DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
DVB
·
August 5, 2013
ကရင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
Donate to DVB

ကရင်ပြည်နယ်အတွင်း  မြို့နယ်အတော်များများမှာ ရေပြန်ကျသွားပေမယ့်  လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ချောင်းတွေရေလျှံပြီး ကရင်ပြင်နယ် မြို့နယ် ၅ ခုမှာ ရေလွမ်းမိုးမှု ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ် ၁ ရက်နေ့ကစပြီး ရေတဖြည်းဖြည်း ကျသွားပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲပဲလို့ ကရင်ပြည်နယ် ဘားအံမြို့ခံတွေက ပြောပါတယ်။

[caption id="attachment_42039" align="alignright" width="300" caption="လှိုင်းဘွဲ့မြို့ ရေးကြီးခဲ့စဉ် (ဓာတ်ပုံ – Nandakyawthu Soe / Facebook)"][/caption]

ဘားအံမြို့မှာ လက်ရှိ ရေကျသွားပေမယ့် အနိမ့်ပိုင်းဒေသမှာ ရေကျန်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးစခန်းက လူတချို့သာ  အိမ်ပြန်နိုင်သေးတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် မြို့ခံ  ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

“ပုံမှန် အခြေအနေတော့ မဟုတ်ဘူး၊ အိမ်အောက်မှာ ရေကြီးနေတာပေါ့။ အိမ်တွေတော့ ပေါ်လာပြီ။ ဒါပေမယ့် ဘားအံအနှိမ့်ပိုင်းမှာတော့ ရေတွေ မြုပ်တုန်းပဲ။ သုံးပုံတပုံလောက်တော့ ပြန်ပြီး အရင်တုန်းက အိမ်တလုံလုံးမြုပ်ပြီး ခေါင်မိုးပဲ ပေါ်တဲ့ အိမ်တွေကတော့ အခုအိမ်ခေါင်မိုး လွတ်သွားပြီးပေါ့။”

အလားတူ ရေကြီးမှု အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ နယ်စပ်မြို့ မြ၀တီမှာလည်း ရေကျသွားပြီး ရှင်းလင်းရေးတွေ လုပ်နေပါတယ်။ ရေကြီးမှုကြောင့် ကလေးတွေရဲ့ ကျောင်းသုံးပစ္စည်းတွေ ရေနစ်မြုပ်ပျက်စီးကုန်တဲ့အတွက် ကျောင်းသုံးပစ္စည်း အကူအညီလိုအပ်နေတယ်လို့ မြ၀တီမြို့ခံ ဦးစန်ပိုက ပြောပါတယ်။

“အခက်အခဲကတော့ ကျနော်တို့ ကျောင်းတွေ ပြန်လည်ဖွင့်နိုင်ဖို့ လုပ်နေကြတယ်။ ကလေးတွေလည်းပဲ တချို့ ရေထဲမှာ ၁၀ ပေ၊ ၁၂ လောက်မြင့်တဲ့ ရေတွေဆိုတော့ တချို့ ကျောင်းစာအုပ်တွေ သူတို့ယူသွားနိုင်တဲ့ဟာ မရှိကြဘူး။ တချို့ကလေးတွေအတွက် စာအုပ်တွေ လိုတာပေါ့ အခုလောလောဆယ်။ နောက်တခုက လမ်းတွေ ပျက်တာကိုး၊ လမ်းတွေပျက်တော့ ပုံမှန်အခြေအနေ မရောက်သေးဘူးပေါ့။”

ရေကြီးမှုကြောင့် မြ၀တီ ဘားအံလမ်းပိုင်း ပျက်စီးတဲ့အတွက် အခုချိန်ထိ ကုန်ကားတွေ သွားလာမရတာကြောင့်  ဘားအံမြို့မှာ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးတက်ကုန်တယ်လို့ မြို့ခံ ဦးကျော်မင်းစိန်က ပြောပါတယ်။

“စက်သုံးဆီကအစ တက်သွားတာ။ စက်သုံးဆီဆိုရင် ၂ သိန်းကျော်သွားတယ်။ အရင်တုန်းက ၁ သိန်း ၉ သောင်းလောက်ပဲ အဲဒီလိုမျိုးတွေ ဖြစ်တယ်။ နောက် ထိုင်း ကုန်ပစ္စည်းတွေကအစ ဆီ၊ ငါးသတ္တာဘူးတွေကအစ ပြတ်သွားတယ်။ အလှူရှင်ကလည်း အမြန်ဆုံး ၀ယ်ရလွယ်တော့ ဘယ်လောက်အထိတက်သွားလည်းဆိုတော့ အရင် ၁၀၀၀ ရောင်းတယ်ဆိုရင် ၁၃၀၀ နီးပါး။ ၂၀၀၊ ၃၀၀ လောက်တက်သွားတယ်။”

ကရင်ပြင်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီမြို့နယ်နဲ့  ကမမောင်း မြို့နယ်ခွဲတို့မှာ  အိမ်ထောင်စုပေါင်း ၆၇၃၃ စု၊  လူ ၃ သောင်းခွဲနီးပါး ရေဘေးကြုံရတဲ့အတွက် ကယ်ဆယ်ရေး စခန်း ၇၉ ခု ဖွင့်လှစ်ထားခဲ့ရတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လူသုံးဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့လည်း ဖော်ပြထားပါတယ်။  ရေလွှမ်းမိုးမှုကြောင့် သင်္ကန်း ညီနောင်-ကော့ကရိတ် ကားလမ်းမှာ တောင်ပြိုပိတ်ဆို့မှု ၂၅ နေရာ၊ တံတားပျက်စီးမှု ၁ နေရာ၊ ခေတ္တပိတ်ထားရတဲ့ စာသင်ကျောင်း ၂၄၅ ကျောင်း၊ စပါးခင်း ရေနစ်မြုပ်မှု ၃၀၉၀၇ ဧက ရှိတယ်လို့ အစိုးရတရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013