DVB Logo
Home
အထူးကဏ္ဍ
၂၅ နှစ်မြောက် ရှစ်လေးလုံး နှုတ်ခွန်းဆက် စကား
DVB
·
August 5, 2013
၂၅ နှစ်မြောက် ရှစ်လေးလုံး နှုတ်ခွန်းဆက် စကား
1 / 3
Donate to DVB

၂၀၁၃ ခုနှစ် ဩဂုတ် ၈ ရက်နေ့ ကျရောက်မယ် ၂၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကို ဩဂုတ် ၆၊ ၇နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ ဒီမိုကရေစီမိတ်ဆွေ အင်အားစုတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဥက္ကဋ္ဌ ရဲဘော်သံခဲတို့ ရဲ့ နှုတ်ခွန်းဆက်စကားသံတွေ ဖြစ်ပါတယ်။

ဦးမင်းကိုနိုင်

“ပြည်တွင်းနဲ့ ပြည်ပနေရာအနှံ့မှာ ရှစ်လေးလုံး ၂၅ နှစ် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပနေကြတဲ့ ကျနော်တို့ အားလုံး ရဲဘော်တွေဆီကို နှုတ်ခွန်းဆက်ပါတယ်။ ကျနော်တို့ ရှစ်လေးလုံး လွန်ခဲ့တဲ့ ၂၅ နှစ်ကာလပြီးကတည်းက နေရာအနှံ့ ပြန့်ကျဲသွားကြတယ်။ ဒီကနေ့ အဲဒီအင်အားတွေ ပြန်စုတဲ့ သဘောလည်းပါတယ်။ ဘာနဲ့ ပြန်စုရမလဲဆိုတော့ ကျနော်တို့ လူတွေ တနေရာတည်းမှာ ပြန်မဆုံနိုင်ပေမယ့် ကျနော်တို့ စိတ်ဓာတ်တွေနဲ့ ပြန်စုရမှာပါ။ ဘာစိတ်ဓာတ်လဲဆိုတော့ ရှစ်လေးလုံး စိတ်ဓာတ်ပဲပေါ့။ ကျနော်တို့ ကိုင်ဆွဲတဲ့ အလံကလည်း ဒေါင်းအလံပါပဲ။ ဒီကနေ့ ကျနော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ကြွေးကြော်သံတွေနဲ့ ချီတက်နေရတဲ့ အချိန်တောင်မှ ကျနော်တို့ရဲ့ အားလုံးရဲ့ စိတ်ဓာတ်ဟာ ရှစ်လေးလုံး စိတ်ဓာတ်ပါပဲ။ ကျနော်တို့ အလံဟာ ဒေါင်းအလံပဲ၊ ခေတ်အဆက်အဆက်မှာ၊ အစိုးရ အဆက်ဆက်က နိုင်ငံရေးဦးတည်ချက် ကြွေးကြော်သံတွေ အမျိုးမျိုးနဲ့ နိုင်ငံတော်အလံသာ သုံးကြိမ် သုံးခါ ပြောင်းသွားတယ်၊ ကျနော်တို့ရဲ့အားလုံး တိုက်ပွဲတွေ ကိုယ်စီဝင်ခဲ့ကြတယ်၊ မျိုးဆက်တွေရဲ့ ဒေါင်းအလံကတော့ မပြောင်းပါဘူး၊ ဘယ်သော်အခါမှလည်း ပြောင်းမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အလံ၊ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေဟာ ဘာစိတ်ဓာတ်လည်းဆိုတော့ အထူးသဖြင့် စွန့်လွတ်အနစ်နာခံကြတဲ့ အညတရ ရဟန်းရှင် ပြည်သူတွေ ကျနော်တို့တောင် နာမည်သိခွင့်မရမေးခွင့်မရလိုက်တဲ့ စွန့်လွတ်စွန့်စားခဲ့တဲ့ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်တွေ သူတို့ရဲ့ ဂုဏ်ကျေးဇူးအတွက် ဒီအချိန်မှာ ကျနော်တို့ ပြန်ဖော်ကြရလိမ့်မယ်။  ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တစုံတခုဟာ သူ့ရဲ့ ပေးဆပ်ခဲ့မှုကို သိမှ တန်ဖိုးကို နားလည်မယ်၊ တန်ဖိုးကို နားလည်မှလည်း တန်ဖိုးထားကြမယ်။

“အဲဒါကြောင့် ကျနော်တို့ဟာ သမိုင်းမှန် ပေါ်ပေါက်ရေးအတွက်လည်း တဖက်က ကြိုးစားတဲ့အနေနဲ့ ဒီအခမ်းအနားတွေ ကျင်းပကြတယ်လို့ ကျနော်နားလည်ပါတယ်။ မသိမမီလိုက်တဲ့ မျိုးဆက်တွေ တချိန်က အာဏာနဲ့ သုံးပြီးတော့ ပုံဖျက်ခံခဲ့ရတဲ့ သမိုင်းကြောင်း အမှန်ကို ပြန်ပြီးတော့ ဖော်ထုတ်ကြတာလည်း ပါပါတယ်၊ ကျနော်တို့ ဒီကနေ့ ဒီအချိန်အခါ ပန်းတိုင်ကို မရောက်သေးတာ သေချာပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေဟာလည်း ဘယ်အဆင့်ရောက်နေပြီ လဲလို့ မေးခွန်းထုတ်ဖို့ ရှိပါတယ်။ တဖက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးဟာ တကယ် အရေးတကြီး လိုအပ်နေတဲ့ အချိန်၊ ကျနော်တို့ဆီမှာ ဥပမာ တရားမျှတမှုဆိုတဲ့ အမှန်တရား၊ သမိုင်းမှန် ပေါ်ပေါက်ရေးဆိုတဲ့ အမှန်တရား အဲဒီအမှန်နဲ့ ကြိုးစားညှိနေတုန်းပဲ ရှိပါသေးတယ်။ ပြောချင်တာကတော့ လှုပ်ရှား ရုန်းကန်ရတဲ့ ကာလတွေဟာ မပြီးဆုံသေးပါဘူး။ အဲဒီကာလတလျှောက်လုံးမှာ ကျနော်တို့ ရှစ်လေးလုံး စိတ်ဓာတ်တွေနဲ့ပဲ ဆက်ပြီး ချီတက်ကြရအုံးမှာပါ၊ အဲဒီစိတ်ဓာတ်တွေကို စွန့်ပစ်မယ် မဟုတ်ဘူးဆိုတာ အားလုံးအပေါ်မှာ ကျနော်တို့ အပါအ၀င် ယုံကြည်ထားပါတယ်။ ကျနော်တို့ ဒီဒေါင်းအလံ ရှစ်လေးလုံး စိတ်ဓာတ်နဲ့ပဲ ဆက်ပြီးတော့ လက်တွဲသွားကြမယ်လို့ ယုံကြည်ပါကြောင်း နှုတ်ခွန်းဆက်ရင်းနဲ့ ကျနော်ရဲ့ နှုတ်ဆက်စကားကို အဆုံးသတ်ပါတယ်။

ရဲဘော်သံခဲ

“၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၂၅ နှစ် ပြည့်ခဲ့ပေမယ့် ကျနော်တို့ (မကဒတ) ကျောင်းသားတပ်မတော်အနေနဲ့ အရှိကို အရှိတိုင်းပဲ မြင်ပါတယ်။ အဲဒါကတော့ ကျနော်တို့ ဒီမိုကရေစီမရသေးပါဘူး၊ ကျနော်တို့ လိုချင်တဲ့ လူ့အခွင့်အရေးတွေ မရသေးပါဘူး။ ကျနော်တို့လိုချင်တဲ့ တိုင်းရင်းသားတွေ  တန်တူညီမျှနိုင်တဲ့ ဖက်ဒရယ်အခြေအနေဟာ မဆိုက်ရောက်သေးပါဘူး။ သို့သော်လည်းပဲ ကျနော်တို့တွေဟာ ၂၅ နှစ်တိုင်တိုင် ကြိုးပမ်းရုန်းကန်ခဲ့ကြတဲ့ ဒီသမိုင်းဟာ ပြည်သူလူထုရဲ့ သမိုင်းလို့ပဲ ကျနော်တို့ (မကဒတ) အနေနဲ့ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ ၂၅ နှစ်တာ ကာလလုံး ကျနော်တို့ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ကို မကြိုက်လျှင် မကြိုက်ကြောင်း လက်မခံလိုလျှင် လက်မခံကြောင်း၊ မိမိအခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေ ဒီနေ့ကာလမှာ ကျနော်တို့တွေ အားလုံးဟာ တဖက်ကလည်း ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်ရှိ အာဏာရအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ စကားပြောဆိုမှုတွေ ရှိပါတယ်။ တဖက်ကလည်း ပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေး၊ ပြည်သူလူထုရဲ့ ဆန္ဒမပါတဲ့ စီမံကိန်းတွေ ရပ်တန့်ရေး၊ လယ်သမားတွေ မိမိလယ်မြေ မိမိပိုင်ဆိုင်ရေး လယ်သမားအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားတွေရဲ့ ကျောင်းသားအခွင့်အရေး ဒီတိုက်ပွဲတွေနဲ့ အတူ (မကဒတ) ကျောင်းသားတပ်မတော်ဟာ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ဖို့အတွက် အဆင်သင့် ရှိတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။

“ဒီကနေ့ မြန်မာနိုင်ငံရေး ဖြစ်စဉ်ဟာ ပြုပြင်ပြောင်းလဲမှုတွေ တစုံတရာ ရှိကောင်းရှိနိုင်ပေမယ့် ပြုပြင်ပြောင်းလဲမှုတွေဟာ ကျနော်တို့ အားလုံး အကြွင်းမဲ့ ယုံကြည်လက်ခံပြီးတော့မှ လိုက်ပါဆောင်ရွက်နိုင်တဲ့ အခင်းအကျင်မဟုတ်သေးဘူးဆိုတာတော့ အသေချာပါပဲ။ ဒီကနေ့ လိုအပ်နေတဲ့အချက်ဟာ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုရင် ဒီပြုပြင်ပြောင်းလဲရေးတွေဟာ ယုံယုံကြည်ကြည် လက်တွဲပြီးတော့မှ ယုံကြည်လက်ခံနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ဖို့ အားလုံး သဘောတူညီချက်တွေ ရယူနိုင်ဖို့ဟာ ပထမအဆင့်လို့ပဲ ရိုးရိုးသားသား တွေးမိပါတယ်။“ဒီတော့ ကျနော်တို့တွေအနေနဲ့ နိုင်ငံရေးကို ဖြတ်သန်းတဲ့နေရာမှာ ရိုးရိုးနဲ့ ရှင်းရှင်းပဲ (မကဒတ) အနေနဲ့ တင်ပြလိုပါတယ်။ လိုအပ်ချက်အနေနဲ့ နံပါတ် ၁ ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံ ဥပဒေပြဿနာလို့ ကျနော်တို့ ယူဆပါတယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဟာ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ပြဋ္ဌာန်းခွင့်ကို အာမခံချက် မရှိတဲ့ ဖွဲ့စည်းပုံ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံကို ပြင်ဖို့လိုတယ်။ ဒီဖွဲ့စည်းပုံကို ကျနော်တို့အားလုံး သဘောတူညီလက်ခံတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အာမခံချက်ရှိတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခုနဲ့ အစားထိုးဖို့ လိုပါတယ်။ ဒီလိုအစားထိုးဖို့အတွက် ပထမအဆင့်ကတော့ ကျနော်တို့ တိုင်းပြည် တည်ထောင်ဖို့အတွက် ကျနော်တို့အင်အားစုတွေ အားလုံးရဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် လိုပါတယ်။ ဒီနိုင်ငံရေး ဆိုင်ရာ သဘောတူညီချက်ဟာ အခုပြောနေတဲ့ ပင်လုံကဲ့သို့သော အများသား ညီလာခံတခုဟာ ကျနော်တို့ နိုင်ငံမှာ အမြန်ဆုံး လိုအပ်နေပါတယ်။ ဒီသုံးချက်ကို ဒီကနေ့ ကျနော်တို့ (မကဒတ) အနေနဲ့ တခြားသော ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနဲ့ အတူ ကျနော်တို့နဲ့ လက်တွဲ ပြီးဆောင်ရွက် သွားနိုင်ဖို့ အတွက် ကြိုးပမ်းနေပါတယ်။

“အလားတူပါပဲ ၂၅ နှစ်မြောက်ကာလမှာ ကျနော်တို့ရဲ့ သန္နိဋ္ဌာန် ဟာ ကျနော်တို့နဲ့ အတူ ဘ၀တွေ၊ အသက်တွေ ပေးခဲ့ကြတဲ့ ရဲဘောရဲမေတွေရဲ့ ဒီမိုကရေစီတိုက်ပွဲအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ ကျနော် ဒီနေရာကနေ ကတိပြုပါတယ်။ (မကဒတ) ကျောင်းသား တပ်မတော် ရဲဘောတွေဟာ မြန်မာ ပြည်သူပြည်သားတွေ တိုင်းရင်းသား ပြည်သူပြည်သားတွေ လိုအပ်ချက်ဖြစ်တဲ့ စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျရာနေရာမှာ ထမ်းဆောင်ဖို့ အသင့်ရှိကြောင်း ရဲဘော်တို့ ကိုယ်စား ကျနော် ကတိသစ္စာ ပြုပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013