DVB Logo
Home
မေးမြန်းခန်း
ရင်ဘတ်ထဲမှာ ခွပ်ဒေါင်းအလံရော၊ ကဒေါင်းအလံရော ထည့်ထားရလိမ့်မယ် – မင်းကိုနိုင်
DVB
·
August 6, 2013
ရင်ဘတ်ထဲမှာ ခွပ်ဒေါင်းအလံရော၊ ကဒေါင်းအလံရော ထည့်ထားရလိမ့်မယ် – မင်းကိုနိုင်
Donate to DVB

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံလှုပ်ရှားမှုဟာ အခုဆို ၂၅ နှစ်ပြည့် ငွေရတုတိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရှစ်လေးလုံး ငွေရတုအခမ်းအနားကို ဒီနေ့ကစပြီး နိုင်ငံအနှံ့ ကျင်းပနေကြပါတယ်။ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာမှာလည်း ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေနဲ့ ဒီမိုကရေစီမိတ်ဆွေ အင်အားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ကို မေးမြန်းထားပါတယ်။

ရှစ်လေးလုံး နှစ်ပတ်လည် ၂၅ နှစ်ရှိခဲ့ပြီ။ ဘာတွေလုပ်ခဲ့ပြီလဲ၊ ဘာတွေလုပ်ဖို့ ကျန်သေးလဲ၊ ဘာတွေ အောင်မြင်ခဲ့ပြီလဲ။ နောက် ကိုမင်းကိုနိုင်ပြောသွားတဲ့ နိုင်ငံတကာကို ရောက်နေတဲ့လူတွေ၊ တောထဲကလူ၊ ပြည်တွင်းကလူတွေ ဒီလူတွေစုပြီး ဘာတွေလုပ်နိုင်မယ်လို့ မျှော်လင့်လဲ။

[caption id="attachment_42313" align="alignleft" width="300" caption="ဦးမင်းကိုနိုင်"][/caption]

“ဒီနေ့ ကျနော်တို့ ရည်ရွယ်ချက်ကတော့ အနည်းဆုံး ပြောရမယ်ဆိုရင် နှစ်ပိုင်းရှိတယ်။ အတိတ်အကြောင်းရယ်၊ အနာဂတ်အကြောင်းရယ်။ ကျနော်တို့ ပစ္စုပ္ပန်မှာ ရပ်နေတော့ ခုနလည်း ကျနော်ရှင်းပြတယ်။ သမိုင်းအမှန်ကို လူငယ်တွေသိပြီးတော့ ဘာဆက်လုပ်ရမလဲဆိုတာ သူတို့ဘာသာ သူတို့ စဉ်းစားပါစေပေါ့ဗျာ။ ကျနော်တို့က သတင်းအချက်အလက်အမှန်ပဲ ပေးတာပေါ့။ အဲဒါက တပိုင်းပေါ့။ ကျနော်လိုချင်တာက ငါပြောတာပဲယုံ၊ ဒါအမှန်တွေပဲ ဖြစ်တယ်၊ အလွတ်ကျက်ပြီးတော့ ပြန်ရွတ်ရတဲ့ လူငယ်တွေကို မလိုချင်ဘူး။ ကျနော် ဒေတာ အချက်အလက်အမှန်တွေကို ပေးမယ်။ အဲဒါကြောင့် ပြခန်းတွေ ဟိုမှာရှိပါတယ်။ အဲဒီပြခန်းတွေထဲမှာ ရှိတဲ့ မှတ်တမ်းမှတ်ရာတွေကို နောက်မျိုးဆက်တွေ သိပါစေပေါ့ဗျာ။ ကျနော်တို့ မှီလိုက်တဲ့ လူတွေအတွက်လည်း အသစ်တွေ ပြန်ဖြစ်တာပေါ့။

“ဒီနေ့ဟာ တကယ်တော့ သေသူကို ရှင်သူက တရတဲ့ ပွဲမျိုးပါ။ တကယ်လည်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ ပြန်တမ်းတရတာပေါ့။ ဒီဟာက အနာဂတ်အတွက် မျှော်ကြည့်မယ်ဆိုရင် ကျနော်တို့ ၈ လေးလုံးကတည်းက ကျနော်တို့နဲ့ ခေတ်ပြိုင် အတူဖြတ်သန်းခဲ့ရတဲ့ အင်အားတွေက နိုင်ငံတကာကို ရောက်သွားတယ်၊ ပြည်တွင်းမှာဆိုရင်လည်း အလွှာအသီးသီးကို ရောက်သွားကြတယ်။ ၀န်ထမ်းတွေရှိတယ်၊ အနုပညာသမားတွေရှိတယ်၊ သုတေသီတွေ ရှိတယ်၊ ပညာတတ်တွေရှိတယ်၊ နောက်ဆုံး လမ်းဘေးမှာ ဈေးရောင်းတဲ့လူကအစ အားလုံး ပြန်လာကြပါ။ ဘာလုပ်ချင်တာလဲဆိုတော့ တချိန်တုန်းက အတူတူဖြတ်သန်းခဲ့ရတဲ့လူတွေ အဲဒီ ၂၅ အတွင်းမှာ ရခဲ့တဲ့ အတွေ့အကြုံနဲ့ ကိုယ်တွေးမိတဲ့ အတွေးတွေ တိုင်းပြည်အတွက် ဘာပေးချင်တာလဲဆိုတာ စုပြီးတော့ ဒီမှာလာပြီးတော့ ထည့်ကြမှာပဲ။ အဲဒီတော့ တူတာတွေကို ကျနော်တို့ စုကြည့်မယ်။ ကျနော်တို့ မြင်ထားတာကတော့ ပြည်တွင်းငြိမ်းချမ်းရေး မရှိမဖြစ်လိုအပ်ပြီး နောက်တခါ အမျိုးသား ပြန်လည်သင့်မြတ်ရေး အဲဒီပုံစံဟာ ကျနော်တို့ လတ်တလော ရွေးချယ်ရမယ်ပေါ့။ ဒီကနေ ဒီမိုကရေစီကို ရောက်အောင်သွားမယ်ဆိုတဲ့အတွက်ကြောင့် ကျနော်တို့ စဉ်းစားမိတာလည်း ကျနော်တို့ပြောမယ်၊ သူတို့စဉ်းစားမိတာ အားလုံးပြော။ အဲဒီအင်အားတွေ ပြန်ပေါင်းရင် သေချာတာကတော့ ကျနော်တို့ပြည်ထောင်စုကြီးက ကြီးမားတဲ့ အင်အားတွေရမယ်။

“ဘာလို့လဲဆိုတော့ တောထဲက ကျနော်တို့နဲ့ ခေတ်ပြိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေအထိ ပါတယ်။ တော်လှန်ရေးအသီးသီးမှာ ဆက်ပြီးတော့ ရှိနေတဲ့ ကျနော်တို့ မျိုးဆက်တွေပါတယ်။ ကျနော်တို့နဲ့ သူတို့ ပြန်ပေါင်းပြီး လက်ဆွဲနှုတ်ဆက်ကတည်းက ကျနော်တို့ သွေးတွေဟာ ပြန်ကူးသွားပြီ။ အဲဒီတော့ ဒီဟာ တဖန်ပြန်ပြီးတော့ နိုးထလာတာပဲ။ ရှစ်လေးလုံး ၀ိညာဉ်ကို ပြန်ပြီးနိုးထလာတယ်။ အဲဒါဟာ တိုင်းပြည်ကို ပြန်ပြီးတည်ဆောက်ချင်တဲ့ အပိုင်းကို သွားချင်တယ်။ ဒါပေမယ့် တည်ဆောက်ချင်တိုင်းလည်း တည်ဆောက်ဖို့ဆိုတာက ကျနော်တို့ ရုန်းကန်လှုပ်ရှားရမယ့် အပိုင်းတွေ ဖြတ်သင့်ရင်လည်း ဖြတ်ရလိမ့်မယ်။ ကျနော်တို့ ရုန်းကန်လှုပ်ရှားနေတာတွေ့ရင်လည်း ရှစ်လေးလုံးစိတ်ဓာတ်နဲ့ပဲ သွားမယ်။ တည်ဆောက်ရမယ့် နေရာရောက်အောင်သွားတဲ့နေရာမှာ ရှစ်လေးလုံးဟာ ညီညွတ်ဖို့ပဲလိုပါတယ်။ ပြီးတော့ ကျနော်တို့ ဒီကြားထဲမှာရခဲ့တဲ့ ရင့်ကျက်မှုတွေပေါ့ အဲဒါနဲ့ ပေါင်းသွားကြဖို့ပေါ့။”

အခု ရှစ်လေးလုံး ၂၅ နှစ်မြောက်မှာ အဓိက အရေးအကြီးဆုံး ဘာများလုပ်ဖို့ ကျန်နေသေးလဲ။

“အဓိကတော့ အဲဒီသယ်ဆောင်လာခဲ့တဲ့ ကျနော်တို့ရဲ့ရလဒ်။ ဒီကနေ့ ဒီအချိန်ဆိုရင် ဘာပဲပြောပြော အရင်တုန်းကလို ကျနော်တို့ နေရာတခုတည်မှာ ကွက်ကွက်ကလေး လုပ်ရတာမျိုး မဟုတ်ဘူးပေါ့။ စည်စည်ကားကားနဲ့ တကယ့်ကို ကျယ်ပြန့်အောင် လုပ်နိုင်ပြီး အဲဒီရလဒ်ကို ဆက်ပြီးသယ်ရမယ်။  သယ်တဲ့အခါ အပေါင်းလက္ခဏာတွေ ရအောင် ကျနော်တို့ ကြိုးစားရမယ်။ တိုင်းပြည်က ပြန်လဲတည်ဆောက်ရမယ်၊ ငြိမ်းချမ်းရေးလည်း ရအောင်ယူရမယ်၊ ဘာလဲဆိုတော့ ပြည်သူတွေ မငြိမ်းချမ်းသေးဘူး၊ ပြည်သူတွေ မချမ်းသာသေးဘူး၊ အဲဒါ အမှန်ပဲဗျာ။ အဲဒါ ကျနော်တို့ ၀ိုင်းလုပ်မှရမယ်၊ တယောက်တည်းလည်း မရဘူး။ ပြန်ချုပ်လိုက်ရင် တယောက်မဟုတ်ဘူး၊ တစုတဖွဲ့ ဦးဆောင်တာ မဟုတ်ဘူး၊ ပြည်သူတရပ်လုံး ပါလို့ရတယ်၊ နောက်ထပ်အသစ် အကောင်းကို သွားချင်ရင်လည်း ပြည်သူတရပ်လုံးပါမှ ရမယ်၊ တိုင်းရင်းသားတွေ ပါမှရမယ်၊ အဲဒီအသိ ရတယ်ဆိုရင်ပဲ ကျနော်ကျေနပ်ပါပြီ။”

လူငယ်မျိုးဆက်သစ်တွေကို ရှစ်လေးလုံး သင်ခန်းစာနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက် ဘာတွေလုပ်မယ်လို့ ပြောလိုပါသလဲ။

“သူတို့အတွက် ကျနော်တို့ ပေးနိုင်တာက ရှစ်လေးလုံး စိတ်ဓာတ်ဟာ မတရားရင် မခံဘူးဆိုတဲ့ စိတ်။ ဖိနှိပ်ချုပ်ချယ်တာတွေ၊ အခွင့်ထူးခံတာတွေကို တွန်လှန်းတာပဲ။ အဲဒါသူတို့ သိသွားရင်တော်ပြီ။ ကျန်တဲ့ အပိုင်းကတော့ သူတို့ရွေးချယ်ပါစေ။ တခုတော့ရှိတာပေါ့။ သူတို့ခေတ်မှာ တည်ဆောက်ရတဲ့ကာလကို တကယ့် ရောက်ပြီဆိုရင် သူတို့ဟာ တည်ဆောက်ရေးသမားကောင်းတွေ ကြိုပြီးတော့ အဆင်သင့်ဖြစ်ဖို့တော့ လိုတာပေါ့။ ဒါကြောင့် ကျနော်အမြဲတမ်းမှာပါတယ်၊ ရင်ဘတ်ထဲမှာ ခွပ်ဒေါင်းအလံရော၊ ကဒေါင်းအလံရော ထည့်ထားရလိမ့်မယ်။ တိုင်းပြည်တည်ဆောက်တဲ့အချိန်ဆိုတော့ ကဒေါင်းနဲ့ပေါ့ဗျာ။ ဒါပေမယ့် ရုန်းကန်ရတဲ့ တိုက်ပွဲတွေ မပြီးဆုံးသေးဘူးဆိုရင် ကျနော်တို့ ခွပ်ဒေါင်းအလံနဲ့ ခွပ်ဒေါင်းစိတ်ဓာတ်ကတော့ အဆင်သင့်ရှိနေရမှာပေါ့။ လူငယ်တွေ ဒီနှစ်မျိုးစလုံး ရှိနေဖို့ လိုပါတယ်။"

ရှစ်လေးလုံး နောက်ဆုံးနေ့ တကယ့် အခမ်းအနားမှာ ဘယ်လိုအစီအစဉ်တွေ ရှိလဲ၊ ဘယ်သူတွေတက်ရောက်ဖို့ရှိလဲ။

“လက်ရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ပြီးတော့ မိန့်ခွန်းပေးပါလိမ့်မယ်။ ပြီးရင် ကျနော်တို့ သ၀ဏ်လွှာတွေ ဖတ်တာမျိုးရှိမယ်။ ဆွေးနွေးပွဲ ရလဒ်တွေကို ပြောပြတာ ရှိမယ်။ ရှစ်လေးလုံး အမှတ်တရ ကျနော်လည်း မိန့်ခွန်းပြောမယ်။ ဒီနေ့ကတော့ ဖွင့်ပွဲ အခမ်းအနားလောက်ပါပဲ။ ပြီးရင် ရှစ်လေးလုံးကို သရုပ်ဖော်ထားတဲ့ အော်ပရာ ဇာတ်တခု ဖန်တီးထားပါတယ်။ အဲဒါ စုပေါင်းအားနဲ့ပါ။ ဇာတ်ညွှန်းရေးတာကအစ ကျနော်တာဝန်ယူပြီး အစစအရာရာ တာဝန်ယူထားတယ်။ ဒါပေမယ့် နောက်မျိုးဆက်တွေရော၊ အနုပညာသမားတွေရော ၀ိုင်းကူထားကြပါတယ်။ ဒီဟာကို သရုပ်ဖော်သင့်တယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆိုတော့ အနုပညာဟာ သယ်ဆောင်လို့ အင်မတန်ကောင်တဲ့ ယာဉ်လို့ ကျနော်မြင်တယ်။ ကျနော်တို့ ပြောချင်တာကို အတုံးလိုက်ပြောလို့ လူတွေ ရင်ထဲ ရောက်ချင်မှ ရောက်မယ်။ အနုပညာနဲ့ ပို့လိုက်တော့ လျောလျောရှူရှူ ရောက်တတ်တယ်၊ မှတ်မိတယ်လို့ ကျနော်ထင်တယ်။ အဲဒါကြောင့် နံပါတ် ၁ ဂုဏ်ပြုတယ်။ နံပါတ် ၂ က တကယ်ပေးဆပ်ခဲ့တဲ့ သူတွေရဲ့ တန်ဖိုးကို သိဖို့၊ အနာဂတ်ကို တန်ဖိုးထားအောင်လို့ ကျနော် ကြိုးစားတာပါ။ အဲဒီအော်ပရာ နာမည်ကိုလည်း ကျနော်ပေးထားပါတယ်။ “လေဆန်လမ်းရဲ့ စည်းဝါးခတ်သံ” လို့ ပေးထားပါတယ်။ အဲဒီနေ့ကျရင် ဆက်ပြီးတော့ အားပေးကြပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013