DVB Logo
Home
မြန်မာသတင်း
မီဒီယာလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုများ ရန်ကုန်တွင် ပြုလုပ်
DVB
·
August 4, 2013
မီဒီယာလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုများ ရန်ကုန်တွင် ပြုလုပ်
Donate to DVB

လွတ်လပ်တဲ့ မီဒီယာဥပဒေများ ပေါ်ထွန်းရေးအတွက် လက်မှတ်ကောက်ခံခြင်းနဲ့ စတစ်ကာလှုပ်ရှားမှုကို မြန်မာသတင်းသမားတွေ ရန်ကုန်မြို့မှာ ပြုလုပ်နေကြပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ကစလို့  ဒီလှုပ်ရှားမှုကို စတင်လုပ်ဆောင်နေကြတာဖြစ်ပြီး ဩဂုတ် ၄ ရက်နေ့မှာတော့ ရန်ကုန်မြို့က ကမာရွတ်၊ လှည်းတန်း၊ မြေနီကုန်း၊ မင်္ဂလာတောင်ညွန့်၊ ယုဇနပလာဇာ၊ တာမွေနဲ့ ကျောက်မြောင်းစတဲ့ မြို့နယ်တွေမှာ လက်မှတ်ကောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်က တွဲဘက် အတွင်းရေးမှူး ဦးသန်းဌေးက သူတို့ လုပ်နေကြပုံတွေကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ လှည်းတန်းမှာ အများပြည်သူ ထိုင်ပြီးတော့ နံနက်စာ စားသုံးနေတဲ့ စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေမှာ ရှင်းပြပြီးတော့ ကျနော်တို့ လက်မှတ်တွေကောက်တယ်၊ သူတို့တွေ လက်မှတ်ထိုးပေးတယ်။ သွားနေတဲ့ကားတွေ လှည်းတန်းမီးပွိုင့် ရပ်တဲ့အခါမှာ ကျနော်တို့ စတစ်ကာတွေ ဝေတယ်။ အများပြည်သူက ကျနော်တို့ လုပ်နေတဲ့ ဒီလှုပ်ရှားမှုမှာ ၀င်ပြီးတော့ လက်မှတ်ထိုးရုံတင်မကဘူး၊ နယ်က ကျနော်တို့ တခါမှ မတွေ့ဖူးတဲ့ သူတွေနဲ့ နောက် ခင်မင်ဖူးတဲ့သူတွေက လှမ်းပြီးတော့ လက်မှတ်ထိုးဖို့ အတွက်ဆိုပြီး ကျနော်တို့ဆီက စာရွက်စာတမ်းတွေ လှမ်းမှာတဲ့ အတွက် ကျနော်တို့က အပေါ်က ကြေညာစာနဲ့ လက်မှတ်ထိုးတဲ့ဟာတွေကို ကျနော်တို့ လှမ်းပြီးတော့ ပို့ထားပါတယ်။”

လူထုသတင်းမှန်ရရှိရေး မီဒီယာဥပဒေလွတ်လပ်ခွင့်ပေးလို့ စာတမ်းရေးထိုးထားတဲ့ စတစ်ကာပေါင်း ၂၀၀၀ လောက် ဖြန့်ဝေခဲ့ပြီးဖြစ်ပါတယ်။ လက်မှတ်ကောက်ခံ ရရှိထားတာတွေ အားလုံး မပေါင်းရသေးလို့ ဘယ်လောက်ရထားတယ်ဆိုတာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အခုလှုပ်ရှားမှုကို မြန်မာသတင်းထောက်များကွန်ရက်က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ကောက်ခံရရှိတဲ့ လက်မှတ်တွေကို လွှတ်တော်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးခဲ့တာ၊ စာနယ်ဇင်း ကောင်စီ(ယာယီ)က တင်တဲ့ သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်တင်ဖို့ ပြန်ကြားရေးက ငြင်းဆိုခဲ့တာတွေကြောင့် အခုလို လှုပ်ရှားမှုတွေကို မြန်မာသတင်းသမားတွေ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

မီဒီယာဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ စနေနေ့က နိုင်ငံရေးပါတီတွေကို ဖိတ်ကြားပြီး ရှင်းလင်းခဲ့ရာမှာလဲ ၂၃ ပါတီကို ဖိတ်ကြားခဲ့တာမှာ  ၂ ပါတီပဲ တက်ရောက်ခဲ့ပါတယ်။

စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက လွှတ်တော်တွေနဲ့ ပါတီတွေက စိတ်ဝင်စားဟန်မပြလို့ မီဒီယာသမားတွေကိုယ်တိုင် မီဒီယာလွတ်လပ်ခွင့်အတွက်  လှုပ်ရှားနေရတဲ့အပေါ် အဖွဲ့အစည်းတွေ အားမကောင်းသေးဘူးလို့ မှတ်ချက်ပေးပါတယ်။

“တကယ်တော့ တိုင်းပြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ နိုင်ငံတကာကို ဘယ်လိုပဲ ပြောပြော အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ အားမကောင်းသေးဘူးဆိုတာ အခုပြတာပဲ။ ဘာလဲဆိုတော့ ဒီလိုမျိုး ကိုယ့်ကိုယ် ပြန်ပြီး ချုပ်နှောင်ခံရမယ့် ဥပဒေနဲ့ ပတ်သက်ပြီးတော့ counter (တုံ့ပြန်မှု) လုပ်တာ တော်တော်နည်းတယ်။ လွှတ်တော် နှစ်ရပ်လုံးက counter လုပ်တာကို မပြောထားနဲ့ အပြင်မှာ ရှိတဲ့လူတွေကကို ပုံနှိပ်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ချုပ်ကိုင်လိုတဲ့ ရည်ရွယ်ချက်တွေကိုလည်း မမြင်ဘူး၊ နောက်တခုက အသင်းဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း အခုတိုင်းဆိုရင် ဒီမှာရှိတဲ့ ပရဟိတ အဖွဲ့အစည်းတော်တော်များများဟာ တရားမ၀င် အဖွဲ့အစည်း ဖြစ်သွားဖို့များတယ်။ ဒါကြောင့် ဥပဒေရဲ့ အတိမ်အနက်ကိုလည်း ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်း၊ နိုင်ငံရေးသမားတွေ လေးလေးနက်နက် မသိရှိကြဘူး။ ဒါအနာဂတ် နိုင်ငံရေးအတွက် အင်မတန်ကို စိတ်ပူစရာကောင်းတယ်။ ၂၀၁၅ အတွက် တော်တော်ကို စိတ်ပူစရာကောင်းတဲ့ အခြေအနေလို့ ကျနော်ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့နှစ်ထဲမှာ ဂျာနယ် ၂ စောင်ကို အကန့်အသတ်မရှိ ပိတ်ခဲ့လို့ ကန့်ကွက်တဲ့အနေနဲ့ မြန်မာ စာနယ်ဇင်းသမားတွေ အခုလိုမျိုး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013