DVB Logo
Home
မြန်မာသတင်း
စတုတ္ထအကြိမ် ထောက်ပံ့ကြေးမရသူများ တိုင်ကြားနိုင်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော  
DVB
·
November 17, 2020
စတုတ္ထအကြိမ် ထောက်ပံ့ကြေးမရသူများ တိုင်ကြားနိုင်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော  
Donate to DVB

အခြေခံလူတန်းစားတွေအတွက် အစိုးရက  စတုတ္ထအကြိမ် ထောက်ပံ့ကြေးတွေပေးရာမှာ ကျန်နေခဲ့သူတွေအတွက် တိုင်ကြားနိုင်တဲ့ဌာနကို စတင်ဖွင့်လှစ်ထားပြီး ထောက်ပံ့ကြေး မရရှိသူတွေ တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ညက နိုင်ငံပိုင် ရုပ်သံကနေ ပြည်သူကို  မိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောဆိုသွားတာပါ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အခု စတုတ္ထအကြိမ်မှာ တချို့နေရာတွေမှာ လူစုလူဝေးလုပ်ပြီးတော့ နည်းနည်းဆူပူတာတွေဖြစ်လာတယ်ဆိုတာ လည်း ကျမတို့တွေ့ရပါတယ်။ ဒါတွေဟာလည်း မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှချန်ခဲ့ဖို့မရှိပါဘူး။ ဘယ်သူ့ကိုမှလည်း ချန်ခဲ့မှာမဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် ကျန်ခဲ့တယ်ဆိုရင် တိုင်ကြားနိုင်တဲ့ဌာနကို စပြီးတော့ဖွင့်ပါပြီ။ အဲဒီတော့ တိုင်ကြားနိုင်ပါတယ်။ ကိုယ့်မိသားစု ကျန်ခဲ့ တယ်ဆိုရင်။ တစ်ယောက်တည်းသမားမလို့ ကိုယ့်ရပိုင်ခွင့်ကို မရဘူးဆိုရင် တိုင်လို့ရပါတယ်။ အဲဒီတော့ အေးအေး ဆေးဆေးနဲ့တိုင်စာဌာနမှာတိုင်ကြပါ။ အခြေအနေဘယ်လို ဖြစ်တာလဲဆိုတာကို ပြောကြပါ။ ရည်ရွယ်ချက်နဲ့ ဘယ်သူ့ ကိုမှ ကျမတို့ထားခဲ့မှာမဟုတ်ပါဘူး။ အကယ်၍ ကျန်ခဲ့ရင်လည်း ပြန်ပြီးတော့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့  ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့ရှိ   ရပ်ကျေးတွေမှာ  အစိုးရကပေးတဲ့ စတုတ္ထကြိမ် ထောက်ပံ့ငွေတွေ အပြည့်မရတဲ့ ဒေသခံတချို့က လူစုလူဝေးနဲ့ ရပ်ကွက်ရုံးမှာ သွားရောက်တောင်းဆိုတာတွေ ရှိခဲ့တာဖြစ်ပါတယ်။

ထောက်ပံ့ကြေး မရရှိသူတွေ တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောကြားထားသလို ဒီလိုမပြေလည်မှုတွေနဲ့ ပတ်သက်လို့ဖြေရှင်းရေး ဌာနတွေ ဖွင့်လှစ်ဖို့အပါအဝင် ဖြေရှင်းရမယ့်နည်းလမ်းတွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ပြောပါတယ်။

ကိုဗစ်ကာလပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား၊ ဝင်ငွေနည်းပြည်သူတွေအတွက် အစိုးရရဲ့ စတုတ္ထအကြိမ်မြောက် ထောက်ပံ့မှုမှာ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းလောက်အတွက် ကျပ်ငွေ ၁၆၄ ဘီလီယံအသုံးပြုသွားမယ်လို့လည်း ဦးဇော်ဌေးကလည်း ပြောထားပါတယ်။

Stay at Home နယ်မြေဒေသတွေမှာ  ကျပ် ၄၀,၀၀၀ နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၂ ဒသမ ၁ သန်းလောက်ကိုပေးမှာဖြစ်ပြီး  Stay at Home ပြင်ပ နယ်မြေဒေသတွေဆိုရင် ကျပ် ၂၀,၀၀၀ နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၄ သန်းလောက်ကို ပေးမှာလို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013