
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကို အာရက္ခပြည် သံဃာ့အကျိုးဆောင်အဖွဲ့က ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။
ဧပြီ ၁၉ ရက်က မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါး ဆေးကုသမှုခံယူနေစဉ် ပျံလွန်ခဲ့ပြီး နောက်ထပ် သံဃာ ၂ ပါး အပါအဝင် ကျေးရွာသား ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခပြည် သံဃာ့အကျိုးဆောင်အဖွဲ့ရဲ့ ဧပြီ ၂၄ ရက် ထုတ်ပြန်ချက်မှာ ပြောပါတယ်။
သာသနာရေး၊ ဘာသာရေး အထွတ်အထိပ်ထားရှိရာ ဘုန်းကြီးကျောင်းတွေကို လေကြောင်းကနေ ဗုံကြဲတိုက်ခိုက်တာဟာ လူသားချင်း စာနာထောက်ထားမှု၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး အခြေခံမူတွေကို ဂရုမစိုက်ဘဲ ချိုးဖောက်တာဖြစ်သလို သာသနာအပေါ်မှာလည်း တိုက်ရိုက် အကြမ်းဖက်မှုတွေဟာ သံဃာတော်တွေရဲ့ ဘဝလုံခြုံရေးနဲ့ သာသနာရေးကို ပြင်းထန်စွာ ထိခိုက်စေတယ်လို့ ပြောထားပါတယ်။
အဲဒါကြောင့် သာသနာတော်အပေါ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စေတဲ့ လုပ်ရပ်တွေကို အာရက္ခပြည် သံဃာထုက အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး သာသနိက အဆောက်အအုံတွေနဲ့ သံဃာတော်တွေရဲ့ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ကာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို နိုင်ငံတကာ အသိုက်အဝန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ထိခိုက်နစ်နာမှုတွေအတွက် တရားမျှတမှု ရရှိစေရေး ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
သာသနာတော်ကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေကို အာရက္ခပြည် သံဃာထုအနေနဲ့ လုံးဝလက်မခံနိုင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဘုန်းကြီးကျောင်းနဲ့ ရဟန်းသံဃာတွေကို လေကြောင်းတိုက်ခိုက်တာကို လုံးဝလက်ခံနိုင်စရာ မရှိသလို နောက်ထပ် တိုက်ခိုက်မှုတွေကို လုံးဝမပြုလုပ်ကြဖို့ကိုလည်း မြောက်ဦးမြို့နယ်ရှိ ရဟန်းတပါးက မိန့်ပါတယ်။
“ကျောက်ဆည်ပြင်ရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှုကို ကိုယ်တော်တို့အနေနဲ့ လုံးဝ လက်ခံနိုင်စရာမရှိဘူး။ စစ်တပ်က အရာရှိတွေအနေနဲ့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ သံဃာတော်တွေကို တိုက်ခိုက်တာတွေဟာ အတော်လေးကို လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်။ နောက်နောင် သာသနိက အဆောက်အအုံတွေနဲ့ အရပ်သားတွေကို လုံးဝမပြုလုပ်ဖို့ ကိုယ်တော်အနေနဲ့ မေတ္တာရပ်ခံတယ်။”
ကျောက်ဆည်ပြင်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ဘုန်းကြီးကျောင်းနဲ့ သိမ်တော် မီးလောင်ပျက်စီးသွားခဲ့ပြီး သံဃာတော်တွေနဲ့ ကျေးရွာသားတွေ သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်က ရခိုင်ပြည်နယ်က မြို့ ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်လာနေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ကိုလည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။











