DVB Logo
Home
မြန်မာသတင်း
အံ့မခန်းတာဝန်ကျေသည့် ပြည်သူများကို ကျေးဇူးတင်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဂုဏ်ပြုစကားပြော
DVB
·
November 10, 2020
အံ့မခန်းတာဝန်ကျေသည့် ပြည်သူများကို ကျေးဇူးတင်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဂုဏ်ပြုစကားပြော
Donate to DVB

ရွေးကောက်ပွဲ အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင်လုပ်ပေးကြတဲ့ ပြည်သူလူထုအားလုံးကို အင်မတန်မှ ကျေးဇူးတင်တဲ့အကြောင်းနဲ့ အခုရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင်ဖြစ်တာလည်း ပြည်သူကြောင့်ဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။ 

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၁ ရက်ညက နိုင်ငံပိုင်ရုပ်သံကနေ ပြည်သူလူထုကို  အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။ 

“ကိုဗစ် - ၁၉ ရောဂါကြားထဲကနေ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင်လုပ်ပေးကြတဲ့ ပြည်သူလူထုအားလုံးကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ အထူးပဲ ဂုဏ်ပြုပါတယ်လို့ ပြောရင်းနဲ့စချင်ပါတယ်။ အခု ရွေးကောက်ပွဲမှာဆိုရင် ပြည်သူတွေ လုံလုံခြုံခြုံနဲ့၊ ကျန်းမာရေးဘက်က လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့အတွက် ကျွန်မတို့အင်မတန်မှ ကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့ရကျိုးလည်း နပ်တယ်လို့လည်း ကျွန်မတို့က မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကလည်း တက်တက်ကြွကြွနဲ့ ပါဝင်တယ်၊ မဲပေးကြတယ်။ အစီအစဉ်တွေကလည်း အင်မတန်မှ စနစ်ကျ တယ်၊ အင်မတန်မှ ကျေနပ်ဖွယ်ရာကောင်းတယ်ဆိုတဲ့ အသံတွေလည်းကြားရလို့ ကျွန်မတို့အနေနဲ့ အင်မတန်မှလည်း အားရပါတယ်။ ဒီလို ဖြစ်မြောက်ရေးအတွက်ကို ကျေးဇူးတင်ရမှာကတော့ ပထမဦးဆုံးကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပေါ့။ နောက်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ ဌာနအသီးသီးပေါ့။ ဒါပေမဲ့ ပထမဦးဆုံးကတော့ ပြည်သူပေါ့။ အားလုံးအထက်ကတော့ ပြည်သူပဲ။ ပြည်သူသာလျှင် အဓိက၊ ပြည်သူမပါဘဲနဲ့ ဘာမှအောင်မြင်နိုင်မှာ မဟုတ် ပါဘူး။ ဒါကြောင့် အခုရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင်ဖြစ်တာလည်း ပြည်သူ ကြောင့်ပါပဲ။”

စိန်ခေါ်မှုကြီး နှစ်ခုဖြစ်တဲ့  အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပရေးနဲ့ ကိုဗစ် -၁၉ ရောဂါကို အောင်မြင်စွာ ကျော်လွှားရေးနှစ်ခုမှာ  တစ်ခုကိုတော့ ကျော်လွှားခဲ့ပြီဖြစ်ပြီး နောက်တစ်ခုကိုတော့ အောင်မြင်စွာကျော်လွှားအောင်လို့ ဝိုင်းဝန်း ဆောင်ရွက်ကြရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

“ကိုဗစ် - ၁၉ ကြောင့် ရွေးကောက်ပွဲကာလမှာ ကန့်သတ်ချက်တွေထားရပါတယ်။ အဲ့ဒါကိုလည်း တချို့ပြည်သူတွေက မဝံ့မရဲဖြစ်ခဲ့တယ်ဆိုရင် ကျွန်မအနေနဲ့ တောင်းပန်ပါတယ်။ ရွေးကောက်ပွဲမှာဆိုတော့အားလုံးက တက်တက်ကြွကြွနဲ့ ကိုယ်ရဲ့ဆန္ဒကို ထုတ်ဖော်ပြောချင်တယ်။ ရွေးကောက်ပွဲမတိုင်မီကာလမှာလည်း ဒီလိုပဲ ထုတ်ဖော်ပြောချင်ကြတယ်။ ရွေးကောက်ပွဲပြီးတဲ့အခါကျတော့လည်း လူစုလူဝေးနဲ့ ရလဒ်တွေကို နားထောင်ချင်ကြတယ်။ နောက်ပြီးတော့ ဆွေးနွေးချင်ကြတယ်။ ဒါတွေကတော့ အင်မတန်မှ သဘာဝကျပါတယ်။ သို့သော်ငြားလည်း ကျန်းမာရေးလိုအပ်ချက်အရ ကျွန်မတို့အနေနဲ့ ဒီလို လူစုလူဝေးလုပ်ခြင်းကို ရှောင်ကြဉ်ပါဆိုပြီးတော့ မေတ္တာရပ်ခံခဲ့ရပါတယ်။ အဲဒါကိုလည်း ပြည်သူလူထုအနေနဲ့ လိုက်လျောပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ လူစုလူဝေးတွေကတော့ ဖြစ်ခဲ့တာလေးတွေလည်း ရှိပါတယ်။ ဒါကတော့ မလွှဲမရှောင်သာဘူးလို့ပဲ ကျွန်မတို့ ဒီလိုပဲ ကြည့်ရပါ တယ်။ ရွေးကောက်ပွဲကာလမှာ ဒီလောက်ဖြစ်တယ်ဆိုတာကတော့ သိပ်ပြီး တော့ အံ့အားသင့်စရာအကြောင်း မရှိပါဘူး။”

ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ၊ ကန့်သတ်ချက်တွေကြောင့် မဲမပေးနိုင်ခဲ့တဲ့ ပြည်သူတွေကိုလည်း တောင်းပန်တဲ့အကြောင်းလည်းပြောပါတယ်။

ဒါ့အပြင် ဒီရက်သတ္တပတ်ကနေ စပြီးတော့ အခြေခံပြည်သူတွေအတွက်  စတုတ္ထမြောက်ပံ့ပိုးခြင်း အစီအစဉ်ကို လုပ်ဆောင်သွားမှာဖြစ်သလို ကိုဗစ် နောက်ပိုင်းကာလမှာ စီးပွားရေးပြန်တက်လာအောင်လို့ လုပ်ရမယ့်အစီအစဉ်တွေကိုလည်း ပြည်သူတွေရဲ့ ပါဝင်ပူးပေါင်းမှုနဲ့ အောင်မြင်အောင်လုပ်ဖို့ ရည်ရွယ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်ယှဉ်ပြိုင်ပြီး ထပ်မံ အနိုင်ရခဲ့ပါတယ်။

ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013