DVB Logo
Home
မြန်မာသတင်း
ဗီယက်နမ်ဖြတ်မည့် မုန်တိုင်းကြောင့် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အချို့ မိုးပိုမည်
DVB
·
August 8, 2013
Donate to DVB

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကို စတင်ဖြတ်ကျော်နေတဲ့ အပူပိုင်းမုန်တိုင်း Mangkhut အကြွင်းအကျန် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အောက်ပိုင်းတွေမှာ မိုးပိုနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒက ပြောပါတယ်။

မိုးလယ်ကာလတွေမှာ ဘင်္ဂလားပင်လယ်အော်မှာလည်း မုတ်သုံလေအားကောင်းနေသလို ပုံမုန်အားဖြင့် မိုးများနေတဲ့ မွန်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသတွေမှာ ဗီယက်နမ်က မုန်တိုင်းအကြွင်းအကျန်တွေကြောင့် မိုးပိုလာလေ့ရှိတယ်လို့  မိုးလေ၀သနဲ့ ဇလဗေဒက ညွန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

ဗီယက်နမ်ကမ်းခြေကို ၂၀ ဒီဂရီ လတ္တီကျူ အောက်ကို မုန်တိုင်းဖြတ်သန်းတိုင်း မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတွေမှာ မိုးပိုလေ့ရှိသလို ဒီမုန်တိုင်းက ၁၈ ဒီဂရီလတ္တီကျူနဲ့ ဖြတ်သန်းမှာဖြစ်  တယ်လို့ သူက ရှင်းပြပါတယ်။

ဒီအတွက် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်း၊ ကယား၊ ကရင်ပြည်နယ်တွေ အပြင် အောက်ပိုင်း မွန်၊ တနသာင်္ရီ၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းတွေမှာ မိုးပိုလာတဲ့ အခြေအနေရှိတယ်လို့ သူက ပြောပါတယ်။

“ဒီဘက်ကလည်း မုတ်သုန်လေ အားကောင်းတယ်။ ဟိုဘက် ဗီယက်နမ်ကမ်းခြေကို မုန်တိုင်းဖြတ်တယ်။ အဲဒီအကြွင်းအကျန်တွေက အနောက်ဘက်ကိုပဲ ဆက်ရွေ့လာရင် ထိုင်းနိုင်ငံကို ဖြတ်ပြီးရင် မြန်မာနိုင်ငံ အရှေ့ပိုင်းတွေ ဖြစ်တဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ ဒါတွေကို အကြွင်းအကျန်တွေနဲ့ မိုးရွာချမယ်။ ဒီဘက်ကလည်း မုတ်သုန်လေ အားကောင်းနေတယ်ဆိုရင် သူရွာမယ့် မိုးပမာဏဟာ များသွားမယ်၊ ၅ လက်မတို့ ၆ လက်မတို့ ဖြစ်သွားတတ်တယ်။ အခုလောလောဆယ်ကတော့ ကျနော်တို့မှာ မုတ်သုန်လေးအား နည်းနည်းကျနေတယ်။ ကျနေတဲ့ အတွက်ကြောင့် ဟိုဘက်ကလာရင် သူရဲ့အရှိန်လောက်ပဲ ရှိမှာမို့လို့ ပြီးခဲ့တဲ့ တပတ်လောက် ဖြစ်ခဲ့တဲ့ဟာလောက် မိုးများမှာ မဟုတ်ဘူး ခန့်မှန်နိုင်တယ်။ အဲဒါလေးတွေ သူတို့ သတိပြုဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။”

အရင်သီတင်းပတ်တွေကလည်း တိုင်းဖွန်း Jebi ကြောင့် မိုးသည်းထန်တဲ့အတွက် ကရင်၊ မွန် ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာလည်း ရေကြီးခဲ့တဲ့တာကြောင့် ဒီလိုမိုးပိုလာတဲ့ အတွက် ရေကြီးနိုင်ချေရှိမရှိနဲ့ ပတ်သက်လို့လည်း ဦးချစ်ကျော်က အခုလို ပြောပါတယ်။

“လောလောဆယ် ခန့်မှန်းဖို့တော့ ခက်တယ်။ ဘာကြောင့်လဲဆိုတော့ မိုးရွာသွန်းမယ့် ပမာဏအပေါ် မူတည်တာကိုး။ မိုးပိုလာတယ်ဆိုတာ ဒီနေ့ အခုလက်ရှိမှာ ၁၀၊ ၁၅ မီလီမီတာလောက်ပဲ ရွာတယ် ဆိုပါတော့၊ လက်မ၀က်လောက် ရွာတာပေါ့။ ခုနတုန်းက ဗီယက်နမ်ကမ်းခြေဘက်က၀င်လာတဲ့ ကောင်က တလက်မခွဲလောက် ထပ်ပေးမယ်ဆိုရင် ၃ လက်မလောက် ရွာတာပေါ့။ အဲဒီသုံးလက်မလောက်ရွာမယ်ဆိုရင်တော့ ရေဟာထပ်မကြီးလာဘူး။ အဲဒီ သုံးလက်မထက်ပိုရင်တော့ ရေကထပ်ကြီးလာမယ်။ အဲဒီတော့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်လာတဲ့ အတိုင်းအဆပေါ်မှာမူတည်ပါတယ်။ အတိုင်းဆကြီးရင်တော့ မိုးပိုပေးတာပေါ့။ အတိုင်းအဆ သေးသေးလေးဆိုရင်တော့ ၁ လက်မ၊ ၂ လက်မလောက် မိုးရွာပြီးတော့ ပြီးသွားတယ်ဆိုရင်တော့ ၃ လက်မအထက် ရွာမယ်ဆိုရင်တော့ အခုရှိနေတဲ့ရေက ထပ်မကျဘဲနဲ့ နည်းနည်းလေး ပြန်တက်လာနိုင်တာပေါ့။”

ဒါ့အပြင် မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာတော့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် ဒေသအချို့တို့မှာ ရေဖုံးလွှမ်းခံရနိုင်မှုအန္တရာယ် မြင့်မားနေဆဲ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီအပူပိုင်းမုန်တိုင်းဟာ ဗီယက်နမ်မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်လာပြီးတော့ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်ကို ညသန်းကောင်ယံ အချိန်မှာ ဖြစ်သန်းမယ်လို့လည်း သူက ခန့်မှန်းရေးသားထားပါတယ်။မိုးတိမ်တိုက်ကြီးဟာ ပြီးခဲ့တဲ့ရက်များက ဖြစ်ပေါ်ခဲ့တဲ့ တိုင်းဖွန်း Jebi အတိုင်း ရှမ်းပြည်နယ်မှတဆင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေကို ဆက်လက်ရွေ့လျားလိမ့်မယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013