DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖြေကြားပေးနေသည့်စင်တာကို ဖုန်းခေါ်ဆိုမှုအကြိမ်ရေ သိန်းချီရှိ
DVB
·
November 11, 2020
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖြေကြားပေးနေသည့်စင်တာကို ဖုန်းခေါ်ဆိုမှုအကြိမ်ရေ သိန်းချီရှိ
Donate to DVB

ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ ဖြေကြားပေးနေတဲ့ စင်တာကို တရက်မှာ ဖုန်းခေါ်ဆိုမှုအကြိမ်ရေ သိန်းချီရှိပြီး တိုက်ရိုက်ဖြေကြားရတာ ၅၀၀ လောက်ထိရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

National Covid- 19 Call Center ကို ဦးဆောင်တာဝန်ယူနေတဲ့ ဒေါက်တာမျိုးမျိုးမွန်က ကိုဗစ်အကြောင်း အမေး အဖြေကဏ္ဍမှာ ပြောခဲ့တာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့   ဧပြီ ၉  ရက်နေ့ကစလို့ နေ့စဉ် မနက် ၈ နာရီကနေ ည ၈ နာရီအထိ ဖြေကြားပေးခဲ့ပြီး အခုတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖြေကြားပေးနေပါတယ်။ ဖုန်းနံပါတ် ၂၀၁၉ ကို အခမဲ့ ဆက်သွယ်နိုင်တာဖြစ်ပြီး အလိုအလျောက် ဖြေကြားတဲ့စနစ်ကိုတော့ ၂၄ နာရီ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

“တနေ့ တနေ့လည်း   Auto    ဖုန်းခေါ်ဆိုမှုက သိန်းဂဏန်းရှိပြီး ဆရာဝန်က တိုက်ရိုက် ဖြေကြားမှုတွေ  Call များတဲ့အချိန်ဆိုရင် ၄၀၀၊ ၅၀၀ လောက်ရှိပြီး Call ပြန်ကျတဲ့အချိန်ဆိုရင် ၂၀၀ လောက်အထိရှိပါတယ်။ ကျမတို့မှာ တခါတရံ  အခက်အခဲကြုံရတာတွေ ရှိပါတယ်။ နှောင့်ယှက်တဲ့ Call မျိုးတွေ အစပိုင်းတုန်းက ရှိတယ်။ ကလေးတွေက တခါတရံ ခေါ်တာတွေလည်း ရှိတယ်” လို့ ဒေါက်တာမျိုးမျိုးမွန်က ပြောပါတယ်။

အစပိုင်းကတော့ ရောဂါလက္ခဏာအကြောင်းနဲ့ ကာကွယ်ကုသနည်းတွေ မေးကြပြီး အခု နောက်ပိုင်း Second Wave စပြီး အများစုက သူတို့ကိုယ်တိုင်နဲ့ သူတို့မိသားစုဝင်တွေ၊ သူတို့အသိုင်းအဝိုင်းတွေမှာ အနံ့ပျောက်တာကို ဘာဆက်ရမလဲ မေးလာကြတယ်လို့လည်း ပြောပါတယ်။

“First Wave ကနေ အခုအချိန်အထိကို ကျမတို့ဆီကို တောက်လျှောက် ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေက ဆက်သွယ် မေးမြန်းတာတွေကို ဖြေခဲ့ရပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်းတွေ၊ အပြင်သိပ်မထွက် နိုင်တဲ့သူတွေ၊ အသက် ၁၀ နှစ် ပတ်ဝန်းကျင်ကလေးတွေ ကျမတို့ဆီကို   အများကြီးမေးကြတယ်။ အဲဒါတွေ ဖြေကြားပေးနိုင်တာကို  ကျမတို့ အဖွဲ့သားတွေက ကျေနပ်တယ်၊ အားရတယ်။ နောက်တခုက ကျမတို့အနေနဲ့ ဘာသာစကားမှာလည်း စက်တင်ဘာလဆန်းပိုင်း ကစပြီး ရခိုင်မှာ   ဩဂုတ်လလယ်၊ ဒုတိယ Wave စတဲ့ အချိန်၊ ရခိုင်ဘက်မှာ အဖြစ်များလာတော့ ရခိုင်ဘက်က ခေါ်ဆိုမှုတွေ များလာတယ်”

ဒါကြောင့် ရခိုင်ဘာသာစကားနဲ့ အမေးများတဲ့ မေးခွန်းတွေအတွက် အဖြေတွေကို အလိုအလျောက်ဖြေတဲ့ စနစ်မှာ ထည့်သွင်းခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်ဒေသဘက်က ခေါ်ဆိုတာ စုစုပေါင်းဟာလည်း ဒေသအလိုက်မှာ တတိယနေရာက လိုက်တယ်လို့ ဒေါက်တာ မျိုးမျိုးမွန်က ပြောပါတယ်။

ဖုန်းခေါ်ဆိုလာတာ စုစုပေါင်းရဲ့ ထက်ဝက်လောက်ဟာ ပထမလှိုင်းကနေ အခုဒုတိယလှိုင်း အထိ ကျေးလက်ဒေသက ခေါ်လာတာဖြစ်တယ်လို့လည်း ပြောပါတယ်။

အခက်အခဲအနေနဲ့ကတော့ ဖုန်းဆက်လာလို့ ကျန်းမာရေးဌာနကို သွားဖို့လိုအပ်သူတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ဆရာဝန်ကြီးတွေရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ပေမယ့် အလုပ်ရှုပ်တာ ကြောင့် ဖုန်းမကိုင်နိုင်တာမျိုးရှိပြီး ရပ်ကွက် ကျေးရွာအလိုက် အုပ်ချုပ်ရေးပိုင်းက ဖုန်းနံပါတ်တွေ ကိုထပ်ပေးပြီး ဆက်သွယ်ခိုင်းရတယ်လို့ ဆိုပါတယ်။

“အဲဒီမတိုင်ခင် စင်တာတခုခုကို မရောက်ခင်မှာတော့ အိမ်မှာ ဘယ်လိုကာကွယ်ပြီး မိသားစုဝင်နဲ့ ဘေးပတ်ဝန်းကျင်ကို ထပ်မကူးအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သေသေချာချာ ပညာပေး နှစ်သိမ့်ဆွေးနွေးပေးနိုင်ပါတယ်။ 

နောက်တခု အမေးများတဲ့ အကြောင်းအရာကတော့ Quarantine Site  တွေမှာ  လူတွေ  တဖြည်းဖြည်း များလာတယ်။ ကွာရန်တင်းစင်တာမှာနေရင်းနဲ့ သူတို့ မျှော်လင့်ချက်တွေနဲ့ တခါတလေ မကိုက်ညီတဲ့ အချက်အလက်တွေရှိရင်လည်း ကျမတို့ကို လှမ်းဖုန်းဆက်ပြီး ပြောတာမျိုး၊ တိုင်ပင်တာမျိုးတွေရှိပါတယ်”

အဲဒီအခါမျိုးမှာ တကယ်မြေပြင်မှာ အလုပ်လုပ်နေကြသူတွေ လုပ်နေတဲ့ လမ်းကြောင်းနဲ့ မလွဲအောင်၊ ဖုန်းဆက်လာသူတွေကိုလည်း စိတ်ကျေနပ်အောင် နှစ်သိမ့်ဆွေးနွေးပေးရတယ်လို့ ပြောပါတယ်။

တခြားရောဂါတွေ ကုသနိုင်မယ့်နေရာကို စုံစမ်းလာရင်လည်း ဖြေကြားပေးနေတယ်လို့ ပြောပါတယ်။

ဖုန်းနံပါတ် ၂၀၁၉ ကို  ခေါ်လိုက်ရင် ၁ ကို နှိပ်လိုက်ရင် မြန်မာလို ဖြေကြားမှာဖြစ်ပြီး ၂ ကိုနှိပ်ရင်  ရခိုင်လို ဖြေကြားမှာ ဖြစ်ပါတယ်။ ၃ ကတော့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ   စစ်ဆေးဖို့အတွက် Booking တင်တဲ့နေရာဖြစ်ပါတယ်။ 

အလိုအလျောက်ဖြေတဲ့ စနစ်မှာ ၁ ကိုနှိပ်ပြီးတဲ့နောက် ၁ ကို ထပ်နှိပ်ရင် ရောဂါ လက္ခဏာတွေ၊ ၂ ဆိုရင် ကုသတဲ့ ကာကွယ်ရေးနည်းလမ်းတွေ စသည်ဖြင့် ဖြစ်ပြီး ၆ ကတော့ ကွာရန်တင်းမှာ နေရသူတွေ မေးမြန်းတာကို ဖြေကြားပေးတာဖြစ်ပါတယ်။ ၀ ကတော့ ဆေးသုတေသနဦးစီးဌာန ရုံးချုပ်ရဲ့ Call Center Station မှာထိုင်ပြီး ဖြေပေးနေတဲ့ဆရာဝန်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013