DVB Logo
Home
မေးမြန်းခန်း
သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်နှင့် မေးမြန်းချက်
DVB
·
August 8, 2013
Donate to DVB

သမ္မတ အကြံပေးပုဂ္ဂိုလ်တွေအနေနဲ့ သမ္မတ စဉ်စားခိုင်းတာတွေအပြင် သမ္မတ သိသင့်တာတွေကို စာတမ်းပြုစုပြီး တင်ပေးသင့်တယ်လို့ သမ္မတရဲ့ စီးပွားရေးအကြံပေးအဖြစ် ဒီနေ့ ခန့်အပ်ခံရတဲ့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

သမ္မတ အကြံပေးပုဂ္ဂိုလ်တွေဟာ သတင်းမီဒီယာတွေကို မဟာမိတ်အဖြစ် ပြောဆိုဆက်ဆံသင့်တယ်လို့လည်း သူက ပြောပါတယ်။ ဒေါက်တာအောင်ထွန်းသက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အကြံပေးပုဂ္ဂိုလ်ဆိုတာကို ဆရာ ဘယ်လိုနားလည်ထားလဲ၊ ရှင်းပြပေးပါ။

“ကိုယ့်ကိုယ်ကိုယ် ပညာရှင်လို့ မသတ်မှတ်ပါဘူး။ ကိုယ်လေ့လာထားတဲ့ ရှုထောင့်ကနေ လူကြီးတွေကို တင်ပြတဲ့ဘက်မှာ အကြံပေးဆိုတဲ့အတိုင်း ကိုယ်ရှိတဲ့အကြံဥာဏ်တွေ ပေးတာပါပဲ။ အဲဒီလောက်နဲ့ပဲ စဉ်စားတယ်။ ကိုယ့်ဘာသာရပ်ကလည်း စီမံခန့်ခွဲမှု စီးပွားရေးဘာသာရပ်ကို အခြေခံထားတဲ့အတွက် ကိုယ်သိတာ ကိုယ်တတ်တာတွေက လူကြီးတွေကို အကြောင်းရာပေါ် မှုတည်ပြီးတော့ တင်ပြတာပါပဲ။ အဲဒီအနေအထားပါ။"

နိုင်ငံတကာမှာတွေ့ဖူးတဲ့ သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တွေက ဘယ်လိုအလုပ်တွေ လုပ်ကြလဲ။

အနီးစပ်ဆုံး ပြောရင် အမေရိကန် သမ္မတမှာဆိုရင် စီအီးအေဆိုတာ ရှိပါတယ်။ အဲဒီမှာရှိတဲ့ ဆရာကြီးတွေဆိုရင် ဆရာတို့ တကယ့်ကို လေးစားတယ်။ တက္ကသိုလ်တွေမှာ အထူးသုတေသနတွေ အများကြီးလုပ်ထားတဲ့ ဆရာကြီးတွေပါ။ အဲလိုပဲ အင်္ဂလန်မှာလည်း ၀န်ကြီးချုပ်ကို အကြံပေးတဲ့အဖွဲ့၊ သူတို့က ပုံစံတမျိုးနဲ့ ခေါ်တာပေါ့။ ကျနော်တို့ အိမ်နီးနားချင်း အင်ဒိုးနီးရှား နိုင်ငံမှာလည်း ဒီလိုပုံစံတွေ ရှိတယ်။ လူကြီတွေအနေနဲ့ကတော့ အကြောင်းအရာ တခုနဲ့ ပတ်သက်လာရင် ဘက်စုံကနေ သိဖို့လိုတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနက ဆိုင်ရာဆိုင်ရာ တင်ပြသလို ဆရာတို့ဘေးကနေ လုပ်ငန်းတာဝန် တိတိကျကျမရှိဘဲနဲ့ အကြံပေးသက်သက် ပေးတဲ့လူတွေ ရှိမှာပေါ့။ အဲဒါတွေ အားလုံးပေါင်းစပ်ပြီးတော့ လူကြီးက ဆုံးဖြတ်ရမှာပဲလေ။ နိုင်ငံတကာမှာတော့ အဲဒီအတွေ့အကြုံတော့ ရှိပါတယ်။ အဲဒါကိုပဲ နမူနာ ယူရမှာပေါ့။”

နိုင်ငံတကာမှာ သုံးတဲ့အခါ အကြံပေးတွေက သမ္မတက ခေါ်ပြီးတော့ မေးတဲ့အခါကျမှ ပြောတာလား၊ သူတို့ဘာသာ သူတို့ အကြံပေးတာလား ဘယ်လိုမြင်တွေ့ရလဲ။

“နှစ်မျိုးပါ။ တခါတလေလည်း ကိုယ်က လူကြီးသိသင့်တာတွေကို စာတမ်းတွေဘာတွေတင်ပြီး လုပ်ရတဲ့ဟာတွေရှိသလို နောက်တမျိုးကျတော့လည်း သမ္မတက ဒီကိစ္စကို စဉ်စားပေးပါဆိုပြီးတော့ အကြံပေးအဖွဲ့ကို တာဝန်ပေးတာ ရှိပါတယ်။ လက်ရှိ အိုဘာမားလည်း ဒီလိုပဲ လုပ်တယ်၊ ဟိုတုန်းက အမေရိကန် သမ္မတတွေလည်း ဒီပုံစံပဲ လုပ်တယ်။ အင်္ဂလန်ဝန်ကြီးချုပ်တွေလည်း ဒီလိုပဲ လုပ်တာ တွေ့ရပါတယ်။”

ကျနော်တို့ နိုင်ငံမှာတော့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အကြံပေးတွေ ခန့်ပြီးတော့ ဆောင်ရွက်တာ တွေ့ရပါတယ်။ အကြံပေးတွေကို လိုအပ်မှ ခေါ်ပြီးတော့ အကြံတောင်းတာထက်စာရင် ဘယ်လိုလုပ်သင့်လဲ။

“နှစ်မျိုးစလုံးပေါ့နော်။ သူလိုအပ်တာတွေ ပြောသလို အကြံပေးတွေ ကိုယ်တိုင်ကလည်း ကိုယ့်ကိစ္စနဲ့ကိုယ် ကိုယ်ကျွမ်းကျင်တာ၊ ကိုယ်လေ့လာထားတာ၊ လူကြီး သိသင့်သိထိုက်တာတွေကို စာတမ်းတွေ တင်ပြီးပို့တာ နှစ်မျိုးစလုံးပေါ့နော်။ တခုတည်းဆိုရင်တော့ မပြည့်စုံပါဘူး။ ကိုယ်ထင်တာမျိုး ပြောတာကျတော့လည်း သူ့ဦးစားပေးမှုနဲ့ ဖြစ်ချင်မှ ဖြစ်မယ်။ သူ့ဦးစားပေးမှုကိုတော့ အခြေခံအနေနဲ့ စဉ်းစားဖို့လိုပါတယ်။”

သမ္မတ ဦးသိန်းစိန်တက်လာပြီးနောက်မှာ သူ့ရဲ့ အကြံပေးပုဂ္ဂိုလ်တဦးရဲ့ မီဒီယာကို ပြောစကားတခုကြောင့် သူအပေါ်မှာ ဝေဖန်တာတွေ အများကြီး ထွက်ခဲ့ပါတယ်။ သမ္မတရဲ့ အကြံပေးတယောက်ဟာ မီဒီယာနဲ့ ပြောတဲ့အခါ ဘာတွေ ဆင်ခြင်ဖို့ လိုမလဲ။

“မီဒီယာကို လေးစားဖို့လိုမယ်။ ကိုယ်တိုင်လည်း မီဒီယာနဲ့ ပတ်သက်နေတဲ့သူပဲလေ။ ပြောတဲ့အခါမှာ အကြောင်းအရာ ပြောတာတမျိုး၊ ပြောတဲ့ သတင်းက အရေးကြီးတယ်။ သို့သော်လည်း ပြောပုံဆိုပုံကလည်း သတိထားဖို့လိုတယ်။ ဆရာအနေနဲ့ စဉ်စားတာက မီဒီယာ တွေဟာ ကိုယ်ရဲ့ မိတ်ဆွေတွေပဲ မဟာမိတ်တွေပဲ။ မီဒီယာတွေကို ကိုယ်က ထိတွေ့တဲ့အခါမှာ လေးလေးစားစား ကိုယ်ပြောချင်တဲ့ အချက်အလက်တွေကို ပြောရင်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေပါတယ်လေ။ ကိုယ်တိုင်လည်း အဲဒီလိုပဲ ဆင်ခြင်မယ်လို့ သတ်မှတ်ထားပါတယ်။ ဆရာလည်း မီဒီယာနဲ့ ခဏခဏဆုံဖူးတဲ့ လူတယောက်အနေနဲ့ပေါ့နော်။”

ဒေါက်တာအောင်ထွန်းသက်နဲ့အတူ ဒေါက်တာဇော်ဦးကိုလည်း စီးပွားရေးအကြံပေးခန့်ပြီး အခြားတဦးကိုတော့ ဥပဒေအကြံပေးအဖြစ် ခန့်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုစီးပွား အကြံပေးပုဂ္ဂိုလ်တွေ ခန့်အပ်တာဝန်ပေး လုပ်ကိုင်ဆောင်ရွက်လာတာ တွေ့မြင်ရပြီး ဒီနေ့ထိ အကြံပေးပုဂ္ဂိုလ် အယောက် ၃၀ လောက် ခန့်အပ်ထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013