မွန်ပြည်နယ်အစိုးရဝန်ကြီး ၁ ဦးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အမှုဖွင့်
DVB
·
November 13, 2020
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးတစ်ဦး ဖြစ်သလို လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ရွေးကောက်ပွဲဆိုင်ဥပဒေပုဒ်မ ၄ ခုနဲ့ အရေးယူပေးဖို့ ပေါင်မြို့နယ်ရှိ မုတ္တမနယ်မြေရဲစခန်းနဲ့ ပေါင်မြို့မရဲစခန်းတို့မှာ အမှုဖွင့်တိုင်ကြားခံထားရပါတယ်။
ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးကျော်လင်းဦးက နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက ဦးထွန်းမင်းအောင်ကို ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဥပဒေကိုကျော်လွန်ပြီး လုပ်ဆောင်ခဲ့တဲ့အပေါ် အရေးယူပေးဖို့ တရားလိုလုပ် တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တိုင်ကြားသူ ဦးကျော်လင်းက "အဓိကကတော့ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ မဲရုံတွေကိုသွားတဲ့အခါ ကော်မရှင်ကအသိအမှတ်ပြုထားတဲ့ လည်ဆွဲကတ်ကို ဆွဲထားတာမျိုးမရှိဘဲ ပါတီရင်ထိုး ပင်နီ တိုက်ပုံကို ဝတ်ပြီး လှည့်ပတ်သွားနေတော့ ဝန်ကြီးတစ်ယောက်ရဲ့ အဆောင်အယောင်ကို အသုံးချ သွားတာလို့မြင်တယ်။ နောက်ပြီး အသက် ၆၀ နဲ့အထက် သက်ကြီးကြိုတင်မဲကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲနေ့မှ မဲပေးကြဖို့ လက်မဲကြီးတွေ ချောင်းနေတယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်မှာ ရေးတင်တာကလည်း နိုင်ငံတော်ရဲ့စေတနာ ကော်မရှင်ကထုတ်ပြန်ချက်တွေကို ဆန့်ကျင်ရေးသား ထားတယ်လို့ဘဲ သုံးသပ်မိပါတယ်" လို့ ပြောပါတယ်။
ခုလို ရွေးကောက်ပွဲဆိုင်ဥပဒေပုဒ်မ ၄ ခုနဲ့ အမှုဖွင့်တိုင်ကြားထားတဲ့အပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာမှာ ပြန်လည် ဖြေကြား တာမရှိပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲနေ့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို သက်ဆိုင်ရာ ပါတီရင်ထိုးတံဆိပ်တွေ တပ်ဆင်ခွင့် ပြုထားပါတယ်။
အမှုဖွင့်တိုင်ကြားထားတာနဲ့ပတ်သက်ပြီး ဝန်ကြီး ဦးထွန်းမင်းအောင်ကို ပေါင်မြို့မရဲစခန်းမှ (ပ) ၄၇၀/၂၀၂၀၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၇/ ၅၈(ဃ)/ ၅၉ (စ)/၆၂ နဲ့ အမှုဖွင့်ထားသလို၊ မုတ္တမနယ်မြေရဲစခန်းမှာလည်း (ပ)၂၂၅ /၂၀၂၀၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၇/ ၅၈(ဃ)/ ၅၉ (စ)/၆၂ နဲ့ အမှုဖွင့်တိုင်တန်းထားပါတယ်။
သတင်း - ယူမင်းစိုး