DVB Logo
Home
ကျန်းမာရေး
COVID-19 ကာလ လူစုသောအခါ
DVB
·
November 14, 2020
COVID-19 ကာလ လူစုသောအခါ
Donate to DVB

၂၀၂၀၊ ဇန်နဝါရီ၊ တရုတ်နိုင်ငံ၊ ဝူဟန်

COVID-19 ရောဂါ စတင်ပြန့်ပွားနေပြီဖြစ်ပေမယ့် ဝူဟန်အာဏာပိုင်တွေက နှစ်သစ်ကူးပွဲတော်ကို မသိကျိုးကျွံပြုကာ ကျင်းပခဲ့ကြပါတယ်။ ပွဲတော်အပြီးရက်အနည်းငယ်အကြာမှာတော့ ဒေသခံလူထောင်ပေါင်းများစွာဟာ ရောဂါပိုးကူးစက်မှုကြောင့် ဆေးရုံမျာ တန်းစီသွားခဲ့ပြီး သေဆုံးမှုနှုန်းဟာလည်း တရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။

ဒါဟာ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးရဲ့ ပထမဆုံးလှိုင်းလို့တောင်ဆိုလို့တဲ့ အခြေအနေပါ။ အဲ့ဒီနောက်မှာတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်ဒေသကို တရုတ်အာဏာပိုင်တွေက Lock Down ချလိုက်ရပါတော့တယ်။ ဒါပေမယ့် ရောဂါဆိုးကြီးကတော့ ဒီဒေသကို လာရောက်လည်ပတ်ခဲ့တဲ့ ခရီးသည်တွေနဲ့အတူ ကမ္ဘာပတ်သွားပါတော့တယ်။

၂၀၂၀၊ ဖေဖော်ဝါရီ၊ အီတလီနိုင်ငံ၊ အတ္တလန်တာ

COVID-19 ဟာ ကမ္ဘာပတ်နေပါပြီ။ ဒါပေမယ့် ဥရောပမှာတော့ ဒီရောဂါပိုးကို စိုးရိမ်ထိတ်လန့်မှု သိပ်ပြီးမရှိကြသေးပါဘူး။ ကိုဗစ်အန္တရာယ် သတိပေးချက်တွေရှိနေပေမယ့် ဥရောပရဲ့ နာမည်ကျော် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပနေခဲ့ပါတယ်။

အီတလီကလပ် အတ္တလန်တာအသင်းနဲ့ စပိန်ကလပ် ဗလင်စီယာအသင်းတို့ရဲ့ ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို အတ္တလန်တာအသင်းအခြေစိုက်ရာ Stadio di Bergamo မှာကျင်းပခဲ့ပါတယ်။ ပရိတ်သတ် ၄၀၀၀၀ လောက်လာကြည့်တဲ့ အဆိုပါပွဲစဉ်ဟာ အီတလီနိုင်ငံကို COVID-19 ကြောင့်နာလံမထူနိုင်ဖြစ်သွားစေတဲ့ အဓိက ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

ဒီဘောလုံးပွဲအပြီးမှာ လူသောင်းနဲ့ချီ ရောဂါကူးစက်ခံခဲ့ရပြီး ဘာဂါမိုမြို့ရဲ့ လမ်းမတွေတစ်လျှောက်မှာလည်း အလောင်းတွေ ပုံသွားခဲ့ပါတယ်။ ဘီစီ ၄၉ ကတည်းက တည်ထောင်ခဲ့တဲ့ ရှေးဟောင်းမြို့လေးဟာ ၅ ရာစု ဟန်စ်ကျူးကျော်မှုနဲ့ ဒုတိယကမ္ဘာစစ်ပြီးရင်း ဒီမြို့ရဲ့သမိုင်းတစ်လျှောက် တတိယမြောက်အဆိုးရွားဆုံး လူအစုလိုက်အပြုံလိုက်သေဆုံးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။

၂၀၂၀၊ မေ၊ အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး COVID-19 လူနာကို စတင်တွေ့ရှိတာက ဇန်နဝါရီလ ၇ ရက်နေ့တုန်းကပါ။ ပထမဆုံး လူနာသေဆုံးတာက ဖေဖော်ဝါရီ လကုန်မှဖြစ်ပါတယ်။ မတ် ၁၇ မှာ ပြည်နယ်အားလုံး လူနာရှိနေပြီဖြစ်ပြီးတော့ ဧပြီ ၅ မှာ ပြည်နယ်တိုင်းမှာ လူသေဆုံးမှုရှိလာခဲ့ပါပြီ။ ဒါပေမယ့် မေလမှာတော့ US မှာ ကိုဗစ်အခြေအနက အကျဘက်ကိုပြန်ဦးတည်နေခဲ့တာပါ။ လူနာတိုးနှုန်းတန့်နေရာကနေ ပြန်ကျတဲ့အထိဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် မေလ ၃၁ ရက်နေ့မှာကျရောက်ခဲ့တဲ့ Memorial Day Weekend ကတော့ အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။ တစ်တိုင်းပြည်လုံးက လူတွေဟာ လမ်းမတွေပေါ်ထွက်လာခဲ့ပြီး ကမ်းရိုးတမ်းဒေသမှာနေထိုင်သူတွေဟာ ကမ်းခြေတစ်လျှောက်မှာ ပြည့်နှက်သွားခဲ့ပါတယ်။ ကမ်းခြေတွေမှာ လူစုလူဝေးတွေနဲ့ အပန်းဖြေတတ်တဲ့ ဓလေ့ကို စွန့်လွှတ်ဖို့ ငြင်းပယ်ခဲ့ကြတဲ့ အမေရိကန်တွေဟာ အဲ့ဒီအချက်ကြောင့်ပဲ ရောဂါပိုးပိုမိုပြန့်နှံစေဖို့ တွန်းအားပေးလိုက်သလိုဖြစ်သွားခဲ့ရတာပါ။

ဆန္ဒပြပွဲတွေ၊ လူစုလူဝေးအခမ်းအနားတွေ၊ မဲဆွယ်စည်းရုံးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေ၊ ပါတီတွေကို ဆက်လက်ပြုလုပ်ခဲ့ကြတာကြောင့်လည်း အမေရိကန်မှာ ရောဂါပိုးပြန့်နှံ့မှုကို ထိန်းချုပ်ဖို့ ခက်ခဲနေခဲ့ပါတယ်။

ဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲရလဒ်ကတော့ အမေရိကမှာ COVID ကူးစက်မှုနှုန်း အရှိန်အဟုန်နဲ့ မြင့်တက်သွားခဲ့ပြီး ပထမလှိုင်းရဲ့ အဆိုးဆုံးဆိုတဲ့ကာလတွေမှာ လူနာ ၃၅၀၀၀ ထက်မပိုခဲ့ပေမယ့် Memorial Day နောက်ပိုင်းမှာတော့ လူနာနေ့စဉ်တွေ့ရှိနှုန်းဟာ သိန်းချီသွားပါတော့တယ်။ ခုချိန်အထိ ဒီအခြေအနေကို ထိမ်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်လည်း အမေရိကမှာ ပိုးကူးစက်ခံခဲ့ရသူလူနာ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၂ သိန်းခွဲအထိ ရှိလာခဲ့တာဖြစ်ပါတယ်။

ယနေ့

ခုချိန်မှာတော့ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူပေါင်းက ကမ္ဘာတစ်ဝှမ်းမှာ ၅၂ သန်းကျော်အထိ ရှိခဲ့ပါပြီ။ သေဆုံးသူ အရေအတွက်ကလည်း ၁.၃ သန်းနီးပါးပါ။ ရောဂါဆိုးကြီးရဲ့ အရှိန်ကိုမြှင့်တင်ပေးခဲ့တာက ကမ္ဘာတစ်ဝှမ်းက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ လူစုလူဝေးတွေနဲ့ စည်းကမ်းမလိုက်နာမှုတွေပါပဲ။

လက်ဆေးဖို့၊ Mask တပ်ဖို့၊ Social Distancing ပြုလုပ်ပြီး လူအချင်းချင်း ခပ်ခွာခွာနေဖို့နဲ့ နေအိမ်ပြင်ပကို တတ်နိုင်သမျှ မထွက်ဖို့ သတိပေးမှုတွေ တစ်ကမ္ဘာလုံးမှာ ပြုလုပ်နေပေမယ့် မလိုက်နာမှုတွေ၊ လူစုဝေးမှုတွေကတော့ ရှိနေဆဲပါ။

ဒါကြောင့်လည်း ရောဂါကူးစက်မှုနှုန်းဟာ အရှိန်အဟုန်မြင့်မားနေဆဲဖြစ်ပြီး နေ့စဉ်နဲ့အမျှ လူဦးရေ သောင်းဂဏန်းတို့ရဲ့ အသက်တွေကိုလည်း ရောဂါဆိုးကြီးက နှုတ်ယူနိုင်နေတာဖြစ်ပါတယ်။

ဒီရောဂါကြီးရဲ့ သဘောသဘာဝကိုက ကိုယ်ဖြစ်ကိုယ်ခံသဘောမျိုးမဟုတ်ပဲ၊ ကိုယ်ဖြစ်ရင် ကိုယ်တိုင်သာမက ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်မိသားစုကိုပါ ထိခိုက်စေတာမို့ နစ်နာမှုတွေက ပိုပိုတိုးပွားလာနေရတယ်လို့ ဆိုရပါလိမ့်မယ်။

ကပ်ဘေးမှာ ရတက်မအေးစရာတွေ မဖြစ်ဖို့ဆိုရင်

ခုဆိုရင် COVID-19 ကပ်ဘေးကြီး ကမ္ဘာတစ်လွှားမှာ မင်းမူကြီးစိုးနေတာက တစ်နှစ်နီးပါး အချိန်ကာလကို ရောက်ရှိနေပါပြီ။ ကျန်းမာရေးမှာတင် ထိခိုက်နစ်နာတာမဟုတ်ပါဘူး။ လူမှုရေး စီးပွားရေးအဘက်ဘက်မှာ ထိခိုက်နစ်နာပြီး တစ်ကမ္ဘာလုံး ခြုံးခြုံးကျနေခဲ့ရတာပါ။

လူတချို့ရဲ့ စည်းကမ်းမလိုက်နာမှုကြောင့် လူအများကြီးကို ထိခိုက်စေခဲ့တဲ့ ဥပမာလို့ ဆိုရပါလိမ့်မယ်။ ဒီကပ်ဘေးကြီး ရပ်တန့်ဖို့ လူတိုင်းအလိုရှိနေကြပါတယ်။ လူတိုင်း လူတိုင်းရဲ့ ဆန္ဒပါပဲ။

ဒီကပ်ဘေးကို ရပ်တန့်စေချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်းလိုက်နာဖို့ လူစုလူဝေးကိုရှောင်ကြဉ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ လူစုလူဝေးတွေ ပြုလုပ်လို့မရပါဘူး။ ဒီလိုလူစုလူဝေးတွေ ပြုလုပ်တာဟာ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်ကမ္ဘာကို ထိခိုက်အောင် ပြုမူခြင်းတစ်မျိုးပါပဲ။

ခုလို COVID-19 ကာလမှာတော့ လူစုလူဝေးနဲ့ ပတ်သက်ပြီး တိုင်းပြည်နိုင်ငံအလိုက် သတ်မှတ်ချက်တွေ ပြုလုပ်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ လူ ၃၀ ဦးထက်မပိုရလို့ ဆိုထားပေမယ့် အကောင်းဆုံးနည်းလမ်းက လူစုလူဝေးကို မဖြစ်အောင် ရှောင်ကျဉ်တာပါပဲ။

လူစုလူဝေးကို မရှောင်ကြဉ်ရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို အထက်မှာ ဥပမာတွေ ပေးခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ အီတလီ ဥပမာတွေဟာ လူစုလူဝေးကို မရှောင်နိုင်တဲ့ အခြေအနေတွေမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအတွက် အကောင်းဆုံးဥပမာပါပဲ။

လူစုလူဝေးတွေ၊ လူအများကြီးရှိနေတဲ့နေရာတွေကို ရှောင်ကြဉ်ခိုင်းနေရတဲ့အကြောင်းပြချက်ကတော့ ရောဂါပိုးပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ် ဟန့်တားနိုင်တာကြောင့်ပါပဲ။ သူများမှာ ရှိနေရင် ကိုယ့်ဆီမကူးနိုင်သလို၊ ကိုယ့်မှာရှိနေရင်လည်း တခြားလူတွေဆီ မကူးစက်နိုင်ပါဘူး။

အစုအဝေးတွေကို ဟန့်တားခြင်းအားဖြင့် COVID-19 ပြန့်ပွားမှုကို ကောင်းကောင်းတားဆီးနိုင်ပြီး ရောဂါထိမ်းချုပ်မှုကို သေချာအာရုံစိုက်လုပ်ခွင့်ရစေတယ်ဆိုတာကို တရုတ်နဲ့ အီတလီတို့က သက်သေပြခဲ့ပြီးပါပြီ။ ဒါကြောင့် ကိုယ်တတ်အားသရွေ့ လူစုလူဝေးကို ရှောင်ကြဉ်ပြီး တိုင်းပြည်ရဲ့ COVID-19 ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ပါဝင်ကူညီပြီး နိုင်ငံသားတစ်ယောက်ရဲ့ တကယ့်တန်ဖိုး၊ တာဝန်ကျေမှုနဲ့ အသုံးဝင်မှုကို ပြသနိုင်ပါတယ်။

ရေးသားသူ Ye Zon Aung


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013