DVB Logo
Home
ဆောင်းပါး
စာနယ်ဇင်း လွတ်လပ်ခွင့် သမ္မတက လုပ်ပေးသတဲ့လား
DVB
·
August 8, 2013
စာနယ်ဇင်း လွတ်လပ်ခွင့် သမ္မတက လုပ်ပေးသတဲ့လား
Donate to DVB

အခုရက်ပိုင်းအတွင်း မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ၂ ဖွဲ့ ပူးပေါင်းပြီး စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားပြီးဖြစ်တဲ့ “သတင်းမီဒီယာ” ဥပဒေကြမ်းကို လွှတ်တော်တင်ပြီး အတည်ပြုချက်ရဖို့၊ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲပြီး ပြည်သူ့လွှတ်တော်က အတည်ပြုကာ လက်ရှိ အမျိုးသားလွှတ်တော်ကို ရောက်နေပြီးဖြစ်တဲ့ “ပုံနှိပ်-ထုတ်ဝေ” ဥပဒေကြမ်းကို ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ မီဒီယာသမားတွေနဲ့ ပြည်သူလူထု ရဲ့ ဆန္ဒသဘောထားလက်မှတ်တွေ ကောက်ခံသွားပြီး သက်ဆိုင်ရာတွေဆီ ပေးပို့သွားမယ့် လှုပ်ရှားမှုတခု လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။

အခြားတဖက်မှာတော့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်က လက်ရှိ မီဒီယာလွတ်လပ်မှုဟာ တောင်းဆိုလို့ မဟုတ်ပဲ သမ္မတကြီးရဲ့ အသိအမှတ်ပြု လုပ်ပေးခြင်းသာ ဖြစ်တယ်လို့ မက်စင်ဂျာ ဂျာနယ်ကို ထုတ်ဖော်ပြောဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ၊ ဒီလွတ်လပ်ခွင့်ဟာ ဦးရဲထွဋ် ပြောသလို သမ္မတက အသိအမှတ်ပြု သနားသဖြင့် ပေးထားလို့ ရနေတာလား၊ စာနယ်ဇင်းသမားတွေ တိုက်ပွဲဝင်လို့ ရခဲ့တာလား ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့် အခြေအနေကို ကြည့်ရင် ရေဒီယိုနဲ့ ရုပ်သံ ထုတ်လွှင့်ခွင့် ပုဂ္ဂလိကပိုင်းက လုံးဝ လုပ်ခွင့် မရသေးသလို လွတ်လပ်ခွင့်လည်း လုံးဝ မရှိပါဘူး။ ဥပဒေ မပြဋ္ဌာန်းရသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရေဒီယို၊ ရုပ်သံလုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် မပေးသလို ဘယ်အချိန် ပေးနိုင်မလဲဆိုတာကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက စကားတခွန်းမှ မဟသေးပါဘူး။ ဒါပေမယ့် သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းဆိုတဲ့ ပုံနှိပ် ထုတ်ဝေရေး လုပ်ငန်းမှာတော့ အရင် စစ်အစိုးရခေတ်ကနဲ့ မတူခြားနားမှုတွေ ရှိလာပါတယ်။ အဲဒါတွေကတော့ စာပေစိစစ်ရေးစနစ် ဖျက်သိမ်းလိုက်တဲ့အတွက် ကိုယ်ရေးသား ထုတ်ဝေချင်တာတွေ ဘယ်သူကိုမှ မတင်ပြဘဲ လွတ်လွတ်လပ်လပ် ရေးသား ထုတ်ဝေလာနိုင်တာ၊ သတင်းစာတွေ ထုတ်ဝေခွင့် ပြုလာတာ၊ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ အခြား ထုတ်ဝေခွင့်လိုင်စင်တွေကိုလည်း အရင်ခေတ်တွေကလို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်မထားဘဲ ထုတ်ပေးလာတာတွေက ထူးခြားပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိလာတယ် ဆိုတာက ထူးခြားပါတယ်။

ဒီ လွတ်လပ်ခွင့်တွေ ဘယ်လိုရလာသလဲ ဆိုတာကို စူးစမ်းကြည့်ရင် သမ္မတက စေတနာနဲ့ ပေးတာလား၊ တောင်းဆို တိုက်ပွဲဝင်လို့ ရလာတာလား ဆိုတာ နားလည်နိုင်ပါတယ်။ စစ်အစိုးရ အုပ်ချုပ်မှုအောက်ကနေ သမ္မတဦးသိန်းစိန်အစိုးရ ပြောင်းလဲပြီးနောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာနဟာ စာနယ်ဇင်းထုတ်ဝေမှုမှာ နဂို စာပေစိစစ်ရေးကို တင်ပြပြီးမှ ထုတ်ဝေခွင့်ပြုတဲ့စနစ်ကနေ ကိုယ့်ဖာသာကိုယ်ထုတ်ဝေပြီးမှ စိစစ်တဲ့ “ထုတ် - တင်” စနစ် ကျင့်သုံးဖို့ အဆင့်အလိုက် အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီကြားထဲမှာပဲ စာနယ်ဇင်း လောကကို ဆက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ “ပုံနှိပ်ဥပဒေ” ကြမ်းတခု အဆင်သင့် ရေးဆွဲ ထားပါတယ်။ ဒါပေမယ့် ပြည်သူတွေကိုတော့ ချမပြပါဘူး။ အဲဒီ ဥပဒေကြမ်းမှာ စာနယ်ဇင်းကောင်စီတခု ဖွဲ့စည်းရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ နောက်တော့ ပြန်ကြားရေးဝန်ကြီးဌာနဟာ သူတို့ ရေးဆွဲထားတဲ့ “ပုံနှိပ်ဥပဒေကြမ်း” ကို ထုတ်ပြန်လာတဲ့အပြင် သူတို့ စိတ်တိုင်းကျ “ အမြုတေ စာနယ်ဇင်းကောင်စီ” ဆိုတာကိုလည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်တိုက်ပွဲဟာ အဲဒီ အချိန်မှာ စ ပြီး အရှိန် မြင့်လာပါတယ်။

အစိုးရသစ် ပြောင်းပြီးနောက် ဖွဲ့စည်းထားတဲ့ စာနယ်ဇင်းအသင်း၊ စာနယ်ဇင်းကွန်ရက်၊ စာနယ်ဇင်းသမဂ္ဂ စတဲ့အဖွဲ့အားလုံးက အစိုးရ ဖွဲ့စည်းပေးတဲ့ အမြုတေ စာနယ်ဇင်းကောင်စီကို လက်မခံကြောင်း သဘောထား ထုတ်ပြန်ကြပါတယ်။ အဲဒီအဖွဲ့ထဲ နာမည်စာရင်း သွင်းခံထားရသူတွေကိုယ်တိုင် သူတို့ မပါဝင်ဘူးဆိုပြီး သဘောထား ထုတ်ပြန်ပါတယ်။ ဒီလိုနဲ့ သမ္မတ လက်မှတ်ရေးထိုး ဖွဲ့ပေးတဲ့ အမြုတေစာနယ်ဇင်းကောင်စီဆိုတာ ပျက်သွားခဲ့ပါတယ်။ နောက်ပိုင်း စာနယ်ဇင်းအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ယာယီစာနယ်ဇင်းကောင်စီဆိုတာကို ဖွဲ့မှသာ ဒီနေ့ထက်ထိ တည်မြဲနေတာ ဖြစ်ပါတယ်။

ပုံနှိပ်ဥပဒေကြမ်းနဲ့ ပတ်သက်ရင်လည်း ဒီအတိုင်းပါပဲ။ အရင် စစ်အာဏာရှင် ဦးနေ၀င်း လက်ထက် စာနယ်ဇင်းလောကကို ဖိနှိပ်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ၁၉၆၂ ပုံနှိပ်ဥပဒေကို နည်းနည်းပါးပါး ပြုပြင်ထားတာလောက်ပဲဖြစ်တဲ့အတွက် စာနယ်ဇင်းလောကသားတွေ လက်မခံကြပါဘူး။ ဒီအတွက် အဲဒီဥပဒေကြမ်းကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ကြပါတယ်။ ဒါတင်မက လူငယ်စာနယ်ဇင်းသမားတွေ လမ်းပေါ်ထွက် လမ်းလျှောက်ပြီး သဘောထား ထုတ်ဖော်တာမျိုးအထိ လုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အဲဒီဥပဒေကြမ်းကို ရုပ်သိမ်းသွားပြီး ပုံနှိပ်ဥပဒေကြမ်းတခုကို ယာယီစာနယ်ဇင်းကောင်စီကပဲ ဦးဆောင်ရေးဆွဲဖို့ ပြန်ကြားရေး ၀န်ကြီးဌာနက သဘောတူခဲ့ရပါတယ်။ နောက်ပိုင်း စာနယ်ဇင်းသမားတွေက သတင်းစာ ထုတ်ဝေခွင့်တောင်းတာတွေ လုပ်လာတော့ မတတ်နိုင်တဲ့အဆုံး ၂၀၁၃ ဧပြီလကစပြီး သတင်းစာ ထုတ်ဝေခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ပြောရရင် ဖြစ်စဉ်အားလုံးကို ကြည့်ရင် သမ္မတက စာနယ်ဇင်းလွတ်လပ်ခွင့်ကို စေတနာနဲ့ ပေးဖို့ နေနေသာသာ အစိုးရဘက်က ပုံစံအမျိုးမျိုးနဲ့ တဆင့်ပြီး တဆင့် ဖိနှိပ်ချုပ်ချယ်ဖို့ လုပ်လာတာကို စာနယ်ဇင်းသမားတွေက တခုပြီးတခု တွန်းလှန် ဆန့်ကျင် တောင်းဆို တိုက်ပွဲဝင်ရင်း လက်ရှိ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေထိ ရောက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ရလာတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ဦးရဲထွဋ်ပြောသလို သမ္မတက သနားညှာတာပြီး ပေးလို့ရတာ မဟုတ်၊ စာနယ်ဇင်းသမားတွေ တိုက်ယူရင်း ရလာတာသာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013