DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံးငွေရတုပွဲတွင် တိုင်းရင်းသားအရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး
DVB
·
August 7, 2013
ရှစ်လေးလုံးငွေရတုပွဲတွင် တိုင်းရင်းသားအရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး
Donate to DVB

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံငွေရတုပွဲကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရကိုယ်စားပြုပြီး တက်ရောက်လာတယ်လို့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုကျင်းပရေး ကော်မတီတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဂျင်မီက ပြောပါတယ်။

မနှစ်ကလည်း မန္တလေးမှာ ကျင်းပတဲ့ ရှစ်လေးလုံးနှစ်ပတ်လည်ပွဲကို အစိုးရဘက်က သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတချို့ တက်ရောက်ခဲ့ပြီး ဒီနှစ်လည်း ဆက်လက် တက်ရောက်လာတာကို ထောက်ပြပြီး အစိုးရကိုယ်တိုင် ဒီမိုကရေစီအရေးတော်ပုံဆိုတာကို လက်ခံ သဘောတူလာတာဖြစ်တယ်လို့ ဦးဂျင်မီက ပြောပါတယ်။

ဒီနှစ်ငွေရတုပွဲမှာတော့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း တက်ရောက်လာပြီးတော့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဆွေးနွေးတဲ့ ဆက်ရှင် (ဆွေးနွေးပွဲ)တွေကိုပါ လိုက်ထိုင်ပြီး ဆွေးနွေးတာ တွေ့ရတယ်လို့ သူက ပြောဆိုပါတယ်။

ဦးဂျင်မီက “ဟုတ်ပါတယ် အစိုးရကိုယ်စားပြပြီးလာတာပါ။ ဆွေးနွေးပွဲတခုမှာဆိုရင် ၀င်ပြီးတော့ စကားပြောတာကိုတောင် ကျနော် တွေ့ရတယ်။ တွေ့ရတဲ့အတွက် ဘာပဲဖြစ်ဖြစ် ဒီ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံငွေရတုဟာ အစိုးရကနေပြီးတော့ အသိအမှတ်ပြုလိုက်တဲ့။ အစိုးရကနေ ပြီးတော့ ဒီမိုကရေစီအရေးတော်ပုံတရပ်ဖြစ်ကြောင်း လက်ခံသဘောတူတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဒီအပြင် ဒီကနေ ထွက်လာမယ့် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုပါ ပူးပေါင်းဆောင်ရွက်လိုကြောင်းကို ပြသတယ်လို့ ကျနော်က သုံးသပ်တယ်” လို့ ပြောပါတယ်။

ရှစ်လေးလုံးငွေရတုပွဲကို မနေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေအပါအ၀င် လူပေါင်းထောင်ချီ တက်ရောက်ကြပါတယ်။

မနေ့က ငွေရတုကျင်းပရေးကော်မတီထုတ်ပြန်ချက်မှာ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံဖြင့်သာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရဲ့ အဓိကအုတ်မြစ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နေ့ခင်းပိုင်းမှာတော့ အစုအဖွဲ့ ၄ ဖွဲ့ခွဲပြီး ဆွေးနွေးကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဒိမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားရေးရာစတာတွေကို ဆက်ရှင်တွေ ခွဲပြီး  ဆွေးနွေးကြတာ ဒီနေ့လည်း ဆက်လက်ဆွေးနွေးကြပါတယ်။

ဒီဆွေးနွေးပွဲတွေအပေါ် ဦးဂျင်မီက အားရကျေနပ်မှုရှိတယ်လို့ ပြောပါတယ်။

“စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ ဆွေးနွေးကြမယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြမယ်။ တိုင်းရင်းသားနဲ့ ပတ်သက်ပြီး ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ဖက်ဒရယ်မူပေါ့။ ဆွေးနွေးကြမယ်ဆိုတာ နဂိုကတည်းက ရှိထားတာပါ။ အဲဒီပေါ်မှာ အလုပ်လုပ်ကြတာပါ။ တက်ရောက်လာကြတာကလည်း ကဏ္ဍ မျိုးစုံက တက်တာဆိုတော့ တော်တော်လေးစည်ကားပါတယ်။ ဆွေးနွေးချက်တွေကလည်း ထောင့်ပေါင်းစုံ ကနေ ဆွေးနွေးကြတာပေါ့။ အဓိကကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆက်ရှင်နဲ့ တိုင်းရင်းသားဆက်ရှင်ပေါ့။ တိုင်းရင်းသားဆက်ရှင်ရဲ့အခန်းကဏ္ဍက တော်တော်လေးကို လူလည်းများတယ်။ ဆွေးနွေးသူတွေကလည်း အချက်အလက် အပြည့်အစုံနဲ့ တင်ပြကြတယ်။ နောက် ကျနော်တို့ မမြင်နိုင်တဲ့အချက်တွေလည်း အများကြီးရတာပေါ့ဗျာ။ ထောင့်ပေါင်းစုံက တက်လာပြီးတော့ တိုင်းရင်းသားတွေကလည်း အစုံကိုးဗျ။ ၀အဖွဲ့တွေပါ ပါတာကိုး”လို့ ပြောပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးမှာလည်း ရှုထောင့်ပေါင်းစုံက ဆွေးနွေးကြပြီး ဆက်ရှင် တိုင်းမှာတော့  အားရကျေနပ်စရာ ကောင်းပါတယ်။ မကြာခင်မှာ ဆွေးနွေးချက်တွေကို အားလုံးပေါင်းချုပ်တော့မယ်။”

ဒီနေ့ပွဲကို သွားသတင်းယူတဲ့ ဒီဗွီဘီသတင်းထောက် ကိုသူရိန်က ငွေရတုပွဲမှာ ရှစ်လေးလုံးအရေးတော်ပုံတုန်းက ကိစ္စတွေ လက်စားမချေကြဖို့ကိစ္စကို ဆွေးနွေးတယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီအင်အားစုတွေအနေနဲ့ လက်စားချေဖို့ မစဉ်းစားပဲနဲ့ သင်ပုန်းချေဖို့ လိုတဲ့အကြောင်း၊ နောက်ပြီး အခုလိုမျိုးပွဲတွေ ကျင်းပလာတယ်ဆိုတာကလည်း သူတို့ဘက်က လိုက်လျောမှုလေးတွေလည်း ရှိတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်က တဖက်က လိုက်လျောမှုတွေ လုပ်ချင်နေတဲ့ သူတွေအတွက် စိုးရိမ်စရာတွေ ဖြစ်မလာအောင်လည်း  အဲဒါကို ကိုကိုကြီးက ထည့်ဆွေးနွေးတာ တွေ့ပါတယ်။”

ဒါ့အပြင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက အများသူငါသိပြီးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအပြင်၊ လူထုနဲ့ ကင်းကွာပြီး နိုင်ငံရေးအယူဝါဒ တခု ကို ရိုက်သွင်းခံထားရတဲ့ တပ်မတော်သားတွေဟာလည်း နိုင်ငံရေးအကျဉ်းသား ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး အားလုံးလွတ်မြောက်ရေး လုပ်ဆောင်ရမယ်လို့ ထည့်သွင်း ဆွေးနွေးသွားတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့က ဓမ္မသာရခမ်းမမှာလည်း ရှစ်လေးလုံးငွေရတု ဒုတိယမြောက်နေ့ကို ဆက်လက်ဆောင်ရွက်ရာမှာ ရှစ်လေးလုံးတုန်းက ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်းတွေကို ခင်းကျင်းပြသတဲ့ ပြခန်းကို ဖွင့်လှစ်ထားပါတယ်။

ဒီည ၇ နာရီမှာတော့ အနုပညာတင်ဆက်မှု အစီအစဉ်ပါရှိပါတယ်။ငွေရတုကျင်းပရေးကော်မတီဝင် ဦးဇာနည်အောင်က “အရင်တုန်းက သရုပ်ဆောင် ဦးမြတ်လေးရဲ့ ပန်းတိုင်းပွင့်ပါစေကို သရုပ်ဖော်အနေနဲ့ တင်ဆက်ပါမယ်။ နောက် ကျောင်းသားသမဂ္ဂ သီချင်းနဲ့ ပြန်လည်ပြီး ဖော်ထုတ်ပါမယ်။ တေးသီချင်းကဏ္ဍတွေလည်း ပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013