DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 16, 2020
ရန်ကုန်နှင့် မန္တလေးတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး  ရပ်ကျေးကော်မရှင်အဖွဲ့ဝင် ၂ ဦး ကွယ်လွန်သွားတာရှိသလို မန္တလေးတိုင်းမှာလည်း  ကော်မရှင်ရုံး ဝန်ထမ်းတွေ ရောဂါကူးစက်ခံနေရတယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ရန်ကုန်တိုင်းအတွင်းမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ယူတာ၊ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေစစ်ဆေးရာကနေ ရန်ကုန်တိုင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့နဲ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်တွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတာပါ။ 

လက်ရှိမှာတော့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး ရောဂါကူးစက်ခံထားရတာကြောင့် တိုင်းဥက္ကဋ္ဌအပါအဝင် တိုင်းကော်မရှင်အဖွဲ့ဝင်တချို့လည်း ဟိုတယ်တွေနဲ့ နေအိမ်တွေမှာ ကွာရန်တင်းဝင်နေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၅ ယောက်လောက်  ရောဂါကူးစက်ခံနေရပြီး ရောဂါအခံရှိတဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ဝင် ၂ ဦးလည်း ရောဂါကူး စက်မှုကြောင့် သေဆုံးတာရှိတယ်လို့ ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှာတော့ ခရိုင်ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲအရာရှိ၊ ခရိုင်အဖွဲ့ဝင်တွေအပါအဝင် သူတို့ရဲ့မိသားစုတွေပါ ရောဂါကူးစက်ခံရပြီး ခရိုင်တာဝန်ခံအဖြစ်တာဝန်ယူထားတဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂ လည်း ရောဂါကူးစက်ခံရပါတယ်။

ဒါ့အပြင် တိုင်းကော်မရှင်ရုံးကို စာရင်းလာစစ်ပေးတဲ့ စာရင်းစစ်ရုံးက စာရင်းစစ်မှူးပါ ရောဂါကူးစက်ခံရတယ်လို့ အင်းယားစင်တာမှာ ကုသမှုခံယူနေတဲ့ တိုင်းကော်မရှင်အဖွဲ့ဝင်၂ ဦးစန်းမြင့်အောင်က ပြောပါတယ်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာတော့ အသက် ၆၀ နဲ့ အထက်အသက်ကြီးသူတွေကို အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ယူခဲ့တဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ မဲရုံတာဝန်ယူရတဲ့ ရာအိမ်မှူး၊ လမ်းမှူးတွေ ရောဂါကူးစက်ခံရတာရှိတယ်လို့  ဧရာဝတီကုသရေး စင်တာ ရောက်နေတဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင် ဦးတင်ဦးက ပြောပါတယ်။

မဲရုံစစ်ဆေးတာတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေလုပ်တဲ့အခါမှာ လူချင်းရှောင်လို့ မရတာကြောင့် ရောဂါကူးစက်ခံရတာဖြစ်နိုင်ပြီး မဲရုံတချို့မှာတော့ Maskနဲ့ Face Shieldတွေကို မဲရုံအထွက်မှပေးတဲ့ စီမံခန့်ခွဲမှု အလွဲတွေတွေ့ရတယ်လို့ တိုင်းကော်မရှင်အဖွဲ့ဝင်-၂ ဦးစန်းမြင့်အောင်က ပြောပါတယ်။

အလားတူ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းတွေလည်း ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံထားရတယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးကျော်ကျော်စိုး က အတည်ပြုပါတယ်။

“တစ်ရုံးလုံးကူးခံရတာပါ။ ကျနော်အခု ဆေးရုံရောက်နေပါပြီ”လို့  မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးကျော်ကျော်စိုးက ပြောပါတယ်။ 

ရွေးကောက်ပွဲ မဲရလဒ်လာစစ်တဲ့ တိုင်းစာရင်းစစ်မှာ ပိုးတွေ့ခဲ့တာကြောင့် ထိတွေ့ဖြစ်တဲ့ တိုင်းကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းတွေကို စစ်ဆေးရာ  နိုဝင်ဘာ ၁၆ ရက်နေ့က  ၇ ဦးထံက ပိုးတွေ့ရှိခဲ့တာပါ။

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ကတော့ အိမ်မှာ သီးခြားနေနေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာ နိုဝင်ဘာ ၁၅ ရက်အထိ  ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၁၇၁ ဦးရှိပြီး သေဆုံးသူ ၁၈ ဦးထိရှိပြီဖြစ်ကာ လက်ရှိ ဆေးရုံတက်နေရသူကတော့ ၉၆၂ ဦး ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာတော့  နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၈,၉၉၄ ယောက်၊ သေဆုံးသူ ၁၅၇၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၂,၃၅၁ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။ 

သတင်း -စိုးမိုးအောင်/  နိုင်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013