DVB Logo
Home
မြန်မာသတင်း
အချိန်မရွေး ၀င်စစ်နိုင်သည့် အဂတိတိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်း
DVB
·
August 8, 2013
အချိန်မရွေး ၀င်စစ်နိုင်သည့် အဂတိတိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်း
Donate to DVB

အစိုးရ၀န်ထမ်းတဦးရဲ့ နေထိုင်မှုအဆင့်အတန်းကိုကြည့်ပြီး လိုအပ်တာထက်ပိုနေတာ တွေ့ရင် အချိန်မရွေးစစ်ဆေးနိုင်တဲ့ ပြဋ္ဌာန်းချက်မျိုး ဩဂုတ်လ ၇ ရက်က ထုတ်ပြန် ပြဋ္ဌန်းလိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေထဲ ပါတယ်လို့ ရန်ကုန်မြို့က အထက်တန်းရှေ့နေ ဦးကိုနီက ပြောပါတယ်။

အခန်းပေါင်း ၁၁ ခန်း ပါဝင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီဥပဒေဟာ အဆင့်မြင့်တယ်လို့ ဦးကိုနီက ပြောပါတယ်။

“ဒီဥပဒေအသစ်မှာက technical သဘောတရားတွေပါလာတယ်။ နိုင်ငံတကာက ဥပဒေတွေကို ကြည့်ထားတာ ကျနော်တို့ တွေ့ရတယ်။ တော်တော်လေး အဆင့်အတန်းမြင့်မြင့် ဆွဲထားတယ်။ လာဘ်ပေးလာဘ်ယူကို လက်ပူးလက်ကြပ်မိမှကို မဟုတ်ဘူတော့ဘူး။ ၀န်ထမ်းတယောက်ဟာ သူနေထိုင်တဲ့ အဆင့်အတန်းကို ကြည့်ပြီးတော့ လိုအပ်တာထက် ပိုနေလို့ ရှိရင် သူ့ကို အချိန်မရွေးစစ်ဆေးနိုင်တယ်၊ ဒီပစ္စည်းတွေ ပိုင်နေတာ၊ ဒီလိုကားတွေစီးနေတာ၊ ဒီလိုအိမ်နဲ့နေနေတာ ဘယ်ကရတဲ့ ပိုက်ဆံလဲဆိုတာ သူ့ကို စစ်လို့ဆေးလို့ရတယ်။ ပြနိုင်ရင်ပြ မပြနိုင်ရင် ဒါတွေအားလုံးဟာ ယူဆပြီးတော့ အရေးယူလို့နိုင်တယ်ဆိုတော့ အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ အတော်လေ ခေတ်မီပြီးတော့မှ အကောင်ထည်ဖော်မယ်ဆိုရင် ထိထိရောက်ရောက် အသုံးချလို့ရတဲ့ ဥပဒေမျိုးဖြစ်တယ်။”

ဒီ့အရင်က ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ၂ ခုရှိခဲ့ပေမယ့် အဲ့ဒီဥပဒေတွေက လာဘ်ပေးလာဘ်ယူလုပ်တာကို တိတိကျကျမိမှ အရေးယူလို့ရတယ်၊ ဒလန်သုံးပြီး ထောင်ချောက်ဆင်ဖမ်းမှ အရေးယူလို့ရတဲ့ ဥပဒေတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အရ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးတို့ ရွေးချယ်ထားတဲ့ ၁၅ ဦးပါ ကော်မရှင်တရပ်ဖွဲ့စည်းပြီး အဂတိလိုက်စားမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။

ပြစ်ဒဏ်တွေအနေနဲ့ အနိမ့်ဆုံး ထောင်ဒဏ် ၅ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်နိုင်ပြီး ဒဏ်ငွေလည်း တပေါင်းတည်း ချမှတ်နိုင်ပါတယ်။ လာဘ်စားထားတဲ့ ငွေကြေးပစ္စည်းတွေကို  နိုင်ငံပိုင်ဘဏာအဖြစ် သိမ်းဆည်းနိုင်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

မြန်မာပြည်မှာ အဂတိလိုက်စားတာဟာ ယဉ်ကျေးမှုတရပ်လို ဖြစ်နေတာမို့ ဥပဒေထွက်ပေါ်လာပေမယ့် တိုက်ဖျက်ဖို့ လွယ်ပါ့မလားဆိုတော့ ရှေနေကြီး ဦးကိုနီက လူတွေရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းရမယ်လို့ ပြောပါတယ်။

“အဂတိလိုက်စားမှု တားမြစ်ရေး ဥပဒေ ထွက်လာတာနဲ့တော့ အဂတိလိုက်စားမှု လျော့ကျသွားမယ်လို့ ကျနော် လုံးဝ မထင်ဘူး။ ဒါက ကျနော်တို့မှာ ယဉ်ကျေးမှုလို ဖြစ်နေပြီ။ လာဘ်မစားတတ်တဲ့လူက လူညံ့၊ လာဘ်စားပြီး ချမ်းသာရင် လူတော်လို့ မြင်တဲ့လူက မြင်နေပြီ။ လာဘ်စားတာ ရှက်စရာ မဟုတ်ဘူး။ ဒါတော်တော် တော်တဲ့လူတွေ လုပ်နေတယ်လို့တောင် အဲဒီလို ကျနော်တို့ ယဉ်ကျေးမှုဟာ ပြောင်းနေတယ်။ လာဘ်စားတဲ့ကောင်တွေ ချမ်းသာလာတော့ ကျန်တဲ့လူတွေက အားကျလာတဲ့ အနေအထားထိ ဖြစ်ခဲ့တာကိုး။ ဒါကို ပပျောက်ဖို့ဆိုတာ အခြေခံကျကျ ယဉ်ကျေးမှု သဘောတရားတွေ၊ ကျင့်ဝတ်ပိုင်းတွေကိုပါ ပြောင်းပေးဖို့အတွက် ကျောင်းတွေမှာ မူလတန်းကနေစပြီး ဒီလာဘ်စားတာ အင်မတန် ရှက်ဖို့ကောင်းတယ်၊ ကျနော်တို့ ဘာသာတရားက ဒါတွေကို လုံးဝ လက်မခံဘူးဆိုတာကို လူမှုအဖွဲ့အစည်းတွေကရော၊ ပညာရေး အပိုင်းတွေကရော အားလုံးဝိုင်းဝန်း တာဝန်ယူပြီး ဒါရှက်စရာကောင်းတယ်၊ ကျင့်ဝတ်သိက္ခာမှာ အလွန်ဆိုးရွာတယ် ဆိုတဲ့ဟာကို ပြန်ပြီးတော့ ဟောပြောပို့ချခြင်းအားဖြင့် လူတွေရဲ့ အတွေးအခေါ်တွေကို ပြင်ပေးဖို့ လိုတယ်။”

လွှတ်တော်သက်တမ်း ၂ နှစ်ခွဲအတွင်း ဥပဒေပေါင်း ၅၈ ခု ပြဋ္ဌာန်းခဲ့တဲ့ထဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေလည်း တခုအပါအ၀င် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013