DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲထက် အမတ်နေရာ ပိုရနိုင်ဟု ရှမ်းကျားခေါင်းပါတီပြော
DVB
·
November 9, 2020
၂၀၁၅ ရွေးကောက်ပွဲထက် အမတ်နေရာ ပိုရနိုင်ဟု ရှမ်းကျားခေါင်းပါတီပြော
Donate to DVB

ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ၂၀၁၅ ရွေးကောက်ပွဲထက်ပိုပြီး အမတ်နေရာပိုရမယ်လို့ ခန့်မှန်းကြောင်း ပါတီတာဝန်ရှိသူက ပြောပါတယ်။ 

နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီထိ ပြည်သူ့လွှတ်တော်အနေနဲ့ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှာ အနိုင်ရထားပြီး မြို့နယ်အစုံက စာရင်းတွေအကုန်မရောက်သေးပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ထက်ပိုပြီး နိုင်နိုင်တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ပါတီရဲ့ အနိုင်ရမှုအခြေအနေကတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြား ဖြတ်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့အတိုင်းပါပဲ။ အခုလောလောဆယ် ပြည်သူ့လွှတ်တော်အဆင့်အနေနဲ့ မြို့နယ်ပေါင်း ၁၂ ခုမှာ အနိုင်ရထားပါတယ်။ အဲဒီ ၁၂ မြို့နယ်မှာ တန့်ယန်းရယ်၊ နမ္မတူ နဲ့ မူဆယ်မှာတော့ ပြည်နယ်လွှတ်တော်မှာ ၁ နေရာစီရထားပါတယ်ခင်ဗျ။ ပြီးတော့ လွိုင်လင် နဲ့ မောက်မယ်မှာ ၁ နေရာစီ၊ ကချင်ပြည်နယ်မှာတော့  မံစီမြို့နယ်မှာလည်း အနိုင်ရထားပါတယ်။  ရှမ်းပြည်နယ် သံလွင်အရှေ့ခြမ်းဒေသတော့ စာရင်းမရောက်သေးပါဘူး။ ၂၀၁၅ တုန်းက အနိုင်ရတာထက် ၂ နေရာ ၃ နေရာ ပိုရမယ်လို့လည်း မျှော်မှန်းထားပါတယ်ခင်ဗျ။”

SNLD က ပြည်သူ့လွှတ်တော်အနိုင်ရထားတဲ့ မြို့နယ်တွေမှာ ကွန်ဟိန်း၊ ကျေးသီး၊ လဲချား၊ လင်းခေး၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ မူဆယ်၊ မိုးနဲ စတဲ့ ၁၂ မြို့နယ် ဖြစ်ပါတယ်။ 

သူတို့ပါတီဟာ ကယားပြည်နယ် မယ်စဲ့နဲ့ လွိုင်ကော်မြို့နယ်မှာရော မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာမှာပါ ဝင်ပြိုင်ခဲ့ပေမယ့် အန်အယ်လ်ဒီကိုတော့ မနိုင်လောက်ဘူးလို့ ပြောသွားပါတယ်။ 

၂၀၁၅ တုန်းက အမတ် ၃ နေရာအနိုင်ရခဲ့တဲ့ မိုင်းကိုင်မြို့နယ်ကတော့ နယ်မြေလုံခြုံမှုကြောင့် မဲရုံတွေ ပြန်လည်ရုပ်သိမ်းခြင်းခံခဲ့ရပါတယ်။ 

မည်သို့ဆိုစေကာမူ ပါတီအနိုင်ရရေးအတွက် ငွေအား၊ လူအား၊  နည်းပညာပိုင်းဆိုင်ရာ တွေမှာ ထောက်ပံ့ကူညီအားပေးခဲ့သူတွေ၊ အနုပညာရှင်တွေ၊ အဝေးကနေ စိတ်ဓာတ်ခွန်အားပေးခဲ့သူတွေအားလုံးကို မှတ်တမ်းတင်ကာ အထူးကျေးဇူးတင်ရှိပါကြောင်း၊ အနိုင်မရတဲ့ မြို့နယ်တွေ ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဒီရွေးကောက်ပွဲမှာ အခြေအနေအရပ်ရပ်ကြောင့် အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှုနဲ့ လွဲချော်ခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားသွားမယ်ဆိုရင် ရှေ့ဆက်အောင်မြင်ဖို့ အလားအလာများရှိနေသေးကြောင်း  ဦးစိုင်းလိတ်က ပြောသွားပါတယ်။ 

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက အမတ် နေရာ ၄၀ အနိုင်ရပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ၆ နေရာထပ်ပြီး အနိုင်ရခဲ့ပါတယ်။ 

ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မြို့နယ်ပေါင်း  ၄၅  မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၁၂၈  ဦး နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

Photo : Sai Yan Phay

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013