DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံးငွေရတု မြန်မာနိုင်ငံအနှံ့ ကျင်းပ
DVB
·
August 6, 2013
ရှစ်လေးလုံးငွေရတု မြန်မာနိုင်ငံအနှံ့ ကျင်းပ
Donate to DVB

ရန်ကုန်မြို့က ရှစ်လေးလုံးငွေရတုပွဲကို ဒီကနေ့စတင်ဖွင့်လှစ်ရာမှာ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေအပါအ၀င် လူပေါင်း ၃၀၀၀ လောက် တက်ရောက်တယ်လို့ ဒီနေ့ မနက် ၉ နာရီလောက် မေးမြန်းချက်အရ သိရပါတယ်။



[caption id="attachment_42279" align="alignright" width="300" caption="မန္တလေးမြို့တွင် ကျင်းပသည့် ရှစ်လေးလုံးငွေရတု"][/caption]

အခမ်းအနားကို ရောက်နေတဲ့ ကိုညီငယ်က “ကျနော်မြင်တာကတော့ တိုင်းရင်းသား ပါတီတွေလည်း ဖိတ်ထားတဲ့ပါတီ အကုန်လာတယ်လို့ ပြောလို့ရတယ်။ သံတမန်တွေ လာတက်ကြပါတယ်။ အကုန် ပေါင်းလုပ်ကြတယ်၊ ကိုမင်းကိုနိုင်တို့လည်း ရောက်လာတယ်။ နောက်ပြီးတော့ ဦးခွန်ထွန်းဦးတို့လာတယ်၊ ဦးသုဝေလာတယ်၊ ရှမ်းပြည်တပ်မတော်က  ခေါင်းဆောင်တွေလာတယ်၊ နောက်ပြီး ပအိုးဝ်လွတ်မြောက်ရေး အဖွဲ့ကလည်း လာတယ်၊ လောလောဆယ် အဲဒီအဖွဲ့တွေကို မြင်ရတယ်၊ အစိုးရအဖွဲ့တွေကိုလည်း ဖိတ်ထားတယ်၊ ဒါပေမယ့် ကျနော်တို့ မျက်စိ အရှေ့မှာတော့ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။

မျက်မှောက်ကာလ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြောင်းလဲမှုအရပ်ရပ်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလက တိုင်းရင်းသားပေါင်းစုံ၊ လူတန်းစားအလွှာပေါင်းစုံနဲ့ မျိုးဆက်အသီးသီးပါဝင်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အကျိုးဆက်ရလဒ်တွေ ဖြစ်တယ်လို့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုကျင်းပရေး ကော်မတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံဖြင့်သာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရဲ့အဓိကအုတ်မြစ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးမြို့က ဓမ္မသာရခန်းမမှာ ဒီကနေ့စတင်တဲ့ ရှစ်လေးလုံးငွေရတုပွဲ အခြေအနေကိုတော့ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုအေးကျော်ထွေးက အခုလို ပြောပါတယ်။

“၈ နာရီ ၈ မိနစ် ၈ စက္ကန့်မှာ စဖွင့်သွားတာပေါ့၊ သုံးရက်တိုင်တိုင် ကျင်းပသွားမှာပါ။ ဒုတိယရက်မှာ ရှစ်လေးလုံးနဲ့ ပတ်သက်တဲ့ အနုပညာတင်ဆက်မှုတွေပါမယ်၊ ညနေ ၆ နာရီ နောက်ပိုင်းမှာ စာပေဟောပြောပွဲတွေ၊ အင်းဝဂုဏ်ရည် ဦးကိုလေးတို့ကလည်း ရှစ်လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်တဲ့ စာပေဟောပြောပွဲတွေ လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ရေးဆွဲထားတာ ရှိတယ်။ ၈ ရက် ၈ လ ၂၀၁၃ မှာကျရင်တော့ သံဃာအပါး ၁၀၀၀ ကို မနက်ပိုင်း ဆွမ်းလောင်းပြီး သံဃာ ၈၈ ပါးကိုတော့ ကျောင်းကို ပင့်ဖိတ်ပြီး ကျနော်တို့ ရှစ်လေးလုံးမှာ တိုက်ပွဲကျတဲ့ ညီအစ်ကိုတွေကို ပြန်ပြီးတော့ အမျှဝေ တရားနာပေးမယ်ပေါ့။””

မန္တလေးပွဲရဲ့ ပထမနေ့မှာ ပန်းချီ၊ ကာတွန်းပြပွဲတွေ၊ နိုင်ငံရေးဟောပြောပွဲတွေ၊ ဒုတိယနေ့မှာ ဂီတပဒေသာပွဲကိုလည်း ထည့်သွင်းထားပါတယ်။

ရေနံချောင်းမြို့မှာလည်း ရှစ်လေးလုံးငွေရတု အထိမ်းအမှတ် အခမ်းအနားကျင်းပပါတယ်။ ကဗျာရွတ်ဆိုပွဲ၊ ဟောပြောပွဲ၊ ရှစ်လေးလုံးမှတ်တမ်းတင်ပြပွဲတွေပါ စီစဉ်ထည့်သွင်းကျင်းပခဲ့ပြီး လူ ၂၀၀ လောက် တက်ရောက်ပါတယ်။

ဒီပွဲဖြစ်မြောက်ရေးတာဝန်ရှိသူ ကိုကျော်ဆန်းဦးက “ကျနော်တို့က ရှစ်လေးလုံးကို ၈ ရက်မှာ စတာ မဟုတ်ပါဘူး။ ၆ ရက် ၈ လ ၈၈ ခုနှစ်မှာ စခဲ့တဲ့မြို့ပါ။ ကျနော်တို့ အဓိက ရည်ရွယ်ချက်ကတော့ ရှစ်လေးလုံး အရေးတော်ပုံတုန်းက အသက်ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ ပွဲပါ။ ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ယောက်ရယ်၊ ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေအများကြီးပေါ့ဗျာ။ အဲဒီမှာ အခုသက်ရှိထင်ရှားရှိတဲ့ ရဲဘော် ၁၀ ယောက်ရယ်၊ အဲဒါကို ကျနော်တို့ ဂုဏ်ပြု ချီမြှင့် မှတ်တမ်းတင်တာပါ။ ကျနော်တို့ရဲ့ ငွေရတု ရဲ့ အနှစ်သာရက ဒါပါပဲ” လို့ ပြောပါတယ်။

အလားတူ ရှစ်လေးလုံးရက်မတိုင်ခင် ၆ ရက်နေ့မှာ ကျောင်းသားလူငယ်တွေ သွေးမြေကျခဲ့ရတဲ့ ပဲခူးမြို့မှာလည်း ငွေရတုပွဲကို ဟိုင်းဇုံမင်္ဂလာခန်းမမှာကျင်းပပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ တိုက်တွန်းသွားပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013