DVB Logo
Home
Lead Story
တင်မိုး ၈၇ မွေးနေ့ကဗျာများ (ဆောင်းပါး)
DVB
·
November 18, 2020
တင်မိုး ၈၇ မွေးနေ့ကဗျာများ (ဆောင်းပါး)
1 / 5
Donate to DVB

နိုဝင်ဘာ ၁၉

နှစ်စဉ် ကိုး

“တင်မိုး” မွေးနေ့ ရောက်ပြန်ပြီ။ ။ 

(ကဗျာဆရာကြီး ဦးတင်မိုး မွေးနေ့ ၈၇ နှစ်မြောက်)

ကဗျာဆရာကြီး တင်မိုး၊ နာမည်ရင်း ဦးဘဂျမ်းဟာ ၁၉၃၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် မွေးခဲ့တာမို့ အခု ၂၀၂၀ နိုဝင်ဘာ ၁၉ ဟာ သူ့ရဲ့ ၈၇ နှစ်ပြည့် မွေးနေ့ပါ။ စစ်အာဏာရှင်အစိုးရ အမျက်တော်ရှပြီး အချုပ်နဲ့ နရသိန်အကျဉ်းထောင်တွေထဲ နှစ်ရှည်ကျခံခဲ့ရတဲ့ စာရေးဆရာ ကဗျာဆရာတွေထဲမှာ အေးဆေးတည်ငြိမ် စိတ်ကောင်း စေတနာကောင်းရှိလှတဲ့ ကဗျာကဝိ ပညာရှိ ဆရာကြီး တင်မိုးလည်း ပါဝင်ခဲ့ပါတယ်။ 

သူ့အမည်ရင်း ဦးဘဂျမ်းဖြစ်ပြီး ပထမပိုင်းမှာ ‘ကန်မြဲနန်းမြင့်နွယ်’ ကလောင်အမည်နဲ့ ကဗျာရေးခဲ့သူဟာ ၁၉၅၈ ခုနှစ် ဖေဖေါ်ဝါရီလထုတ် သွေးသောက်မဂ္ဂဇင်းမှာ “အခိုးခံရသော ကာရံကလေး” ကဗျာကစလို့ 'တင်မိုး' အမည် သုံးခဲ့ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ကဗျာတွေ၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ကဗျာတွေ၊ ဒီမိုကရေစီ တိုက်ပွဲဝင် ကဗျာတွေကို ရေးသားခဲ့တာကြောင့် သူဟာ ထောင် ၄ နှစ်ကျရ၊ ထောင်ကထွက်တော့လည်း ပြည်ပကို ထပ်ထွက်ရပြီး သိပ်ချစ်ရတဲ့၊ လွမ်းရတဲ့ မြန်မာပြည်ကို မပြန်နိုင်တော့ဘဲ အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခဲ့ရပါတယ်။ သူဟာ အင်းစိန်ထောင်ကျ ၄ နှစ်ကာလမှာလည်း ကဗျာကို ရသလို ရေးခဲ့သူ ဖြစ်ပါတယ်။ 

“ ၆၀ ပြည့်ကဗျာ ”

ငါကွ ငါဟ ၊ မာန ပြာကျ

ဘာကမှ ရှာမရ 

စာနာမျှသည် 

လငပုပ်ဖမ်း ၊ လွတ်ခဲ့ပြီ ။ ။ 

(တင်မိုး)

အင်းစိန်ထောင် အဆောင် ၅ ၊ အခန်း ၃ တွင် နှုတ်ဖြင့်ရေးသောကဗျာ။ တင်မိုး ၈၀ ကဗျာ ၈၀ စာအုပ်မှ (စွပ်ကျယ်ဟောင်းပေါ်ရေး၍ လွတ်မည့် အကျဉ်းသားနှင့် အိမ်သို့ပို့ခဲ့သည်။ ၄ ၊ ၂ ၊ ၁၉၉၅ တွင် ထောင်မှ လွတ်သည်။)

၈၈၈၈ အရေးတော်ပုံကြီးကို ဖြိုခွဲပြီး စစ်အာဏာသိမ်းထားခဲ့တဲ့ စစ်အစိုးရဟာ စာပေလွတ်လပ်ခွင့်တွေ ပိတ်ခဲ့ပါတယ်။ အထူးသဖြင့် ဒီကာလမှာ ဒီမိုကရေစီ ကဗျာတွေ စာတွေ မရေးသားဖို့ စစ်ထောက်လှမ်းရေးက ဆရာ့ကို အကြိမ်ကြိမ် ပိတ်ပင်ခဲ့တယ်။ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ရဲရဲတောက် ရေးသားခဲ့တယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း စာဆိုကြီးဟာ ထောင်ကျရ၊ ပြည်ပြေးဘဝ ရောက်ခဲ့ရတာပါ။ သူ့ကဗျာတွေများစွာထဲမှာ အပိတ်အပင် အခံရဆုံး၊ အာဏာရှင် မကြိုက်ဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကဗျာတွေ ရေးသားခဲ့လို့ပေါ့။ 

“စုရဲ့ အလင်းရောင်”

နှလုံးသားကို တံတားခင်း

မျက်ရည်နဲ့ ရင်းရတဲ့

လွတ်လပ်ခြင်း ဆိုတဲ့ဂုဏ်

ဒီမိုကရေစီ အရေးတော်ပုံ မှာ ……… ။

ချစ်သူ ရဲ့ အလောင်းကို မပိုက်နိုင်ပေမယ့်

မြန်မာပြည်သူကို ရင်ခွင်ပိုက်ပြီး

ခေါင်းမငိုက် ဦးမညွတ်

ကိုယ်ကျိုးကို စွန့်လွှတ်တဲ့

ခွပ်ဒေါင်း ဇာနည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့

တည်ကြည် ရဲရင့်တဲ့ ဂုဏ်ဟာ

ကမ္ဘာမြေ တုန်လောက်ပါတယ် ။

အာဇာနည် စိတ်ဓာတ်ကို

မှတ်ကျောက်တင် စမ်းသပ်လိုက်တဲ့

ဒီ ဖြစ်ရပ် ဒီလောကဓံကို

ကြံ့ကြံ့ခိုင် အနိုင်ယူပြီး

အောင်လံတလူလူ လွှင့်ထူလိုက်ပါတယ် ။

သင့် အတွက် ကျွန်ုပ်တို့ ကြေကွဲပါရဲ့

ဒါပေမယ့် ……

ရဲရင့်တဲ့ သင့်စိတ်ဓာတ်ကို

အလေး အမြတ် မပြုဘဲ မနေနိုင် ။

အောင်ဆန်းသွေး အောင်ဆန်းစိတ်ဓာတ် နဲ့

မြင့်မြတ်မှု ဂုဏ်ရည်စုကို

အလေး အမြတ် မပြုဘဲ မနေနိုင် ။

သင် ချစ်တဲ့ ခင်ပွန်း အတွက်

ကျခဲ့တဲ့ မျက်ရည်စက်များဟာ

တလက်လက် ထိန်တောက်နေတဲ့

စိန် ကျောက် ပမာ အရောင်ဖြာပြီး

မြန်မာပြည်သူတွေရဲ့ အောင်လမ်းကို

အရောက်လှမ်းနိုင်မယ့် လမ်းညွှန်ချက် အဖြစ်

ထွန်းလက် တောက်ပ မယ်လို့

ကျွန်ုပ်တို့ မုချ ယုံကြည်ပါတယ် ။

မြန်မာပြည်သူတို့ရဲ့ ခံစားမှုကို

ကိုယ်စားပြု ဦးဆောင်နေတဲ့

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အလင်းရောင် ဟာ

အမှောင် ဟူသမျှ ဖြိုခွင်းပြီး

လွတ်လပ်ခြင်း ပန်းတိုင် ရောက်ပါစေ ။

( ချစ်စွာသော …… ဒေါ်စု သို့ ………… )

(တင်မိုး) 

–နှစ်နှစ်ကာကာ ၁၅၀ ကဗျာ တင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် စာအုပ်မှ

 

ဆရာကြီးတင်မိုးရဲ့ ကဗျာရေးသက် ရာဇဝင်ကို ကြည့်ပါမယ်။ 

သူဟာ ၁၉၅၀ ပြည့်နှစ် မန္တလေး သီတင်းကျွတ်အထူးထုတ် ဗဟိုရ်စည်သတင်းစာမှာ ဝါကျွတ်သဘင်ကဗျာကို ‘ကန်မြဲသက်နှင်း’ နာမည်နဲ့ စရေးခဲ့ပါတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်မဂ္ဂဇင်း (၁၉၅၁) မှာ ‘ကန်မြဲနန်းမြင့်နွယ်’ ကလောင်နာမည်နဲ့ ‘လယ်ထဲက တေးသံချို’ စသဖြင့် ကဗျာတွေလည်း ရေးခဲ့ပါသေးတယ်။ ၁၉၅၅ ခုနှစ်ကျတော့ မန္တလေး လူထုဂျာနယ်မှာ ကဗျာအယ်ဒီတာလုပ်ချိန် ‘ကိုရင်ဂျမ်း’၊ ‘စန်းရောင်’ နာမည်တွေနဲ့လည်း ကဗျာတွေ ရေးခဲ့တယ်။ ၁၉၅၈ ခုနှစ်ကျမှ “တင်မိုး” ကလောင်နာမည် စသုံးတယ်။ သူဟာ စစ်အစိုးရခေတ်မှာမှ ရဲရဲတောက် ကဗျာတွေ ရေးခဲ့တာမဟုတ်ပါ။ ကဗျာသက်တမ်းတလျှောက် အခွင့်သင့်သလို လူထု အကျိုးပြုကဗျာတွေ၊ ကမောက်ကမ အုပ်ချုပ်သူတွေနဲ့ အစိုးရတွေကို သရုပ်ဖော်တဲ့ကဗျာတွေ ရေးလေ့ရှိတာပါ။ ဒီကဗျာတပုဒ်ကို ဖတ်ကြည့်ပါဦးခင်ဗျာ။ ဆရာကြီးရဲ့ သဘော အမြင် စေတနာတွေ၊ အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို တွေ့နိုင်ပါတယ်။  

“သမိုင်းဆရာ၏ တွေ့ရှိချက်”

လက်နက်သခင် ၊ ရှင်ဘုရင်၏

ပလ္လင်အောက်က ၊ တွေ့ရှိရသည်

နိုးထသူတို့ခေါင်းခွံများ ။ ။ 

တင်မိုး ၈ ၊ ၁၂ ၊ ၁၉၆၅ ပန်းဈေးခင်း (၁၉၆၇)

–တင်မိုး ၈၀ ကဗျာ ၈၀ စာအုပ်မှ 

ဆရာတင်မိုးဟာ ပြည်ပမှာလည်း နေ့စဉ် ညစဉ် အချိန်တိုင်း ကဗျာရေးဖို့ကိုပဲ တွေးနေသူပါ။ ရောက်ရာဒေသ၊ နေရာမရွေး အကြောင်းတွေမှန်သမျှ ကဗျာဖြစ်အောင် ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက၊ နော်ဝေးနိုင်ငံ အော်စလိုက ကျနော်တို့ရဲ့ DVB သတင်းဌာနကိုလည်း “နှင်းတောင်ပေါ်က အသံ” ခေါင်းစဉ်နဲ့ ဂုဏ်ပြုကဗျာ စပ်ခဲ့ပါတယ်။ 

မြန်မာပြည်ကို ပြန်လို့မရတော့ မဲဆောက်ကိုလာပြီး မြန်မာပြည်ကို နောက်ဖေးပေါက်က လှမ်းမျှော်ကြည့်ရင်း “ဒေါက်တာစင်သီယာသို့” ကဗျာကို ရေးပြန်ပါတယ်။ ကရင်လူမျိုး ဒေါက်တာစင်သီယာမောင်ဟာ မြဝတီတဖက်ကမ်းက  မဲဆောက်မြို့၊ မယ်တော်အရပ်မှာ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ၊ နယ်စပ်ဒုက္ခသည်တွေနဲ့ ပြည်တွင်းကလာတဲ့ လူနာတွေကို အခမဲ့ ဆေးခန်းဖွင့် ဆေးကုပေးနေတာ ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာရဲ့ မယ်တော်ဆေးခန်းကို ကဗျာဆရာ ရောက်သွားတဲ့အခါ ကဗျာ ဖြစ်လာပါတော့တယ်။ 

 

“ဒေါက်တာစင်သီယာသို့”

ကရုဏာရှင်၊ မြတ်မိခင်သို့

စင်သီယာမောင်၊ ဂုဏ်ထူးဆောင်၏

ထွန်းပြောင်လှစွာ၊ စေတနာကို

ကဗျာတေးပိုဒ်၊ ငါဦးခိုက်၏။

တိမ်တိုက်တွင်းမှ၊ ထွက်သောလသို့

ညအမှောင်တွင်း၊ လရောင်ခွင်းသည်

အေးခြင်းမြခြင်း၊ ငြိမ်းချမ်းခြင်းကို 

ပြည်တွင်းပြည်ပ ၊ ခံစားရသည် 

ဘဝမြင့်မြတ်သူပါတကား။ ။ 

(တင်မိုး) ၁၈ ၊ ၂ ၊ ၂၀၀၁ မဲဆောက်

- တင်မိုး ၈၀ ကဗျာ ၈၀ စာအုပ်မှ

 သူဟာ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကန်မြဲရွာသားပါ။ အညာသားပါ။ ဘယ်လောက်ပဲ မဖွံ့ဖြိုး မဖွံ့ဖြိုး၊ ဘယ်လောက်ပဲ မတိုးတက် မတိုးတက် ကိုယ့်အညာ ကိုယ့်ရွာမှာသာ ကြမ်းကြားလေကလေး ခံ၊ ဘူးခါးရေကလေး သောက်နေချင်သူပါ တဲ့။ သူ ပညာသင်ခဲ့ အလုပ်လုပ်ခဲ့ရာ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် အနီးအပါး သွား လာ အိပ် စားလိုသူပါလို့ တဖွဖွ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့ရဲ့ ၇၀ ပြည့် မွေးနေ့ကိုတော့ ရေမြေခြား ဝေးကွာလှပါတဲ့ အမေရိကန်ပြည်မှာ ကျင်းပခဲ့ရပါတယ်။ သူ့ကဗျာတွေ ဖတ်ရင်း နယ်ဝေးအလွမ်း၊ အိမ်မျှော်ခန်း၊ တမ်းတမ်းတတ၊ ဆရာ့ဘဝလို့ ပြောရပါလိမ့်မယ်။

“၇၀ ပြည့် မွေးနေ့မင်္ဂလာ”

သမီးနှင်းကလေးမှာ

မြေး တရှည်းနဲ့လာ

ဖိုးဖိုးရှိရာ ကာလီဖိုးနီးယားကိုပါ။

ဖိုးဖိုးအသက် ၇၀ ပွဲမှာ

ဖုန်းဖုန်းတွေလဲ ဆွမ်းကပ်လို့ပါ

မိတ်ဆွေတွေလဲ ကျွေးဦးမှာ 

သမီးတို့ မြေးတို့ စုံစွာ။

မင်္ဂလာမွေးနေ့ 

မိခင်နိုင်ငံမှာ ကျင်းပမဟေ့လို့

တနေ့နေ့ ကြံစည် စိတ်ကူးလာ။

ဘယ်တတ်နိုင်မှာလဲဗျာ

ဘဝရဲ့ စေစားရာ

သီလ သမာဓိ ပညာ

နေရာ မရွေးပါ။

ဗုဒ္ဓရဲ့ တရားသံ

ဦးထိပ်ပန်လို့သာ

ရတနတ္တယံ အဟံဝန္ဒာမိ

ပဉ္စဂုဏံ အဟံဝန္ဒာမိ သဗ္ဗဒါ။

ဖိုးဖိုးမွေးနေ့ မင်္ဂလာ။ ။  

(တင်မိုး) ၁၅ ၊ ၁၁၊ ၂၀၀၃ စနေနံနက်ခင်း

- တင်မိုး ၈၀ ကဗျာ ၈၀ စာအုပ်မှ

ကဗျာဆရာ တင်မိုးဟာ သူ့ရဲ့ နောက်ဆုံး “သာမန်လူသားတဦးရဲ့ဆန္ဒ” ကဗျာကို ရေးသားခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာကြီးဟာ ပြည်ပမှာ အာဏာရှင်အစိုးရ ဆန့်ကျင်ရေး ကဗျာတွေ ရေးခဲ့ပါတယ်။ 

သူနဲ့ ကျနော် နော်ဝေးနိုင်ငံအော်စလိုမြို့မှာ၊ မဲဆောက်၊ ချင်းမိုင်မြို့တွေမှာ အတူတူနေဖူးခဲ့ပါတယ်။ ကဗျာကို အမြဲတွေးနေ ရေးနေသူပါ။ နောက်ဆုံးအနေနဲ့ သူ့ရဲ့ “အမှတ်တရလက်မှတ် “ ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။ 

သူ့ရဲ့ ၈၇ နှစ်ပြည့်မှာ သူ တွေ့မြင်လိုတဲ့ ဒီနေ့လို အခြေအနေမျိုး မြင်မသွားခဲ့ရတာကိုတော့ ကျနော် အထူးစိတ်မကောင်းပါ။ ဆရာတင်မိုးဟာ မြန်မာပြည် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်တာကို မြင်တွေ့လိုသူပါ။ ဒီနေ့လို ပညာရှင်တချို့ မီဒီယာသမားတချို့ အဝယ်ခံရချိန်မှာ သူ့ရဲ့ “အမှတ်တရလက်မှတ် “ ကဗျာက တိုက်ဆိုင်မှု ရှိလှပါတယ်။ ဆရာတင်မိုး ကိုယ်တိုင်ကိုလည်း ဆန့်ကျင်ရေးကဗျာတွေ မရေးနဲ့ ပါမစ်လိုချင်လား၊ ထုတ်ဝေခွင့် လိုချင်လား ဝယ်ဖို့ ကမ်းလှမ်း ခံခဲ့ရသူပါ။ သူ့ကဗျာကလေးကို နောက်ဆုံး ဖော်ပြပေးလိုက်ပါတယ်ဗျာ။ 

“အမှတ်တရလက်မှတ်”

လက်မှတ်ထိုးတော့

“တင်မိုး” တဲ့ ။

ငါ၏ ဂုဏ်ဒြပ် ၊ ငါ့လက်မှတ်ကို

အမြတ်တနိုး ၊ တန်ဖိုးထားသည်။

မတန်မရာ ၊ မသမာမှု

ငါ မပြုဘူး ။ 

အတုအယောင် ၊ အတွေးကြောင်၍

ကပ်မြှောင် ကပ်ပါး ၊ လုပ် မ စား ဘူး ။

မအောင်မြင်နေ ၊ မတွေဝေဘူး

သေရေး ရှင်ရေး ၊ အရေးကြီးငယ်

ကြုံကာဝယ်တည့်  

အဝယ်မခံ ၊ အလွယ်မကြံ 

မာန်လျှော့ ဒူးတုပ် ၊ ငါမယုတ်ဘူး

ဟုတ်မှန်သစ္စာ ၊ ပညာမာန

သင်္ကေတတည့် ။

ရိုသား ဖြူစင် ၊ မြတ်နိုးကြင်သည့်

သင်္ကေတအမှတ် ၊ ငါ့လက်မှတ်တည့်

အမှတ်တရ ၊ ဂုဏ်ယူကြစေ

ငါ့သား ငါ့သမီး မျိုးဆက်များ 

ထာဝစဉ် သိမ်းဆည်းထား ။ ။

(တင်မိုး)

၂ ၊ ၄ ၊ ၁၉၉၇

ဗုဒ္ဓဟူး နံနက်ခင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013