DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံးငွေရတု ဖွဲ့စည်းပုံပြင်ရန် ဆုံးဖြတ်
DVB
·
August 8, 2013
ရှစ်လေးလုံးငွေရတု ဖွဲ့စည်းပုံပြင်ရန် ဆုံးဖြတ်
Donate to DVB

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ (ဒါမှမဟုတ်) အသစ် ပြန်လည်ရေးဆွဲဖို့ လိုအပ်တယ်လို့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်မြောက် ငွေရတု ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး  ငွေရတုအခမ်းအနား ကျင်းပရေးကော်မတီက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းပိုင်ခွင့်ရှိပြီး တန်းတူညီမျှတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ဖို့ ကြေညာစာတမ်းက ဖော်ညွှန်းပြီး လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံက ဖော်ဆောင်ပေးနိုင်ခြင်း မရှိတာကြောင့် ပြင်ဆင်တာဖြစ်ဖြစ်၊ အသစ်ပြန်လည်ရေးဆွဲတာဖြစ်ဖြစ် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသားအင်အားစုအားလုံးပါဝင်တဲ့ ညီလာခံတရပ်ကျင်းပဖို့ လိုအပ်တယ်လို့ ဖော်ပြထားပြီး ဒီလိုခံယူသည်နဲ့အညီ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ဆက်လက် ထမ်းရွက်သွားမယ်လို့ ကြေညာချက်က ဖော်ပြထားပါတယ်။

ဒီလို လွှတ်တော်ပြင်ပမှာ အင်အားစုတွေက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြောဆိုသလို  လွှတ်တော်တွင်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ဦးရွက် ပြောဆိုနေပြီး လွှတ်တော်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဒီအခမ်းအနားတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံလိုက်ပြီး အင်အားတွေကို မှန်ကန်တဲ့နေရာမှာ အသုံးပြုကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“လက်နက်အင်အားပဲဖြစ်ဖြစ်၊ အရေအတွက် အင်အားပဲဖြစ်ဖြစ်၊ ဥာဏ်ရည် အင်အားပဲဖြစ်ဖြစ်၊ စီးပွားရေးအင်အားပဲဖြစ်ဖြစ်၊ ဘယ်လိုအင်အားပဲဖြစ်ဖြစ် ဒီအင်အားကို သေသေချာချာ ထိန်းတတ်မှ မှန်ကန်တဲ့ အများကို အကျိုးပြုတဲ့ အင်အားတခု ဖြစ်လာမှာပါ။ အင်အားကို မှန်မှန်ကန်ကန် မထိန်းတတ်ဘူး၊ လိုသလို သုံးမယ်၊ ကိုယ့်အတွက် ကိုယ့်အသိုင်းအ၀ိုင်းအတွက် သုံးမယ်ဆိုရင် ဒီအင်အားဟာ အများကို ထိခိုက်တဲ့ လက်နက်ကြီးသဖွယ် ဖြစ်သွားပါလိမ့်မယ်။”

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအတွက် နှစ်ပေါင်း ၆၀ လောက် လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသားမဟာမိတ် ယူအင်အက်ဖ်စီ ရဲ့ ပြောခွင့်ရသူ နိုင်ဟံသာက အခုလို ပြောပါတယ်။

“သိပ်ကောင်းတာပေါ့။ ကျနော်တို့ချထားတဲ့မူနဲ့ အကိုက်ပဲ။ ဖြစ်သင့်တဲ့ အနေအထားနဲ့ ပြတ်ပြတ်သားသား တဖက်က ရှင်းရှင်းလင်းလင်း ဒါလူထုကို အသိပေးတာပဲလို့ ကျနော် မြင်တယ်။”

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုပွဲကို လွှတ်တော်ကိုယ်စားပြုပြီး ဗိုလ်ချုပ်ဟောင်း ဦးသိန်းဇော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်လာပါတယ်။ရှစ်လေးလုံးဖြစ်စဉ်အပေါ်ကို သင်ခန်းစာယူကြရမယ်လို့ ဦးဌေးဦးက ပြောပါတယ်။

“ရှစ်လေးလုံး ဖြစ်စဉ်ဆိုတဲ့ ဥစ္စာက  မြန်မာနိုင်ငံမှာ တကယ်ဖြစ်တဲ့ ဖြစ်စဉ်ပါပဲ။ သမိုင်းမှာလည်း ဒီအတိုင်းရှိနေတာပဲ။ ဖြစ်စဉ်တိုင်းဖြစ်စဉ်တိုင်းမှာ အကောင်းတွေလည်း ရှိတယ်၊  အဆိုးတွေလည်းရှိကြတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ သင်ခန်းစာ ယူကြရမယ်။ ဒီနေ့ ဖြစ်လာတဲ့ အပေါ်မှာ မူတည်ပြီး ကျနော်တို့ တည်ဆောက်ချင်တဲ့ လိုချင်တဲ့ လမ်းကြောင်းကို ရအောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားနိုင်မယ်ဆိုရင် အောင်မြင်မှာပေါ့ဗျာ။ ကိုမြအေးတို့၊ ကိုကိုကြီးတို့ကိုယ်တိုင် လာဖိတ်ကြတယ်။ ကျနော်တို့လည်း လာချင်ပါတယ်။ ကျနော်က ပါတီအနေနဲ့လာတာ၊ ကိုသိန်းဇော်က လွှတ်တော်အနေနဲ့လာတာ။”

ရန်ကုန် ရှစ်လေးလုံးငွေရတုပွဲကို ရဟန်းရှင် နဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားခေါင်ေးဆာင်တွေ၊ဈ ပါတီတွေနဲ့ တောတွင်းလက်နက်ကိုင် ကျောင်းသားတပ်မတော်က ခေါင်းဆောင်တွေနဲ့အတူ  မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံခြားသံတမန်တွေလည်း တက်ရောက်ကြပါတယ်။

အစိုးရကဘက်က မနေ့ကလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတက်ရောက်သလို ဒီကနေ့လည်း ထပ်မံတေက်ရောက်လာတာဟာ  တိုးတက်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ဦးကိုကိုကြီးက ပြောဆိုပေမယ့် ရှေ့ခရီးမှာ သတိရှိဖို့ လိုတယ်လို ပြောပါတယ်။

“အခုပြောရမယ်ဆိုရင် ဒီမိုကရေစီကာလလို့တောင် ပြောလို့မရသေးဘူး။ အရင်တုန်းက လက်ကုန် ထိန်းချုပ်ထားတာ၊ တင်းကျပ်ထားတာတွေကို တဖြည်းဖြည်း ဖြေလျော့ပေးနေတဲ့ကာလ။ အဲဒီအကူးအပြောင်းကာလကို တနစ်တကျ စီမံခန့်ခွဲမှု မလုပ်နိုင်ရင် အန္တရာယ်တွေ ကျနော်တို့ အများကြီး ရင်ဆိုင်ရဦးမယ်။ အဲဒါတွေကို သတိရှိရှိနဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေ အားလုံး၊ နိုင်ငံရေးအရ အရေးပါတဲ့လူတွေအားလုံး၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြည်သူတွေအားလုံးက ဇွဲရှိရှိ၊ သတိရှိရှိနဲ့ ဖြတ်သန်းမှ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မယ်လို့ မြင်တယ်။”

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးက ဒီကနေ့ ငွေရတုကြေညာစာတမ်းနဲ့ ပတ်သက်လို့ ခုလိုပြောပါတယ်။

“လက်ခံပါတယ်။ တိုင်းရင်းသားတွေအားလုံး၊ ပြည်သူလူထုတွေအားလုံးရချင်တဲ့ ဆန္ဒပဲလေ။ မကြိုက်တဲ့လူဖျက်မှာပေါ့။ တချို့ကလည်း ပြန်ရွေးမယ်ပေါ့။ တချို့ကလည်း ပြန်ပြီး ထောင့်စုံတွေ ပြင်ရမယ်ဆိုတော့ အသစ်ပြန်ရေးတာပဲ ကောင်းတာပေါ့ဆိုပြီး ပြောတာပေါ့။ ကျနော်က ပြန်ရေးတာ အကြိုက်ဆုံးပဲ။"

ဗမာပြည်ကွန်မြူနစ်ပါတီကတော့ လက်ရှိဖြစ်ထွန်းတိုးတက်မှုတွေဟာ ရှစ်လေးလုံးတုန်းက တောင်းဆိုချက်တွေကို မရသေးတဲ့အပြင် ပြည်သူလူထုက ပိုမိုကျပ်တည်းတဲ့အတွက် ရှစ်လေးလုံးလို လူထုအုံကြွမှု နောက်တခုဖြစ်အောင် တွန်းပို့နေသလို ဖြစ်နေတယ်လို့ ပါတီိ ပြောခွင့်ရသူ ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

“အဲဒီတုန်းက ကျနော်တို့ တိုက်ပွဲဝင်ခဲ့ကြတာဟာ လွှတ်တော်ထဲမှာ အခုလို စစ်ဗိုလ် တမတ်သား၊ ကြံ့ခိုင်ရေး ပါတီနာမည်နဲ့ စစ်ဗိုလ်တွေ အများကြီး ၀င်လို့ရအောင် ကျနော်တို့ တိုက်ပွဲ ၀င်ခဲ့ကြတာလား၊ ဒါမှမဟုတ်ရင် အချိန်မရွေး အာဏာသိမ်းခွင့်ရှိတယ် ဆိုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကြီး ပေါ်ပေါက်လာအောင် တိုက်ပွဲဝင်ခဲ့ကြတာလား၊ မဟုတ်ဘူးလို့ထင်ပါတယ်။”

ဒီကနေ့ ငွေရတုအခမ်းအနားမှာ ခန်းမအတွင်းအပြင် စုစုပေါင်းပရိသတ် ၁ သောင်းခွဲလောက် ရှိနိုင်တယ်လို့  ဖြစ်မြောက်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ရှစ်လေးလုံးငွေရတုအခမ်းအနားတွေကို မန္တလေးမြို့မှာ အထက်ဗမာပြည် ကိုယ်စားပြု ကျင်းပသလို မကွေးမြို့မှာလည်း မြေလတ်ဒေသ မြို့နယ် ၂၅  မြို့နယ်ကို ကိုယ်စားပြုကျင်းပပါတယ်။

မန္တလေးမြို့ ငွေရတုပွဲမှာ ဒီကနေ့မနက်ပိုင်းက သံဃာအပါး ၁၀၀၀ ကို ဆွမ်းလောင်းလှူပြီး သံဃာ ၈၈ ပါးကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကျဆုံးခဲ့သူတွေအတွက် အမျှအတန်းပေးဝေပါတယ်။ဒီနောက် ရှစ်လေးလုံးတုန်းက အတွေ့အကြုံတွေကို ပြန်ပြောင်းပြောဆို ဆွေးနွေးကြပါတယ်။

(ဒီသတင်းကို ရန်ကုန်အခြေစိုက် ဒီဗွီဘီသတင်းထောက် မျိုးဇော်လင်း ပူးတွဲပေးပို့သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013