
အီရန်ကို စစ်ဆင်ရေးအတွက် တပ်ဖြန့်ထားတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော ဂျရဒ် အာရ် ဖို့ဒ်ဟာ မတ် ၂၃ ရက်မှာ ဂရိနိုင်ငံဆီ ရောက်လာပြီး ခရီကျွန်းက ရေတပ်စခန်းမှာ ဆိုက်ကပ်ခဲ့ပါတယ်။
သင်္ဘောသား ၅,၀၀၀ ကျော်နဲ့ စစ်လေယာဉ် ၇၅ စင်းကျော်ပါတဲ့ အမေရိကန်ရဲ့ အကြီးဆုံး စစ်သင်္ဘောဟာ ပင်လယ်နီထဲမှာ ရှိနေတုန်းက သင်္ဘောပေါ်မှာ မီးလောင်ခဲ့ပြီးတဲ့နောက် ဆူဒါပင်လယ်အော်က NATO စခန်းမှာ ယာယီဆိုက်ကပ်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က သင်္ဘောရဲ့ အဓိကအဝတ်လျှော်ခန်းမှာ မီးလောင်မှုကြောင့် သင်္ဘောသား ၂၀၀ နီးပါးဟာ မီးခိုးငွေ့နဲ့ ဆက်စပ်တဲ့ ဒဏ်ရာတွေအတွက် ကုသမှု ခံယူခဲ့ရတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
မီးလောင်မှုကို ထိန်းချုပ်ဖို့ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အိပ်ယာ ၁၀၀ လောက်ကို ထိခိုက်စေခဲ့ကာ ဝန်ထမ်းတယောက် ဒဏ်ရာရလို့ သင်္ဘောပေါ်ကနေ လေယာဉ်နဲ့ ထွက်သွားခဲ့ရပါတယ်။
မီးလောင်မှုဖြစ်ခဲ့ပေမဲ့ လေယာဉ်တင်သင်္ဘောက ပုံမှန်လုပ်ငန်းတွေ အပြည့်အဝ လည်ပတ်နေတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
စစ်သင်္ဘော အရှေ့အလယ်ပိုင်းကို မရောက်မီ ကာရစ်ဘီယံဒေသထဲက ဗင်နီဇွဲလားကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ အပါအဝင် ၉ လကြာ တပ်ချထားခဲ့တာပါ။
တပ်ဖြန့်ချထားမှုကြာချိန်က သင်္ဘောပေါ်က ရေတပ်သားတွေရဲ့ စိတ်ဓာတ်နဲ့ စစ်သင်္ဘော အသင့်ဖြစ်မှုအပေါ် မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
သင်္ဘောဟာ ဂရိကျွန်းပေါ်မှာ ဘယ်လောက်ကြာကြာနေမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
Source: Reuters










