DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲကျင်းပမည့်ကိစ္စ ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပြုရန် အမေရိကန်ကို ဇလန်းစကီး ပြော
DVB
·
October 21, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ယူကရိန်းနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပရေးကိစ္စကို ယူကရိန်းကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးဖို့ အမေရိကန်ကို သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အောက်တိုဘာ ၂၀ ရက်က အီတလီ မီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၀ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းအနေနဲ့ ရွေးကောက်ပွဲ ကျင်းပပြီး ရုရှားနဲ့ သဘောတူညီချက် ရယူနိုင်မဲ့ ခေါင်းဆောင်အသစ်တယောက်နဲ့ အစားထိုးဖို့ တောင်းဆိုခဲ့သလို ဇလန်းစကီးဟာ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒမရှိဘူးလို့လည်း စွပ်စွဲခဲ့ပါတယ်။

သမ္မတ အပြောင်းအလဲဖြစ်ရင် သူတို့ရဲ့ဖိအားတွေ လျော့ကျသွားမယ်လို့ မျှော်လင့်နေတဲ့ အတွက်ကြောင့် ရုရှားက ရွေးကောက်ပွဲကိစ္စကို ထုတ်ပြောနေတာ ဖြစ်တယ်လို့ ဇလန်းစကီးက ထောက်ပြခဲ့ပြီး အမေရိကန်ဘက်ကလည်း အဲဒီလို သဘောထားမျိုး ရှိနေတာကို သူအံ့သြမိကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေတွေအရ အနောက်နိုင်ငံက လေ့လာစောင့်ကြည့်သူတွေ ရှေ့မှောက်မှာ ပွင့်လင်းမြင်သာပြီး ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲတွေ လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူကရိန်းသမ္မတက ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရှိနေတဲ့ စစ်သည်တွေ၊ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ယူကရိန်းနိုင်ငံသားတွေနဲ့ နိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအားလုံး မဲပေးခွင့် ရရှိနိုင်အောင် လုပ်ပေးရမယ်လို့ ဇလန်းစကီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ဖုန်းခေါ်ဆိုပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုတွေကို ကြိုတင်သတိပေးစနစ်တွေနဲ့ ကြားဖြတ်ဟန့်တားနိုင်မဲ့ စနစ်တွေကို ထောက်ပံ့ပေးဖို့အပြင် Starlink/Starshield ဝန်ဆောင်မှုတွေကို ပြန်လည်အသုံးပြုနိုင်ရေး လိုအပ်ချက်တွေအပေါ် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ X လူမှုကွန်ရက်မှာ ဇလန်းစကီးက ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေး သံတမန်ရေးရာ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ရူဘီယိုရဲ့ “ကူညီလိုစိတ်ရှိမှု သဘောထားနဲ့ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်” အတွက် ဇလန်းစကီးက ကျေးဇူးတင်စကား ဆိုခဲ့ပြီး သူတို့ရဲ့ ဆွေးနွေးမှုဟာ “အနှစ်သာရရှိပြီး အပြုသဘောဆောင်တယ်” လို့လည်း ဖော်ပြခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အိန္ဒိယနိုင်ငံမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မာကို ရူဘီယိုက ဖုန်းပြောဆိုခဲ့တာကို အတည်ပြုခဲ့ပြီး ထရမ့်ပ်အစိုးရအဖွဲ့အနေနဲ့ ယူကရိန်းနဲ့ အရင်မျှဝေထားတဲ့ ထောက်လှမ်းရေး အချက်အလက် မျှဝေမှုပုံစံအပေါ် ပြောင်းလဲမှု တစုံတရာ မပြုလုပ်ထားဘူးလို့ ငြင်းဆို ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013