ဘန်လေအသင်းဟာ ဒီမနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဝုလ်ဗ်အသင်းနည်းတူ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်အဆင့်ကို တရားဝင် တန်းဆင်းသွားပါတယ်။
ဘန်လေဟာ ဒီရာသီ ၃၄ ပွဲ ကစားအပြီးမှာ ရမှတ် ၂၀ သာ ရရှိထားတာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ တန်းဆင်းဇုန်လွတ်ရာ အဆင့်က ဝက်စ်ဟမ်းကို အမှတ်မီဖို့ မဖြစ်နိုင်တော့တာပါ။
နည်းပြ စကော့ပါကား လက်ထက်မှာ ဘန်လေဟာ ခံစစ်ပိုင်းအားနည်းခဲ့ပြီး လိဂ်မှာ ဂိုးအပေးရဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဒါပေမဲ့ အသင်းတာဝန်ရှိသူတွေကတော့ ပါကားကို ဆက်လက်ယုံကြည်ထားကြပြီး လာမဲ့ရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်တက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
နည်းပြပါကားကတော့ ကစားသမားတွေရဲ့ ကြိုးစားမှုကို အပြစ်မတင်လိုကြောင်းနဲ့ အခုကျရှုံးမှု အတွက် တာဝန်ယူကာ အသင်းကို ပြန်လည်တည်ဆောက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းကတော့ အားလင်းဟာလန်းရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ ဘန်လေကို အနိုင်ရရှိပြီးနောက် အာဆင်နယ်ကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။
မန်စီးတီးဟာ အနိုင်ရခဲ့ပေမဲ့ ဂိုးသွင်းခွင့် အမြောက်အမြား ဖြုန်းတီးခဲ့မှုအပေါ် နည်းပြ ဂွါဒီယိုလာက စိတ်ပျက်ခဲ့ပြီး ချန်ပီယံဆုအတွက် တိုက်ပွဲဟာ အဆုံးအထိ ရင်ခုန်စရာ ကောင်းနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စီးတီးဟာ အခုရာသီမှာ အမှတ် ၈၅ မှတ်အထိသာ အများဆုံး ရရှိနိုင်မှာဖြစ်လို့ ဒါဟာ ဂွါဒီယိုလာလက်ထက် အမှတ်အနည်းဆုံးနဲ့ ချန်ပီယံဖြစ်မဲ့ ရာသီလည်း ဖြစ်လာနိုင်ပါတယ်။
ဒီပွဲရှုံးနိမ့်ခဲ့တဲ့ ဘန်လေအသင်းကတော့ လက်ကျန် ၄ ပွဲအလိုမှာတင် ပရီးမီးယားလိဂ်ကနေ တရားဝင် တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။










