DVB Logo
Home
နိုင်ငံတကာ
မူးယစ်ဂိုဏ်းများနှင့် ပတ်သက်နေ ဆိုသည့် အမေရိကန် စွပ်စွဲချက် မက္ကဆီကိုသမ္မတ ငြင်းဆို
DVB
·
July 16, 2026
Photo: REUTERS/Raquel Cunha/File Photo
Photo: REUTERS/Raquel Cunha/File Photo
Donate to DVB

မက္ကဆီကိုအစိုးရနဲ့ မူးယစ်ဂိုဏ်းတွေကြားမှာ အန္တရာယ်ကြီးမားလှတဲ့ ဆိုးဆိုးရွားရွား ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အမေရိကန် မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန (DEA) အကြီးအကဲ တယ်ရီကိုးလ်ရဲ့ ပြောကြားချက်ကို မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ် က ဇူလိုင် ၁၅ ရက်မှာ အခြေအမြစ် မရှိဘူးလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ပယ်ချလိုက်ပါတယ်။

DEA အုပ်ချုပ်ရေးမှူး တယ်ရီကိုးလ်က မက္ကဆီကိုအစိုးရနဲ့ မူးယစ်ဂိုဏ်းကွန်ရက်တွေဟာ “တသားတည်း” ဖြစ်နေပြီး ဒါဟာ သူတို့ဌာနရဲ့ “နံပါတ်တစ် ဦးစားပေး” နှိမ်နင်းရမဲ့အရာ ဖြစ်တယ်လို့ ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့တာပါ။

ဒီပြောဆိုချက်ဟာ အခြေအမြစ်မရှိတဲ့အပြင် ခိုင်လုံတဲ့ အချက်အလက်ထက် နိုင်ငံရေးအရ တိုက်ခိုက်တာနဲ့ ပိုတူနေလို့ တကယ့်ကို စိတ်မကောင်းစရာပဲလို့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ရှိန်းဘောင်းမ်က တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် DEA အနေနဲ့ တခြားနိုင်ငံကို စွပ်စွဲမဲ့အစား ကမ္ဘာ့အကြီးဆုံး တရားမဝင် မူးယစ်ဆေးဝါး ဈေးကွက်ဖြစ်တဲ့ အမေရိကန်နိုင်ငံတွင်းက မက်သာဖက်တမင်း (စိတ်ကြွဆေး) အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ အရောင်းအဝယ်၊ ဖြန့်ဖြူးမှုနဲ့ ငွေကြေးခဝါချမှုတွေကိုပဲ ပိုပြီး အားစိုက်စုံစမ်းသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။

DEA အကြီးအကဲအနေနဲ့ အမေရိကန်နိုင်ငံတွင်းမှာပဲ အလုပ်လုပ်ဖို့ တိုက်တွန်းချင်ပြီး မက္ကဆီကိုနိုင်ငံကို လေးစားမှုရှိရှိနဲ့ပဲ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်လို့လည်း ရှိန်းဘောင်းမ်က ပြောပါတယ်။

ဒီအချေအတင်ဖြစ်မှုဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက မက္ကဆီကို ဆီနာလိုအာပြည်နယ် အုပ်ချုပ်ရေးမှူး ရူဘင်ရိုချာကို အမေရိကန်က တရားစွဲဆိုခဲ့ရာကနေ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုးရွားလာချိန်မှာ ပေါ်ပေါက်လာတာပါ။

အဲဒီတုန်းကလည်း ရှိန်းဘောင်းမ် အစိုးရဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ဖို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ ပြောဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013