DVB Logo
Home
မြန်မာသတင်း

ဘန်ကောက်တွင် ရဲအယောင်ဆောင်ပြီး မြန်မာသားအမိကို  ပြန်ပေးဆွဲသူ ၃ ဦး  ဖမ်းဆီးရမိ 

DVB
·
November 25, 2026
Photo : CH3 News 
Photo : CH3 News 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဟွေ့ခဝမ်နယ်မြေ RCA စင်တာမှာ ပန်းရောင်းနေတဲ့ မြန်မာအမျိုးသမီးနဲ့ ၅ နှစ်ရွယ် သမီးလေးကို ရဲအယောင်ဆောင်ပြီး ဖမ်းဆီးသွားသူ ၃ ယောက်ကို ဖမ်းဆီးရမိပြီလို့  နိုဝင်ဘာ ၂၃ ရက်နေ့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ပြန်ပေးဆွဲမှုမှာ ဦးဆောင်သူ နိုင်းဖူမိဖတ် ခေါ် ဘတ်ပန့် ( ၃၅ နှစ် )၊ နိုင်းထနားရတ် ခေါ် ဘိက် ( ၃၇ နှစ် )နဲ့ နိုင်းအနုချာ ( ၄၁ နှစ် ) တို့ကို ဖမ်းဆီးရမိပြီး နောက်ထပ် ပါဝင်ပတ်သက်သူ ၄ ယောက်ကို ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ ဘန်ကောင်မဂ္ဂဆန်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်း ထောက်တွေကို ပြောပါတယ်။

အဲဒီထဲက နိုင်းဖူမိဖတ်ဆိုသူမှာ ဇာတ်လမ်းတွဲ ဒါရိုက်တာ တယောက်လည်းဖြစ်တယ်၊ နိုင်းထနားရတ်မှာ ပြန်ပေးအဖွဲ့ဝင်ဖြစ်ပြီး နိုင်းအနုချာမှာ ယာဉ်မောင်းဖြစ်တယ်၊ သူတို့အဖွဲ့ထဲက နိုင်းချူးကစ်ကတော့  ပြန်ပေးဆွဲငွေတွေ သွားတောင်းရင်း ခိုက်ရန်ဖြစ်ပွါးတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ညက အသက် ၂၇ နှစ်ရွယ် မြန်မာအမျိုးသမီး နဲ့  ၅ နှစ်ရွယ် သမီးလေးတို့ဟာ ဘန်ကောက် ဟွေ့ခဝမ်နယ်မြေ RCA  ဖျော်ဖြေရေးစင်တာအနီးတဝိုက် ပန်းကုံး တွေ လှည့်လည်ရောင်းချစဉ် သူတို့ကိုယ်သူတို့ ရဲတွေလို့ပြောတဲ့ လူ ၇ ယောက်လောက်က မှန်လုံ ကားအနက်နဲ့ ရောက်လာပြီး သူတို့သားအမိမှာ ဥပဒေချိုးဖောက်တယ်ဆိုပြီး ကားပေါ်ဆွဲခေါ် သွားခဲ့တယ်။ 

ကားပေါ်ရောက်တော့ မင်းတို့ ဘယ်လောက်တတ်နိုင်သလဲ၊ ပြန်လွှတ်ပေးစေချင်ရင်  ဘတ်ငွေ ၅ သိန်း ပေးရမယ်လို့ ပြောတယ်၊ အမျိုးသမီးက စုဆောင်းထားတဲ့ငွေ ၃၅,၀၀၀ နဲ့ ရွှေ ၂ ဘတ်သားပဲ ရှိတယ်လို့ ပြောရာမှာ အဲဒီလူတွေက အိမ်ကမိသားစုကို ဖုံးဆက်ဖို့၊ ငွေတွေလာပေးဖို့ ပြောတယ်။ အဲဒီနောက် အမျိုးသမီးရဲ့ ခင်ပွန်းဆိုသူက အဲဒီငွေတွေကို ဓာတ်ဆီဆိုင်တဆိုင်မှာ လာပေးမှ သူတို့ သားအမိ ပြန်လွတ်လာခဲ့ပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၁၆ ရက်ညမှာ အဲဒီလူတွေဟာ အမျိုးသမီးနေအိမ်ထိ ရောက်လာပြီး တောင်းတဲ့ငွေ ဘတ် ၅ သိန်း မပြည့်သေးလို့ ကျန်တဲ့ငွေတွေ ထပ်လာတောင်းတယ်၊ သူ့ရဲ့ အမျိုးသားနဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက မကျေနပ်လို့ စကားများပြီး ခိုက်ရန်ဖြစ်ပွါးတာမှာ ရဲအယောင်ဆောင်အဖွဲ့ထဲက နိုင်းချူးကစ်ဆိုသူမှာ အပြင်းထန်ဒဏ်ရာရာပြီး မကြာခင်သေဆုံးသွားပါတယ်။

အဲဒီညက ရန်ဖြစ်နေစဉ် ရဲစခန်းကို တိုင်ထားတယ်၊ တာဝန်ရှိသူတွေ ရောက်လာမယ်ဆိုတာကြောင့် ငွေလာတောင်းသူတွေ ပြန်ထွက်ပြေးသွားကြပါတယ်။

တဘက်ကလည်း ပြန်ပေးဆွဲခံရသူ မြန်မာအမျိုးသမီးရဲ့ ခင်ပွန်းနိုင်းအာရီဟာ အဆိုပါ ပြန်ပေးအဖွဲ့တွေနဲ့ ငွေရေးကြေး ရေးပြဿနာရှိခဲ့တယ်၊ သူက တပါးသူအတွက် အမည်ခံ ဘဏ်စာရင်းဖွင့်ပေးခဲ့တယ်၊ တနေ့မှာ သူ့အကောင့်ထဲကို ဘတ်ငွေ ဘတ် ၅ သိန်း ဝင်လာတယ်၊ ကျားဖြန်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ ငွေတွေဖြစ်တယ်၊ အာရီက အဲဒီငွေတွေ ပြန်မပေးတာကြောင့် ပြဿနာဖြစ်ရတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

ဒါကြောင့် ရဲတပ်ဖွဲ့က  အဲဒီကိစ္စ အမှန်တကယ် ဟုတ်မဟုတ် ဆက်လက် စုံစမ်းနေတယ်လို့ The  Nation သတင်းမှာ ဖော်ပြပါတယ်။ 

Source: ThaiPBS / CH3 News 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013