DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့က ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအားလုံး မြို့တွင်းဝင်မအိပ်စေလို
DVB
·
November 18, 2020
ပခုက္ကူမြို့က ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအားလုံး မြို့တွင်းဝင်မအိပ်စေလို
Donate to DVB

ပခုက္ကူမြို့ကနေ ပြင်ပကိုသွားရောက် ကုန်ပို့ကြတဲ့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအနေနဲ့ သက်ဆိုင်ရာမြို့တွေကနေပြန်လာတဲ့အခါ မြို့တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်နိုင်တာကြောင့် မြို့တွင်းဝင် မအိပ်စေချင်ဘူးလို့ ပခုက္ကူ ယာဉ်ဂိတ်မှူးတွေက ပြောပါတယ်။

ရန်ကုန်က ပြန်ရောက်လာတဲ့ ယာဉ်မောင်းယာဉ်နောက်လိုက်တွေဟာ ကိုဗစ်ကာလ အတွင်းမှာ ပခုက္ကူမြို့ရှောင်လမ်းပေါ်မှာ အိပ်စက်လေ့ရှိပြီး ကျန်တဲ့ တခြားမြို့တွေက ပြန်ရောက်လာတဲ့သူတွေကတော့ မြို့ထဲမှာ  မိသားစုနဲ့အတူ ပြန်လည် ၀င်ရောက် အိပ်စက်တာတွေ ပြုလုပ်နေတဲ့အတွက် ရောဂါကူးစက်ခံရသူပါလာရင်  ရောဂါပျံ့နှံ့မှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။  

ပြည့်မဏ္ဍိုင်ကားဂိတ် ဂိတ်ပိုင် ဦးကိုကိုထွေးက “ဖြစ်နိုင်ရင် မအိပ်စေချင်ပါဘူး။ ကျနော်တို့အနေနဲ့ မိသားစုနဲ့လည်း ထိတွေ့မှု အားနည်းအောင်ကို နေပေးစေချင်တယ်။ ကျနော်တို့ ဒီကားမှထွက်သွားပြီဆိုရင် ကျနော်တို့က စီးပွားရေးအခြေအနေကြောင့် စားဝတ်နေရေး အခြေအနေကြောင့် ကားထွက်ကြရတာကိုး။ ဒါပေမဲ့ အဲ့ဘက်မှာ ရောဂါရမှာ ကြောက်လို့ ကျနော်ကပြောတာပါ။ အဓိက ကတော့ ဒီမှာမအိပ်စေချင်ဘူးပေါ့ဗျာ။ မြို့ထဲကို သူတို့လည်း ပြန်မအိပ်စေချင်ဘူး။ မန္တလေးကလာတဲ့ကားတွေလည်း မြို့ထဲမှာ ၀င်အိပ်နေ ကြပါတယ်။ အဲ့ဒါတွေလည်း ၀င်မအိပ်စေချင်ပါဘူး။ မြို့ပြင်မှာပဲအိပ်စေချင်တယ်။ သူ့မိသားစုနဲ့လည်း ခပ်လှမ်းလှမ်းကပဲ ပြောဆိုစေချင်တယ်။ သူ့မိသားစုကို ပထမကူးမယ် ဒုတိယက သူ့ရဲ့ ပတ်ဝန်းကျင်ကို ကူးမယ်။ အဲ့လိုတွေ ကူးစက်မှုတွေဖြစ်မှာကြောက်လို့ ကျနော့်အနေနဲ့ကတော့ ခရီးမှထွက်ပြီဟေ့ဆိုရင် အိမ်ထဲ ရပ်ကွက်ထဲဝင်မအိပ်စေချင်တာပေါ့။ ဘယ်ကလာတဲ့ကားဖြစ်ဖြစ် ဘယ်မြို့နယ်က ကားပဲဖြစ်ဖြစ် မအိပ်စေချင်တာပါ။”

ကိုဗစ်ဒုတိယလှိုင်းကာလမှာ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ပခုက္ကူမြို့က ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၅ ဦး  ချင်းပြည်နယ်မတူပီ၊ မင်းတပ်အ၀င်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ။

ပခုက္ကူက ကုန်တင်ယာဉ်တွေအနေနဲ့ ချင်းပြည်နယ်၊ မတူပီ၊ မင်းတပ်၊ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ စတဲ့ ဒေသတွေကို အများဆုံးသွားလာကြတာဖြစ်ပါတယ်။

ယာဉ်မောင်းတွေအနေနဲ့လည်း ကုန်ပို့ပြီး ခါလီပြန်လာတဲ့ကားတွေကိုလည်း မြို့အ၀င်မှာ Test Kits နဲ့ စစ်ဆေးပေးစေချင်တယ်လို့ ယာဉ်မောင်းသူတွေကဆိုပါတယ်။

Test Kits စစ်ဆေးရာမှာ တစ်ဦးကို ကျပ် ၁၀,၀၀၀ နှုန်းပေးဆောင်ရပြီး ခါလီပြန်လာတဲ့ စစ်ဆေးချင်တဲ့ ယာဉ်မောင်းတွေအနေနဲ့လည်း သွားရောက်အစစ်ဆေးခံနေရတယ်လို့ ဆိုကြပါတယ်။

ပခုက္ကူကနေ မတူပီမြို့ကို ကုန်ပို့ပြီးပြန်လာသူ ကိုထိန်လင်းဇော်က “အရင်ကတည်းက စစ်မပေးဘူး။ ခါလီကားတွေကို မြို့အ၀င်စစ်မပေးဘူး။ ကျနော်တို့ကားသမားတွေအနေနဲ့ မြို့ ထဲအ၀င်ကို ခါလီနေနေ ၀ိတ်နဲ့နေနေ စစ်ပေးစေချင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ အိမ်အပြန် ကိုယ့်မိသားစု ကိုယ့်မြို့ ကိုယ့်နေရာဒေသကို လုံခြုံစေချင်တာပေါ့။ အဲ့ဒီအတွက် ခါလီကားတွေရော စစ်ပေးစေချင်တယ်။ တစ်ယောက်တစ်သောင်း စပယ်ယာနဲ့ဆိုတော့ နှစ်ယောက် နှစ်သောင်းပေါ့။ ၃ ရက်ခြားတစ်ခါလောက် တောက်လျောက်သွားနေရတယ်။ ဒီက မစစ်လည်း ဟိုဘက် မင်းတပ် ရောက်ရင်စစ်တယ်။ နှစ်ခါစစ်တာပေါ့ ကိုယ်ကိုယ်တိုင်ကလည်းစစ်စေချင်နေတော့ သူတို့ကိုလည်း စစ်ပေးစေချင်တယ်ပေါ့။ အိမ်အ၀င်ကအရေးကြီးတယ်လေ။”လို့  ပြောပါတယ်။

ပခုက္ကူမြို့မှာ ခရီးသွားရာဇ၀င်မရှိတဲ့ အမျိုးသား တစ်ယောက် နိုဝင်ဘာ ၁၆ ရက်နေ့ညက အနံ့ပျောက်တာကြောင့် ကွာရန်တင်းစင်တာကို ၁၇ ရက်နေ့မှာ ပို့ဆောင်ထားရတယ်လို့ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးရှေ့ပြေးအဖွဲ့က သိရပါတယ်။

သတင်း- ခင်ပြည့်စုံဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013