
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ်အတွင်း ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်ထုတ်ပြန်ချက်အပေါ် ကန့်ကွက်သွားမယ်လို့ နိုဝင်ဘာလ မိုင်းဆတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ၁၀ ရက်နေ့ မှာ ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲနေ့ရက်က မဲရုံတွေကိုလိုက်လံ စစ်ဆေးခဲ့ရာမှာလည်း မသမာမှုတွေ တွေ့ရှိခဲ့ရတဲ့အတွက် ဒါတွေကို အခြေအမြစ်ယူပြီး ရလာတဲ့ မဲရလဒ်ကိုလည်း လက်မှတ်မထိုးဘဲ ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်က မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ရွေးကောက်ပွဲဝင်ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်ကော်မရှင်ကခေါ်ယူပြီး အတည်ပြုလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဦးက လက်မှတ်မထိုးခဲ့ဘူးလို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးဒေါ်လ်နယ်လ်သိန်းက ဆိုပါတယ်။
မိုင်းဆတ်မြို့နယ်အတွင်း အင်အားကြီး ပါတီတွေဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြိုင်ဆိုင်မှုပြင်း ထန်ခဲ့ပြီးတဲ့နောက် (ဝ)တောင်ပိုင်းဒေသမှာ ကြံ့ခိုင်ရေးပါတီ မဲထောက်ခံမှု အများအပြားရရှိခဲ့ပြီး လွှတ်တော်မဲဆန္ဒနယ်မြေ ၄ ခုမှာ NLD ပါတီကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အဲဒီဒေသမှာ ကြံ့ခိုင်ရေးပါတီက သုံးနေရာအနိုင်ရရှိခဲ့ပြီ အန်အယ်လ်ဒီပါတီက ၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။
သတင်း - အောင်ဇေယျ










