DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဖလူးနှင့် မင်းလက်ပံကို ၈ လကျော်ကြာအထိ ထိုးဖောက်မရသဖြင့် စစ်တပ်က လူအင်အားဖြည့်
အောင်ခန့်
·
July 8, 2026
ဖလူးနှင့် မင်းလက်ပံကို ၈ လကျော်ကြာအထိ ထိုးဖောက်မရသဖြင့် စစ်တပ်က လူအင်အားဖြည့်
1 / 2
Photo: DVB
Donate to DVB

၈ လကျော်ကြာတဲ့အထိ ထိုးဖောက်လို့ မရသေးတဲ့ ကရင်ပြည်နယ်၊  မြဝတီတောင်ဘက်က ဖလူး၊ မင်းလက်ပံကို လက်နက်ကြီးပစ်ကူ ရယူပြီး စစ်အာဏာရှင်တပ်ဘက်က လူအင်အားအလုံးအရင်းနဲ့ ထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။

မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါလေဗျူဟာမကျရေး စစ်အာဏာရှင်တပ်ဘက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစပြီး စစ်အာဏာရှင် စစ်ကြောင်းတွေဟာ မြေပြင်ပစ်ကူရယူပြီး  ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာပါ။

မြဝတီမြို့ခံတယောက်က “အင်အား ၅,၀၀၀ လောက်ရှိတယ် ပြောတယ်။ အင်အားဖြည့်တင်းတယ်လို့ ကြားပြီးတော့ မင်းလက်ပံဘက်ကို အပြီးရနိုင်ဖို့ ကြိုးစားနေတယ်။ မြဝတီဘက်ကိုတော့ စစ်ကြောင်းတွေ ထူးထူးခြားခြားမရှိဘူး။ သူတို့က အဲဒီ (ဖလူး၊ မင်းလက်ပံ) ဘက်ကိုပဲ ဦးတည်ပြီး သွားကြတာ။ တိုက်ရိုက်သွားတာ။ ၂၇၅ ကနေ ကားတွေထွက်တယ်။ သူတို့ ဘယ်ချိန်လောက်က စုထားလည်းမသိဘူး။ သူတို့သွားမှ တွေ့တာ။ အဓိက စိုးရိမ်တာကတော့ ကျနော်တို့ ဒီ မင်းလက်ပံတို့ မယ်ထော်သလေးတို့ ပထီးကလော်တို့ လေးကေ့ကော်တို့ အဲဒီဘက်က လူတွေက စိုးရိမ်နေတာ” လို့‌ ပြောပါတယ်။

ဖလူး၊ မင်းလက်ပံကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်တွေနဲ့အတူ DKBA ဗိုလ်ဘိ ဦးဆောင်တဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်၊ ကျားဖြန့်ဆိုက်ကနေ DKBA ဘက်က ထုတ်ပယ်လိုက်တဲ့ နိုင်လွင်၊ BGF  ဗိုလ်မုတ်သုန်အဖွဲ့က ချင်းလုံ ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေပါတယ်။

တဖက်မှာလည်း ဝေါလေဗျူဟာကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ရေးဗျူဟာအရ အရေးပါတဲ့ ဝေါလေဗျူဟာ မကျရေး အသည်းအသန် ထိုးဖောက်ဖို့ ကြိုးစားနေတာလို့ ကရင်စစ်ရေး‌လေ့လာသူတွေက ပြောပါတယ်။

ကရင်စစ်ရေး‌လေ့လာသူတယောက်က “စကမဘက်ကနေပြီးတော့ အသည်းအသန် စစ်ရေးဖော်ဆောင်နေတာကို မြေပြင်မှာ ကျနော်တို့ မြင်တွေ့နေရတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ စစ်အင်အားတိုးချဲ့တာတွေကိုလည်းပဲ နေ့စဉ်မပြတ် လုပ်နေတယ်။ တဆက်တည်းမှာပဲ ဝေါလေဗျူဟာကို စကမအတွက် အရမ်းကိုအရေးပါတဲ့ ဗျူဟာဖြစ်တယ်လို့ ကျနော်တို့ မှတ်ယူလို့ရတယ်။ ဝေါလေဗျူဟာကို ပြန်ရောက်သွားပြီဆိုရင်တော့ နယ်စပ်တလျှောက်ကို ထိန်းချုပ်သွားနိုင်တယ်။ ထိန်းချုပ်သွားနိုင်တဲ့အပြင် DKBA နဲ့ KNU ရဲ့ တပ်မဟာ ၆ ဧရိယာရဲ့ အပေါ်ဘက်အပိုင်း ထိုင်းနယ်စပ်တလျှောက်ကို ပိတ်ဆို့ထားလိုက်နိုင်မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တယ်။ စစ်ရေးဗျူဟာအရကတော့ ဝေါလေဗျူဟာမကျရေး အသည်းအသန် ခုခံကာကွယ်နေသလို မရရအောင် ထိုးစစ်ဆင်နေတာကို ကျနော်တို့ မြင်တွေ့နေရတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင် စစ်ကြောင်းတွေဟာ မြေပြင်ပစ်ကူရယူပြီး ဖလူး၊ မင်းလက်ပံ ကျေးရွာကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းထိ ကျရောက်ခဲ့ပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “စစ်ရှောင်တွေကတော့ ဒီလိုပါပဲ ရှောင်နေရတယ်။ ဘာဖြစ်လို့လဲဆို သူတို့ဘက်က အဲလိုမျိုးထုနေတာ ပစ်နေတာတွေက တခါတလေကျရင် ဒီဘက်(ထိုင်း)ကမ်းထိ ရောက်တယ်လေ။ ရွာထဲထိရောက်တယ်။ ရွာထဲထိရောက်တယ်ဆိုတော့ စစ်ရှောင်တွေက သတိထားပြီး နေနေရတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအခြေအနေကို မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကို ဆက်သွယ်ခဲ့ပေမဲ့ သတင်းထုတ်လွှင့်ချိန်ထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိမှာလည်း စစ်တပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ဒေသခံ ၄,၀၀၀ ကျော်ဟာ သောင်းရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013