DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLDပါတီ အနိုင်ရသည့်အပေါ် တရုတ်သမ္မတ ချီးကျူးဂုဏ်ပြု
DVB
·
November 17, 2020
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLDပါတီ အနိုင်ရသည့်အပေါ် တရုတ်သမ္မတ ချီးကျူးဂုဏ်ပြု
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီက မြန်မာနိုင်ငံမှာ လတ်တလော ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုကြောင်း တရုတ်နိုင်ငံသမ္မတလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ မစ္စတာ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။ 

မစ္စတာ ရှီကျင့်ဖျင်က နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ ချီးကျူးဂုဏ်ပြုစကား ပြောကြားလိုက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့တာကို ဝမ်းမြောက်စွာကြားသိရကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အောင်နိုင်ခဲတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံပြည်သူတွေကို ချီးကျူးဂုဏ်ပြုကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ နိုင်ငံတော်စည်ပင်ဝပြောရေးဟူသော မွန်မြတ်တဲ့ လုပ်ငန်းကြီးမှာ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ တရုတ်နိုင်ငံက ပါတီနှစ်ခုနဲ့ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားကြောင်း၊ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကြိုးပမ်းပြီး ပါတီနှစ်ခုနဲ့ နှစ်နိုင်ငံဆက်ဆံရေးရဲ့ နိုင်ငံရေးဦးဆောင်မှုကို မြှင့်တင်ပြီး အာဏာရပါတီတွေအကြား ကူးလူး ဆက်ဆံအပြန်အလှန်အတုယူမှုကို နက်ရှိုင်းစေကာ “The Belt and Road” နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေးမူဘောင်အတွင်း နယ်ပယ်အသီးသီးမှာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လိုကြောင်းလည်း တရုတ်သမ္မတက ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းမှ အောင်မြင်မှုရလဒ်များရရှိဖို့ တွန်းအားပေးပြီး နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကို အကျိုးပြုစေလိုတယ်လို့လည်း   သမ္မတ ရှီကျင့်ဖျင်က   ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ခုနှစ်ဆန်းပိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက  သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ၂ရက်ကြာ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ  အန်အယ်လ်ဒီပါတီအနိုင်ခဲ့စဉ်ကလည်း ချီးကျူးဂုဏ်ပြု အသိမှတ်ပြုကြောင်း အမြန်ထုတ်ပြန် ကြေညာခဲ့တဲ့နိုင်ငံဖြစ်ပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့  နောက်ကျမှာ ချီးကျူးဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်  နာရန်ဒြာမိုဒီကတော့ ရွေးကောက်ပွဲရလဒ် စသိရတဲ့ အစောပိုင်းရက်တွေကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအနိုင်ရတဲ့အပေါ် ချီးကျူးဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ထားပါတယ်။

ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013