DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလကြာမြင့်လာသဖြင့် လူမှုကူညီရေးအသင်းများ အခက်ကြုံနေ
DVB
·
November 16, 2020
ကိုဗစ်ကာလကြာမြင့်လာသဖြင့် လူမှုကူညီရေးအသင်းများ အခက်ကြုံနေ
Donate to DVB

ကိုဗစ်-၁၉ ရောဂါဖြစ်နေတဲ့ကာလကြာမြင့်လာတဲ့အချိန်မှာ လူမှုကူညီရေးအသင်းတွေ အခက်အခဲ အများကြီးကြုံလာရပြီး အကြွေးနဲ့ လည်ပတ်ကူညီနေရတာကြောင့် ရေရှည်အတွက်  အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

လူနာတွေသယ်ပို့ချိန်မှာ အရင်လိုမဟုတ်ဘဲ တကိုယ်ရည်ကာကွယ်ရေးဝတ်စုံ(PPE) တွေ လိုတာကြောင့် အရင်ကထက်လည်း စရိတ်စက ပိုကုန်လာတာပါ။

ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “အရင်ကဆို တရက် အကြောင်း ၂၀ လောက် ထွက်ရတယ်။ နောက် နည်းနည်း ပြန်လျော့သွားပြီး အခုတော့ တရက်ကို ၁၄၊ ၅ ကြောင်းလောက် ထွက်ရတယ်။ ဆီဖိုးက တစ်လကို ကျပ်သိန်း ၃၀ နဲ့ ၄၅ သိန်းကြားမှာရှိတယ်။ PPE က တရက်ကို အစုံ ၃၀ ကနေ အစုံ ၇၀၊ ၈၀ အထိ သုံးရတယ်။ အခုအချိန်ထိတော့ PPE ကို ဘယ်ကမှ မရဖူးပါဘူး” လို့ ပြောပါတယ်။

အသင်းမှာ လူနာတင်ကား ၂၅ စီး၊ ဆေးဖြန်းယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီးရှိပြီး ဗိုလ်တထောင်မြို့နယ်အခြေစိုက် ကူညီနေပေမယ့် မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ တွံတေး စတဲ့မြို့နယ် တို့မှာ ကား ၇ စီးထားပြီး ကူညီပေးနေပါတယ်။

အသင်းအနေနဲ့ ပုံမှန်အလှူရှင်တွေနဲ့ လိုအပ်လာရင် နာယကတွေဆီက အလှူခံတာမျိုးလုပ်ပြီး ကိုဗစ်ကာလမှာ လိုအပ်တာတွေကို သီးသန့်ကူညီတဲ့အလှူရှင်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒေါပုံမြို့နယ် အခြေစိုက်ပြီး သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်း အတွင်းရေးမှူး ၁ ကိုပြည့်ဖြိုးအောင်ကတော့ သူတို့အသင်းအနေနဲ့ တရက်ကို ၁၀ ယောက်၊ ၁၂ ယောက်လောက် သယ်ဆောင်ပေးနေရပြီး ကွာရန်တင်းစင်တာနဲ့ ကုသရေးဌာနတွေကိုတော့ တရက်ခြား ပို့ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီရက်တွေမှာဆိုရင်တော့ တရက်ကို လမ်းကြောင်း ၇၀ လောက်ရှိတယ်လို့လည်း ဆိုပါတယ်။

“ပြီးခဲ့တဲ့လက ဆီဆိုင် ၄ ဆိုင်ကနေ ဆီ အခမဲ့ထည့်ပေးခဲ့တယ်။ ဒီလကစပြီး မပေးတော့ဘူး။ ကျနော်တို့ အသင်းအနေနဲ့ တရက်ကို ကားတစီးအတွက် ဆီ တစ်သောင်းဖိုးလောက်ကုန်တယ်။ အသင်းမှာအခုသုံးနေတာ ကား ၅ စီးရှိပါတယ်” လို့ ပြောပါတယ်။

ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးကလည်း “စက်သုံးဆီကလည်း အထူးလိုအပ် ပါတယ်။ ဒီကြားထဲမှာ သီးသန့်အလှူရှင်တွေရှိနေလို့ ခံသာနေတာ။ ဒါကြောင့် အခုအချိန်ထိ အကြွေးက သိန်း ၃၀၀ ကျော်ရှိတယ်။ ပေါ့စတစ်လူနာတို့၊ မထနိုင်လို့ ပွေ့ချီရမယ့်လူနာတို့ဆိုရင်  ၁၅၀၀၀၊ ၁၈၀၀၀ တန် PPE ဝတ်ရတယ်။ ဆက်စပ်ပစ္စည်းနဲ့ဆိုရင် နှစ် သောင်းဝန်းကျင်ကုန်တယ်။ ကျနော်တို့က ချွေတာတဲ့အနေနဲ့ ကွန်တက်ကောက်ရင် (လူနာနဲ့ဆက်စပ်သူတွေသွားခေါ်ရင်) ၅၅၀၀၊ ၆၀၀၀ တန် PPE ကို သုံးတာ” လို့ ပြောပါတယ်။

ဒါကြောင့် PPE တကြိမ်ဝတ်ပြီးရင် တဆက်တည်းသွားလာသယ်ဆောင်လို့ရမယ့် လမ်းကြောင်းမျိုးတွေ စီစဉ်ပြီး ချွေတာရတယ်လို့လည်း သူက ပြောပါတယ်။ ပြီးတော့ သာမန် ထိခိုက် ဖျားနာလူနာတွေ သွားသယ်ရင်လည်း ဒီကာလမှာ PPE ဝတ်ရတယ်လို့ သူက ပြောပါတယ်။

ကိုပြည့်ဖြိုးအောင်ကတော့ သူတို့အသင်းကို မြို့နယ် ထွေအုပ်က PPE အစုံ ၁၆၀ ထောက်ပံ့ ပေးဖူးတယ်လို့ ပြောပါတယ်။

“အခုအချိန်ထိ ကျနော်တို့ PPE အစုံပေါင်း ၁၂၈၀ သုံးထားပြီးပြီ။ ကြာလာတော့ သက်သာအောင် အဆင့်နိမ့်တာကိုမျိုးကို သုံးနိုင်တဲ့နေရာတွေမှာ သုံးရတယ်။ ကွန်တက်တွေ ထည့်တဲ့နေ့ဆိုရင် တရက်ကို အစုံ ၃၀ လောက်ကုန်နေတာလေ” လို့ ပြောပါတယ်။

ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့တဲ့ တချို့အသင်းတွေကလည်း PPE ဝတ်စုံဖိုးက ဆီဖိုးထက်ပိုများနေပြီး သူတို့အတွက် အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းထဲမှာ လူမှုကူညီရေးအသင်းပေါင်း ၁၂၀ လောက်ရှိပြီး လက်ရှိမှာ အဲဒီအသင်းတွေရဲ့ လူနာတင်ကား အစီး ၃၀၀ လောက်က ကူညီပေးနေတာဖြစ်ပါတယ်။

ဦးထွန်းထွန်းဦးက “ကွန်တက်တွေ၊ ပေါ့စတစ်တွေဖြစ်လာရင် ပရဟိတအသင်းတွေကပဲ အရင်ဆုံး သယ်ရတာ။ ကျနော်တို့လူတွေမထိအောင် စီစဉ်ရတယ်။ တာဝန်မရှိသူတွေတောင် အခုလို တာဝန်ယူလုပ်နေရင် တကယ်တာဝန်ရှိသူတွေကလည်း လိုအပ်တာကို စီစဉ်ပေးသင့်တယ်။ တချို့အဆင်မပြေတာတွေကို တာဝန်ရှိသူတွေ ပိုပြီး ကြီးကြပ်မှ အသက်ရှူချောင်လာမယ်။ အခုတော့ ရေရှည်တောင့်ခံဖို့ တော်တော်ခက်နေပြီ” လို့လည်း ပြောပါတယ်။

အသင်းတွေအနေနဲ့ သွားလာကူညီရာမှာ တချို့နေရာဒေသတွေရဲ့ တာဝန်ရှိသူတွေ အချင်းချင်း အချိတ်အဆက်မမိတာ၊ မတူညီတဲ့စည်းကမ်းတွေကြောင့် လူနာကြိုပို့ကားတွေ ဝင်ခွင့်မရတာ၊ အချိန်အကြာကြီး စောင့်ဆိုင်းရတာမျိုးကလည်း ကူညီသူတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ သူက ပြောပါတယ်။

အသင်းက လုပ်အားပေးသူတွေမှာ ကိုဗစ် ကူးစက်ခံရတာတော့ မရှိပေမယ့် လုပ်ကိုင်ရတာ ကြာလာတဲ့အခါ ကိုယ်ပိုင်လုပ်ငန်းတွေ ပြန်လုပ်ဖို့ သွားကြတာကြောင့် လူလျော့သွားတယ် လို့လည်း သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013