DVB Logo
Home
မြန်မာသတင်း
အိမ်ထောင်စုပေါင်း  ၆ ဒသ ၁ သန်းအတွက် အစိုးရက ကျပ် ၁၆၄ ဘီလီယံ ထောက်ပံ့ 
DVB
·
November 16, 2020
အိမ်ထောင်စုပေါင်း  ၆ ဒသ ၁ သန်းအတွက် အစိုးရက ကျပ် ၁၆၄ ဘီလီယံ ထောက်ပံ့ 
Donate to DVB

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား၊ ဝင်ငွေနည်းပြည်သူတွေအတွက် အစိုးရရဲ့ စတုတ္ထအကြိမ်မြောက် ထောက်ပံ့မှုမှာ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းလောက်အတွက် ကျပ်ငွေ ၁၆၄ ဘီလီယံအသုံးပြုသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင်ဝင်ငွေထိခိုက်နေရတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရရဲ့ ထောက်ပံ့မှုကို အခုနှစ် ဧပြီလကနေ စတင်ပေးအပ်လာခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ဆိုရင် ၄ ကြိမ်မြောက်အဖြစ် ထောက်ပံ့ပေးနေတာပါ။

ဒီလို ထောက်ပံ့ရာမှာ Stay at Home ဒေသနဲ့ Stay at Home ပြင်ပ ထောက်ပံ့မှုဆိုပြီး နှစ်မျိုးခွဲထားတယ်လို့လည်း ဆိုပါတယ်။

“Stay at Home နယ်မြေဒေသတွေဆိုရင် ကျပ် လေးသောင်းနှုန်းနဲ့ အိမ်ထောင်စုပေါင်း ၂ ဒသမ ၁ သန်းခန့်ဖြစ်ပြီး Stay at Home ပြင်ပ နယ်မြေဒေသတွေဆိုရင် ကျပ်နှစ်သောင်းနှုန်းနဲ့ အိမ်ထောင်စုပေါင်း လေးသန်းခန့် ဖြစ်ပါတယ်” လို့ ဦးဇော်ဌေး က ပြောပါတယ်။

သတင်းအချက်အလက်ပြည့်ပြည့်စုံစုံမရရှိမှု၊ စာရင်းကောက်ယူရာမှာ မပြည့်စုံမှုတွေကြောင့် အိမ်ထောင်စုတစ်စုစီတိုင်းကို ကျပ် ၄၀,၀၀၀ ပေးမယ်ဆိုတဲ့ ကောလာဟာလ တွေ ပြန့်နှံ့လာခဲ့တာဖြစ်ပြီး မူလစာရင်းမှာ မပါသူတွေကလည်း ထောက်ပံ့ကြေးရယူဖို့အတွက် တောင်းဆိုလာတာတွေစတဲ့ ပြည်သူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအကြားနားလည်မှု လွဲမှားတာတွေ ဒေသတချို့မှာ ဖြစ်ပေါ်လာရတယ်လို့လည်း ဆိုပါတယ်။

ဒီလိုမပြေလည်မှုတွေနဲ့ ပတ်သက်လို့ဖြေရှင်းရေး ဌာနတွေ ဖွင့်လှစ်ဖို့အပါအဝင် ဖြေရှင်းရမယ့်နည်းလမ်းတွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

“မြို့နယ်အဆင့်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးတာတွေကို ခရိုင်အဆင့်က အနီးကပ် ကြီးကြပ်ကူညီဖြေရှင်းဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အသီးသီးကို အချိန်နဲ့တပြေးညီတင်ပြဖို့၊ ညှိနှိုင်းဆောင်ရွက် ပေးနေတဲ့ အခြေအနေတွေကို သက်ဆိုင်ရာနယ်မြေဒေသအလိုက် သတင်းထုတ်ပြန်ရှင်းလင်းခြင်းတွေ ဆောင်ရွက်ဖို့ စတဲ့အချက်တွေကို ညွှန်ကြားထားကြောင်း သိရှိရပါတယ်” လို့  ဦးဇော်ဌေးက ပြောပါတယ်။

ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရ ထောက်ပံ့မှုအနေနဲ့ ဧပြီလနဲ့ ဇွန်လအတွင်း အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းလောက်ကို  ကျပ် ငွေ ၇၂  ဘီလီယံဖိုး အကူအညီတွေပေးခဲ့ပါတယ်။

ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာတော့ ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းအတွက် ကျပ် ၂၁၈ ဒသမ ၃ ဘီလီယံ၊ တတိယအကြိမ်အဖြစ် စက်တင်ဘာလအတွင်း အိမ်ထောင်စုပေါင်း ၅ဒသမ ၇ သန်းအတွက် ကျပ် ၁၁၃ ဒသမ ၉ ဘီလီယံ ကူညီထောက်ပံ့ခဲ့ပါတယ်။

အခုစတုတ္ထအကြိမ်မှာတော့ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းလောက်အတွက်  ကျပ်ငွေ  ၁၆၄ ဘီလီယံ ထောက်ပံ့ပေးနေတာလို့  သမ္မတရုံးရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။

 ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့  ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့ရှိ   ရပ်ကျေးတွေမှာ  အစိုးရကပေးတဲ့ စတုတ္ထကြိမ် ထောက်ပံ့ငွေတွေ အပြည့်မရတဲ့ ဒေသခံတချို့က လူစုလူဝေးနဲ့ လာရောက်တောင်းဆိုတာတွေလည်းရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013