဖော်ရန် KSPP အကြောင်းပြန်
Donate to DVB

၁၉၄၇ ပင်လုံစာချုပ်သဘောတူညီချက်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်ဖို့လိုလားတဲ့အကြောင်း  ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) က အန်အယ်လ်ဒီပါတီထံ အကြောင်းပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေနဲ့ တူညီတဲ့အတွက် နောင်အနာဂတ်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်ဖို့ အကြောင်းကြားစာကို တိုင်းရင်းသားပါတီ ၄၈ ပါတီထံ နိုဝင်ဘာ ၁၂ ရက်က ပေးပို့ထားတာပါ။

အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စနဲ့ စပ်လျဉ်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ စာကို  နိုဝင်ဘာလ ၁၇ ရက်နေ့မှာ လက်ခံရရှိခဲ့တဲ့အတွက်   ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPPက လက်ခံလိုလားကြောင်း အကြောင်းပြန်တဲ့စာကို  ကချင်ပြည်နယ်ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက လက်မှတ်ရေးထိုးကာ နိုဝင်ဘာ ၁၈ ရက်နေ့က ပြန်လည်ပေးပို့ခဲ့ ပါတယ်။

KSPP ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး ဦးဂျန်ခုန့် က "အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အနာဂတ်မှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားဆောင်ရွက်မယ် ၁၉၄၇ ပင်လုံစာချုပ်သဘောတူညီချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်း လာရေးအတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်လုပ်ဆောင်မယ် ဆိုတဲ့အတွက် KSPP ပါတီအနေနဲ့ လက်ခံလိုလာကြောင်း ပြန်လည်အကြောင်းပြန်လိုက်တာပါ"လို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ  KSPPပါတီက ကိုယ်စားလှယ်လောင်း ၆၇ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး အင်ဂျန်းယန်မြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်၊ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်၊ ဆွမ်ပရာဘွမ်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်၊ မိုးမောက်မြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော် စုစုပေါင်း (၄) နေရာ အနိုင်ရရှိထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့စာမှာတော့ တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေဟာ အဖွဲ့ချုပ် ရည်မှန်းချက်တွေနဲ့ တူညီတာကြောင့် နောက်လာမယ့် အနာဂတ်မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေဟာ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မိမိတို့ ပြည်နယ်အသီးသီးမှာ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြတာကို သတိမူမိပြီး တချို့ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတချို့ ကျေနပ်ဖွယ် ရလဒ်ရခဲ့ကြပေမဲ့ တချို့ပါတီတွေက ရည်မှန်းချက်အတိုင်း မဖြစ်လာကြဘူးလို့ ဆိုပါတယ်။

ဘယ်လိုအခြေအနေ ရောက်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နောက်အနာဂတ်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ အန်အယ်လ်ဒီရဲ့ စာမှာ ကတိပြုထားပါတယ်။

သတင်း - ထူးထူး (ဗိုလ်ကလေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013