
ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိဖို့ ထောက်ခံအားပေးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တချို့သော အစိတ်အပိုင်းတွေမှာ လုံခြုံရေးဆိုင် ရာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူး ထယ်နီးဆန်ဂရတ်က နိုဝင်ဘာ ၄ ရက်နေ့က သတင်း ထုတ်ပြန်လိုက်တာပါ။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေး ကောက်ပွဲကျင်းပမှုအပေါ် ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုပါကြောင်းနဲ့ ရွေးကောက်ပွဲတွေကို လုံခြုံပြီး ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ရေးဟာလည်း အရေးပါကြောင်း ရေးသား ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဘက်ပေါင်းစုံမှာ သဘာဝအလျှောက် မဟာဗျူဟာမြောက် မိတ်ဘက်နိုင်ငံတွေအနေနဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်သွားမှာဖြစ်ပြီး လတ်တလော ကိုဗစ်-၁၉ ကပ်ဘေးကာလ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုတွေကို အားပေးထောက်ခံဖို့လည်း အသင့်ရှိနေပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။










