DVB Logo
Home
မြန်မာသတင်း
ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် မြန်မာပါဝင်လက်မှတ်ထိုး 
DVB
·
November 16, 2020
ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် မြန်မာပါဝင်လက်မှတ်ထိုး 
1 / 5
Donate to DVB

မြန်မာအပါအဝင် အာရှ-ပစိဖိတ်ဒေသရှိ ၁၅ နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးရဲ့ သုံးပုံတစ်ပုံနီးပါးကို ကိုယ်စားပြုတဲ့ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ 

မနေ့က ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပတဲ့  စတုတ္ထအကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်း အဝေးအပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှေ့မှောက်မှာ မြန်မာနိုင်ငံကိုယ်စား သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အာရှ-ပစိဖိတ်ဒေသရှိ (၁၅)နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးတဲ့ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်ဟာ  ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေးရဲ့  ၃၀ ရာခိုင်နှုန်းနဲ့  ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၂၈ ရာခိုင်နှုန်းလောက်ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်  Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင်ရွက်ပြီး၊ ထိပ်သီးအစည်းအဝေးကို မြန်မာအပါအဝင်  အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန် နိုင်ငံတို့က ခေါင်းဆောင်တွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုပုံစံကို  အများက ယုံကြည်လက်ခံမှုနဲ့ စီးပွားရေးအသိုင်းအဝိုင်းရဲ့  ယုံကြည်ကိုးစားမှုတို့ကို ထိန်းသိမ်းဖို့၊ ဒေသအတွင်း စီးပွားရေးပြန်လည်နာလန်ထူတာကို ကူညီဖြည့်ဆည်းပေးဖို့အတွက် မိမိတို့ရဲ့ ကတိကဝတ်ကို အခုကုန်သွယ်ရေးသဘောတူစာချုပ်က ကမ္ဘာသို့ အခိုင်အမာ ထုတ်ဖော်ပြသ လိမ့်မှာဖြစ်တယ်၊ ကောင်းမွန်စွာဖွဲ့စည်းထားပြီး  ထိရောက်မှုရှိတဲ့ စည်းမျဉ်းကိုအခြေခံတဲ့ နိုင်ငံစုံကုန်သွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောတူစာချုပ်ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးအတွက် မောင်းနှင်အားအသစ်တစ်ခု ဖြစ်လာလိမ့်မယ်၊ သဘောတူစာချုပ်မှာ ပါဝင်တဲ့  ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံအနေနဲ့  အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်”လို့ ပြောကြားသွားပါတယ်။

ထိပ်သီးအစည်းအဝေးမှာ  နိုင်ငံခေါင်းဆောင်တွေကလည်း  ဒေသအနေနဲ့ ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ဟာ အရေးကြီးကြောင်း၊ အားလုံးပါဝင်ပြီး တာရှည်ခံတဲ့ ကူးစက်ရောဂါ အလွန် စီးပွားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှတစ်ဆင့် ဒေသရဲ့ ကြံ့ကြံ့ခိုင်နိုင်စွမ်းကို တည်ဆောက် ရာမှာ အဆိုပါ သဘောတူစာချုပ်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမယ်လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အဆိုပါသဘောတူစာချုပ်ဟာ ဒေသဆိုင်ရာမူဘောင်တွေမှာ  အာဆီယံရဲ့ အချက်အချာကျမှုကို တိုးမြှင့်ရာမှာ အထောက်အကူပြုပြီး အာဆီယံနဲ့ ဒေသဆိုင်ရာမိတ်ဖက်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ခိုင်မာစေမှာ ဖြစ်တယ်၊ ဒီသဘောတူစာချုပ်ဟာ အာဆီယံက ဉီးဆောင်တဲ့ ရည်မှန်းချက်အကြီးမားဆုံး လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် တစ်ခုဖြစ်ပြီး  သဘောတူစာချုပ်ကို လွတ်လပ်ပွင့်လင်း အားလုံးပါဝင်တဲ့ သဘောတူစာချုပ် တစ်ခုအဖြစ် ဆက်လက်တည်ရှိစေဖို့ ကတိကဝတ်ပြုတယ်လို့လည်း ဒေသတွင်း ခေါင်းဆောင်တွေက ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးပိတ်ပွဲအခမ်းအနားအပြင်  အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ဗီယက်နမ်က ဘရူနိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကိုလည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ 

ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013